Tuesday, February 2, 2010

မောင် နဲ့ ကိုယ် ရဲ့ ဒန့်ဒလွန်သီးဟင်း

ဟုတ်ပါတယ်
ဟင်းမချက်တာ ကြာပါပြီ မချက်တာကြာပြီလားဆိုတော့ မဟုတ်ပါ ဟင်းချက်တဲ့ အကြောင်း မတင်တာကြာတာပါ ချက်တာက ချက်နေပါတယ် မချက် ဘာနဲ့စားမလဲနော့
တနေ့က “မေ” ကလာပြောပါတယ် ဘာတဲ့


သို့ 

အဲလက်စ် နဲ့  ရိုစီ
နင်တို့  နှစ်ကောင် သေမှပဲ အေးမယ်
မဟုတ်ရင် နင်တို့ ပျောတာတွေဖတ်နေရတာနဲ့  တီချမ်းလည်း ဘာဟင်းမှ ချက်တော့မှာ
မဟုတ်တော့ဘူး

မှ

ဖတ်ရင်းနဲ့  စိတ်မရှည်သူ


အင်း တီလဲ ဘာပြောရမှန်းမသိတော့ပါ
တချို့ကလဲ တီ့ကို ချက်ပဲ ချက်ခိုင်းချင်ကြတယ် ထင်ပါတယ်။ Chat တာကတော့ နေ့တိုင်းလိုလို Chat နေတာပါပဲ တကယ်က မ“ချက်”တာပါ။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ကြည့်မိတဲ့ ရုပ်ရှင်ကားကလဲ Julie & Julia ဆိုတဲ့ မိန်းမနှစ်ယောက် ချက်ကြပြုတ်ကြတဲ့ အကြောင်း ရိုက်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ရုပ်ရှင်ပါ။ ရုပ်ရှင်ထဲက မင်းသမီးငယ်လေး အေမီ အက်ဒမ်ကလဲ ဟင်းချက်တာကို ဘလောခ်တင်တာပါ တီနဲ့တူတာပေါ့နော့။ ရုပ်ရှင်က နည်းနည်းတော့ ပျင်းဖို့ကောင်းပါတယ် တီကတော့ မင်းသမီး ကြီးကိုကြိုက်လို့ကြည့်ဖြစ်ပါတယ်။ အစကတည်းက ရုံတင်ရင်ကြည့်မယ် မှန်းထားပြီးသား ကားပါ ရန်ကုန်ပြန်လိုက်ရတာနဲ့ မကြည့်ဖြစ်တာပါ ။ ကြည့်ပြီးတော့လဲ အားကျပါတယ်။ အဲ့တော့လဲ ချက်ချင်ပြုတ်ချင်စိတ်ပြန်ဖြစ်လာပါတယ်။ ပြောမရဘူးလေနော့ တချိန်ကျရင် ကိုယ်လဲ အဲ့လို ချက်နည်းပြုတ်နည်း စာအုပ်မထုတ်ဘူးလို့ မပြောနိုင်ဘူးလေနော့ သေချာပါတယ် ကိုယ်ထုတ်ရင် ရောင်းကောင်းမှာ ကိုယ့်ရဲ့ အနုပညာ ရသမြောက် ဝတ်လစ်စလစ်ပုံလေးတွေနဲ့ ဆိုရင် ပိုတောင် ရောင်းကောင်းအုံးမှာ အကိုကာလသားတွေတော့ ဝယ်မှာ အသေချာပဲ (ဆဲဖို့)

