Thursday, April 12, 2012

လည်၊ စား၊ ချဉ်၊ သုပ်၊ ကြော်

မနေ့က အိပ်ရာထတော့ ညနေစောင်းနေပါပြီ။ အဲ့တာနဲ့ ဘယ်သွားလည်ကြမလဲ ဆိုတော့ ညီဝမ်းကွဲက စန်ထရာဝေါ သွားချင်ပါသတဲ့ အဲ့တာနဲ့ သွားကြမယ်လေ ဆိုပြီးတော့ ကားငှားတော့ စီကြီး အရင်ရောက်တာနဲ့ အရင်ဝင်ကြပါတယ်။ BIG C မှာ လျောက်ပတ် လည် ပြီးတော့ ခြေထောက်ညောင်းလာတာနဲ့ စားကြသောက်ကြ ကြမယ်ဆိုပြီး ဆိုင်ရှာတော့ မောင်က ငါးကြော်နဲ့ထမင်းစားချင်တယ်ဆိုလို့ သူ့ဘာသာ ဖွတ်ကော့မှာ ဝယ်စားတယ် ကိုယ်နဲ့ညီကတော့ အမဲသား စားချင်တာနဲ့ ရှာတော့ ဖက်ထုပ်လေးတွေ (ရှောင်လုံပေါဝ်)လို့ခေါ်တဲ့ ဟောင်ကောင် စတိုင်လ်ဖက်ထုပ် စားကြမယ် နောက် စီချွမ်း အမဲသားခေါက်ဆွဲလဲရတယ်ဆိုတာနဲ့ ထိုင်ကြပါတယ်။





ညီဝမ်းကွဲက အမဲသားစီချွမ်စတိုင်လ်ခေါက်ဆွဲစားပြီးတော့ တီက အမဲသား ငရုတ်ပွကြော် ပဲသီးဝက်သားစင်းကော
ကြော်တွေကို ထမင်းဖြူနဲ့စားပါတယ်။





ပြီးတော့ BIG C ကနေ တံတားကူးပြီးတော့ စင်ထရယ်ဝေါ ဘက်ကို လျောက်ပါတယ်။ တံတားပေါ်မှာ ဓါတ်ပုံ ရိုက် ကြပါတယ်။ ညီရယ် မောင်ရယ် ကိုယ်ရယ်။ ရှု......





ပြန်လာတော့ ချက်ကြပြုတ်ကြမယ်ဆိုပြီးတော့ လုပ်ကြပြင်ဆင်ကြပါတယ်။ မနက်ဖြန်ကနေစပြီး သင်္ကြန်ရုံးပိတ်ပြီ
ဖြစ်တဲ့အတွက် တခုပြီးတခု လုပ်စားကြမယ် လို့ ပလန်တွေချပါတယ်။ ဒါလေးက တနေ့က ညဈေး (ညဈေးဆိုတာ တကယ့်သဈေးပါ မြန်မာပြည်မှာလို ညနေဘက်ရောင်းတဲ့ ညဈေးမဟုတ်ပါဘူး၊ သီရိမင်္ဂလာဈေးလို ညဦးပိုင်း ၁၂ ကျော်မှာ ရောင်းတဲ့ဈေးပါ) သွားတုံးက ကန်စွန်းရိုးနီကောင်းကောင်းလေးတွေ တွေ့တာနဲ့ ချဉ်ဖတ်တည်မယ် စိတ်ကူးပါတယ်။ နောက်နေ့ကျမှ အဲ့နေ့ကပဲ ဝယ်လာတဲ့ အမဲသား ကြွက်သားလုံး ကိုဆီပျံချက်ပြီးစားမယ်ပေါ့။





ဆန်ဆေးရေနဲ့ ထမင်းကို အအေးခံထားတာပါ။ အချဉ်တည်ရင် အဲ့တာ အဓိက လိုပါတယ်။





ကန်စွန်းရိုးနီကို သေးသေးမျှင်မျှင်လေးတွေ ရအောင်ဓါးပါးလေးနဲ့စိတ်ရှည်လက်ရှည် စိတ်ရပါတယ်။ ညီဝမ်းကွဲလုပ်တာပါ။ ပြီးတော့ ရေသေချာဆေးပြီးတော့ စစ်ထားပါ။ နောက် ခုနက ဆန်ဆေးရေ ရယ် ထမင်းအေး ရယ်ကို စိမ်မယ့် ဘူးထဲ ထည့် ကန်စွန်းရိုးထည့် ရေနည်းနေရင် နည်းနည်းထပ်ထည့် ပြီးတော့ ဆားလေး လက်တဖြစ်လောက်ထည့် ပြီးရင် စိမ်ထားလို့ရပါပြီ။ တရက် နှစ်ရက် လောက်နေရင် စားရပါပြီ။ ဒီနည်းအတိုင်းပဲ မုန်လာဥဖြူချဉ်၊ တချို့က ကြိုက်တတ်ရင် အရောင်နီနီလေးထည့်ပါတယ်။ ကြောင်လျှာသီးပါးပါးလှီးပြီးချဉ်၊ သရက်သီးကင်းလေးတွေချဉ်၊ ပဲပင်ပေါက်ချဉ် စတာတွေလဲ တည်လို့ရပါသေးတယ်နော်။