အဲ့တာနဲ့ “မေ့” ကွန်မန့်အောက်မှာပဲ စားမလားပြောပြီး ချက်ဖြစ်တင်ဖြစ်တာပါ သစ်သစ် ဆီသွားကြည့်တော့လဲ သူလဲမတင်တာ မချက်တာ ကြာတာတွေ့ရပါတယ် ဒေါ်ရီတာ ကတောင် ဒန့်ဒလွန်သီး ချက်စရာလားတဲ့ ပြောပါသေးတယ် ချက်စရာပေါ့နော့ ဘာလို့မချက်ရမှာလဲ ရှည်ရှည်လေးနဲ့ချစ်စရာလေးတွေ စားလို့ကလဲကောင်း.......................ဒန့်ဒလွန်သီးပြောတာနော်................အဟစ်...ဟစ်...ဟစ်
တလောက မိုးကောင်းသူ ရဲ့ အီးဘွတ်ခ် ဒေါင်းလုတ်လုပ်တာ မရပါဘူး ဘာဖြစ်လို့လဲတော့မသိပါ
နောက် ကိုဘီနိုကြီးကလဲ ချက်နည်း ပြုတ်နည်း စာအုပ် ဒေါင်းလုတ်ပေးမလိုလိုလာပြောပြီး ပေါ်တောင်မလာတြော့ပန်ပါဘူး ထားပါတော့လေ ဘာပဲ ပြောပြော ချက်ပြီးတင်ဖြစ်ပါတယ်
ကဲ ရှုစားကြည့်ရအောင်နော်

ပထမဆုံး ချည်ရည်ဟင်း ဖြစ်တဲ့အတွက် တီကတော့ အာရုံလဲရတာနဲ့ (သုံးလုံးပေးမလို့မဟုတ်ဘူးနော်) ခရမ်းချဉ်သီးလေး ထည့်ချက်မယ် စိတ်ကူးပါတယ် စိတ်ကူးတယ်ဆိုရင် တီ့အတွက်ကတော့ ဖြစ်အောင်လုပ်တာပဲ ဖြစ်တဲ့အတွက် ပုံ (၁) မှာ ရှုစားကြရတဲ့အတိုင်း ခရမ်းချဉ်သီးလေးတွေကို ရေဆေး ပြီးတော့ အနေတော် လှီးချွတ်ထားပါမယ် (စာအသွားအရရေးတာပါ တကယ်က လှီးပဲလှီးတာပါပဲ မချွတ်ပါဘူး သေသေချာချာကို ဝတ်ထားပါတယ်=စကားချပ်)

ဒုတိယပုံကတော့ ဟင်းနှစ်အတွက် ကြိတ်ထားတဲ့ ကြက်သွန်ဖြူနီပါ ထုံးစံအတိုင်းပါပဲ
အနေတော် ဥနီ ၃ လုံးခန့် နဲ့ ကြက်သွန်ဖြူကတော့ စဉ်းငယ်ခန့်ပါ

နောက်ဆုံးပုံကတော့ ဒန့်ဒလွန်သီးချည်ရည် ချက်မယ်ဆိုတော့ လွယ်ပါတယ် တီကတော့ ဒီမှာ ရှိတဲ့ အခွံ သင်ပြီး ဖြတ်ပြီးသား အသင့်ချက် ဒန့်ဒလွန်တောင့် ပိုင်းလေးတွေကို အိတ်နဲ့ဝယ်လိုက်ပါတယ် မြန်မာပြည်မှာ ဆိုရင်တော့ နွှာရအုံးမယ် ခြစ်ရအုံးမယ် ပိုင်းရအုံးမယ် ရှုပ်တယ် ဒီမှာကတော့ လွယ်တယ် အချိန်ကလဲမရှိကြဘူးမှလား အဲ့တော့ ဘာပဲ ဖြစ်ဖြစ် အရံသင်ပဲ.............. ပုံမှာ ပါတဲ့အတိုင်း ရေဆေးပြီး ဆစ်ထားပါမယ်



ဒုတိယအဆင့် ဆီမသတ်ချင်ပါဘူး တမျိုးတည်းချက်မှာဆိုတော့ ပျင်းပါတယ် အဲ့တော့ လုံးချက်ပါမယ် တီခဏခဏ လုံးချက်နေကြဖြစ်တဲ့အတွက် တီ့ပရိတ်သတ်ကတော့ စိမ်းမယ် မဟုတ်ပါဘူး
ပုံ မှာ ပြထားတဲ့အတိုင်း ဒန့်ဒလွန်သီး ပိုင်းလေးတွေရယ် ခရမ်းချဉ်သီးလေးတွေရယ် ကို ခုနက ကြိတ်ထားတဲ့ ကြက်သွန်ဖြူနီ ရယ် ဆား အချိုမှုန့်ရယ် ဟင်းချက် ငရုတ်သီးမှုန့် အစိမ်းရယ် အစပ်ကြိုက်တတ်ရင် ကြိုက်သလောက်ပေါ့ တီကတော့ များများထည့်လိုက်တယ် နောက် ဆီအစိမ်းရယ် ထည့်ပြီပါမယ်
ပုံမှာ အဆင့်ဆင့် လှလှပပလေးပြထားပေးပါတယ်