ဒါလေးက မောင်နဲ့ စကားစပ်မိရင်း စားချင်စိတ်ပေါက်လာလို့ ထလုပ်လိုက်တဲ့ ပဲကြမ်းသုပ်လေးပါ။ ငယ်ငယ်က ရန်ကင်းမှာနေတုံးက အသုဘ အိမ်တွေ သွားရင် အဲ့တာကျွေးတာ သတိရနေမိတယ်။ သူတို့ကတော့ ပဲကြမ်းချည်းပဲ သုပ်တာပေါ့ ကိုယ်တို့ကတော့ အိမ်မှာ အသင့်ရှိနေတဲ့ လက်ဘက်က ပဲကြော်စုံ ကို သုပ်လိုက်ပါတယ်။ မောင်တို့ဘက်မှာလဲ အဲ့တာတွေ စားကြတယ် ပြောလို့။ နောက်ထပ်စားချင်နေတာက ပဲကတ္တီပါသုပ်ပါ။ ဒီမှာတော့ မတွေ့မိဘူး။ ကြက်သွန်ပါးပါးလှီး ပြီးတော့ ပဲဆီမွှေးမွှေးရယ် ဆား အချိုမှုန့် အနည်းငယ် နဲ့ဆိုရင်ကို အလုပ်ဖြစ်နေပါပြီ။ ရေနွေးကြမ်းလေးနှပ်လိုက်ရင် ပိုရှယ်တာပေါ့။ သူငယ်ချင်းတွေနဲ့အတင်းလေးတပြောပြော ပဲကြမ်းသုပ်လေး တစားစာ ဆို ဘဝကြီးက တကယ်နေပျော်မှာပါ။





ဒါလေးကတော့ မောင်စားချင်လို့ တနေ့က ညဈေးမှာ ဝယ်လာတဲ့ ပန်းငရုတ်ပါ။ ပန်းငရုတ်ပွ အနီရယ် အစိမ်းရယ် နောက် ပန်းငရုတ် ရှည်တမျိုးရယ် ကို မနေ့က ကြေးအိုးက ပိုတဲ့ အသားနယ်ပြီးသားနဲ့ ကြော်ပါတယ်။ ကြက်သွန်ဖြူ ဓါးပြားလေးကိုတော့ မွှေးအောင် ထည့်လိုက်တာပေါ့။ မောင်တယောက်ထဲ မနေ့က ညကော ဒီနေ့ မနက်ပါ စားတာပါ။ မောင်က ဒီနေ့တော့ ညီဝမ်းကွဲ နဲ့ အော်ဇီက သူငယ်ချင်းရဲ့ သူငယ်ချင်းတို့နဲ့အတူ ကျောက်ဖရား မြစ်တလျောက် ဘုရားဖူးထွက်နေကြတယ် ကိုယ်ကတော့ ရုံး ခဏ လာရတာပေါ့။ မနက်ဖြန်ကနေစပြီး နောက်တပတ် တနင်္လာနေ့အထိ ရုံးပိတ်ပါမယ်။ ပြောသာပြောတာပါ ပြီးခဲ့တဲ့ နှစ်ပတ်လုံးမှာမှ တရက်လား နှစ်ရက်လားပဲ ရုံးတကသေးတာ။ ကမ္ဘောဒီယားက ပြန်လာကတည်းက ရုံးကို ကောင်းကောင်းမတက်ရသေးဘူး။

A Chen
3:53PM
Thursday
12th Apr 2012
Office
Bangkok

8 comments:

  1. ရုံးပိတ်ရက်တွေအများကြီးနဲ့ မနာလိုလိုက်တာနော်

    ReplyDelete
  2. ဟုတ်ပါ့ အီဗီရေအရင်တပတ်လဲ တရားဝင်ပိတ်တာက ၄ ရက် ကိုယ့်ဘာသာ ပိတ်တာက ၄ ရက် ခိခိခိ

    ReplyDelete
  3. မောင်က ရန်ကုန် ပြန်သွားပြီဆို

    ReplyDelete
  4. Happy New Year ပါ မင်္ဂလာနှစ်သစ်လေးမှာ ပျော်ရွှင်ပါစေ။

    ReplyDelete
  5. ကန်စွန်းရိုးနီချဉ်ကို အခုမှပဲမြင်ဖူး ကြားဖူးတယ်

    ခင်မင်လျှက်
ုkyi sandar

    ReplyDelete
  6. အတင်းလေးတပြောပြော ပဲကြမ်းသုပ်လေး တစားစာ ဆို ဘဝကြီးက တကယ်နေပျော်မှာပါ။

    ဟုတ်တယ်နော်တီ။ ဘ၀မှာ နေပျော်စရာလေးတွေလဲ ရှိနေသေးတယ်။

    ပဲခြမ်းသုတ် ကြိုက်တယ်။
    တီ့ညီဖက်တီး မျက်နှာလေးက ချစ်စရာလေး။

    ReplyDelete
  7. လွင်ပြင် ပျော်ပါစေကွယ်

    အနောရေကန်စွန်းရိုးနီက ချဉ်ရည်ဟင်းလဲချက်စားကြတယ်လေ တီကတော့ ချဉ်ဖတ်ပိုကြိုက်တယ်

    အနော် ၂ ဟုတ်တယ် ဘဝက ဒီလိုပဲ နေပျော်စရာ ရှာရမှာ

    ReplyDelete