ပြီးရင်တော့ အောက်က ပုံအတိုင်း သေချာ သမအောင် နယ်ဖတ်ပေးပါမယ် နယ်သာနယ်ပါ အားရပါးရနယ်ပါ သမ ဖို့အရေးကြီးပါတယ်။ နောက် တပုံက တော့ ရေစပ်စပ်လေးထည့်ပြီး မီးအနေတော်လေးနဲ့အရင် အုပ်ထားပေးပါမယ် ဘယ်လောက်ကြာကြာအုပ်ရမလဲဆိုရင် ဒန့်ဒလွန်သီးလေးတွေ အရောင်ပြောင်းသွားတဲ့အထိပါ။ လတ်ဆတ်စိမ်း (fresh green) ကနေ နုနယ်ဝါရောင် (light yellow) သန်းသွားတဲ့အထိပေါ့ (တွေ့တယ်မှလား ဟင်းချက်ပိုစ့်ရေးတာတောင် စကားလုံးလေးတွေက ကဗျာဆန်နေကြသေး ဒီလိုဒီလို အနုပညာ ယိုစီးမှု အားကောင်းတာ မနာလိုသူများ ဤနေရာတွင် ဖတ်ရင်းမျက်နှာ မဲ့ကြလေသည် ဟောဟော ဒေါ်ရီတာ.........ပြောနေရင်းကိုမဲ့နေသေး........ဟေးဟေး)



ဒါကတော့ အရောင်ပြောင်းပြီး ရေထည့်မယ့်အဆင့်ပေါ့။ အရောင်ပြောင်းသွားပြီဆိုရင်တော့ အရည်သောက်ဆိုရင် ရေများများ ဆီကျန်ရေကျန်ဆိုရင် ရေနည်းနည်းလျော့ပြီး ဆူလာအောင်တည်ပါမယ် ပြီးတော့ ချိုပေါ့ငန်မြည်းပြီး လိုတာထည့်ပေါ့နော်။ ဒီအချိန်မှာ ဟင်းရည် ဆူလာရင် အသင့်နယ်ထားတဲ့ မကျည်းမှည့် ကိုထည့်ပါ။ ပုံမရိုက်လိုက်ရပါဘူး မောင့်ကို ကြည့်ခိုင်းထားပြီး ကိုယ်က အီးမေးလ် စစ်နေမိလို့ပါ (အဲ့တာကြောင့် ခရက်ဒစ် တောင် ထည့်ပေးထားပါသေးတယ် ခေါင်းစဉ်ကိုရှုအဆွေ စာဖတ်သူ)


နောက်တရေ ထပ်ဖြည့်ထားတာ ဆူလာပြီဆိုရင်တော့ အရသာမြည်းပြီး အိုးချလို့ရပါပြီ (စာတွေးသာတွေးပါရန်)


ဒါကတော့ စားပွဲပေါ်ရောက် အသင့်စားသုံးရန် အနံ့အရသာပြီးပြည့်စုံသော ဒန့်ဒလွန်ချဉ်ရည်ဟင်းလေးတခွက်ဖြစ်ပါတယ်။ ကြိုက်တတ်သောသူများ ငါးခြောက်နဲ့လဲတွဲဖက် ချက်စားနိုင်ပါတယ် တီကတော့ 56 မကြိုက်ပါ 419 ပဲကြိုက်ပါတယ်။ (ဘာတွေလဲလို့မမေးပါနဲ့ ပြောပြမှာ မဟုတ်ပါ)
ပြောလို့ပြောတာမဟုတ်၊ ကိုယ်ချက်လို့ပြောတာမဟုတ် တော်တော်ကိုကောင်းပြီး အရသာရှိကာ တော်တော့ ကိုကောင်းပါတယ် လွှတ်ကိုကောင်းပါတယ်
အဲ့တော့ အားမနာတမ်းသာ အွန်လိုင်းပေါ်ကစားကြပါလို့ မတွေ့ရသေးသမျှတော့ ဘလောခ် စာဖတ်သူတွေလဲ ဗြဟ္မတွေလိုလို နတ်တွေလိုလို ဖြစ်နေကြသေးသာပ အနံ့ အမြင်တွေနဲ့ သာ သာယာရသာပ


ကဲကဲ တော်သေးပြီ။
A Chen
1:42 am
30 January 2010
Home
Bangkok

10 comments:

  1. အဆင်းဖြင့်အရသာခံသွားသည်။

    ReplyDelete
  2. ဘိုက်ဆာတယ် တီတီချမ်းရေ။
    ဒန့်ဒလွန်သီးချက်ပြီးတော့ ဘယ်လိုစားတုန်းဟင်။
    ချစ်စားတာလား။ ညှစ်ပြီးစုပ်စားတာလား။
    ဒန့်ဒလွန်သီးစားချင်ပေမဲ့ စားမတတ်တာရယ် အမှိုက်ရှုပ်လို့ ရယ် မစားဖြစ်ဘူး။
    စားနည်းလေးပါ တွဲတင်ရင် ပိုရောင်းကောင်းမယ်နော်။
    စိတ်ဝင်စားဖို့ပိုကောင်းမယ်လို့ ပြောတာပါ။
    တီချမ်းနဲ့ တီချမ်းမောင်တို့ နှစ်ကိုယ်တူယှဉ်တွဲ ဒန့်ဒလွန်သီးချစ်စား ညှစ်စား စုပ်စားနေပုံလေး သရုပ်ပြပေးရင် ကျေးဇူးကဘာ တင်မှာပါ။

    ReplyDelete
  3. အမလေး နာတို့ လည်း အခုမှ အဲလက်စ် နဲ့ ရိုစီ နှစ်ကောင် လက်ကလွတ်တော့တယ် ။
    ဒန့် ဒလွန်သီးဟင်းကလုံးချက်တာပိုစားကောင်းတယ် တီချမ်း။

    ReplyDelete
  4. ဒန့်ဒလွန်ဒွန့်ချက်စားဦးမှ။

    ReplyDelete
  5. ကြိုက်စ်း)))))

    ReplyDelete
  6. သြော် အဲလက်စ် နဲ့ ရိုစီ ကို အားပေးကြတယ် မှတ်တာ
    လက်စသတ်တော့ ဂလိုကိုး
    ရေးရတာ အားရှိလိုက်တာ

    ReplyDelete
  7. ဟီး... အဲလက်စ်တို့ကိုလည်း ဖတ်ပါတယ်ဟ။
    တစ်နေ့ ၂ ကြောင်းဆိုတော့ စိတ်မရှည်တော့လို့။
    ဆက်ပြန်ပါ။ ဖတ်ပါတယ်။

    ReplyDelete
  8. alex နဲ့ rosy ကို နှစ်ခါလောက် ဖတ်ပြီး ဘာမှန်းမသိလို့ ဆက်မဖတ်ဘူး
    ဟင်းတွေပဲ တင်
    (ဒီ 'မေ' နဲ့ စာထဲက 'မေ' မတူပါ)

    ReplyDelete
  9. ကျေးဇူးတင်တယ် နန်းမတော်မိမိချမ်း
    ဒန့် ဒလွန်သီးဟင်းလေးက စားချင်စရာကောင်းလိုက်တာ ရှလွတ် ရှလွတ်
    ချက်ပုံချက်နည်းလေးကလည်း ဟော်ကာ အားပေး ဒေါ်သစ်၂တို့  နမူနာယူစရာမလို့  ထပ်ပြီး ကျေးဇူးတောင်တင်မိသေး သူတို့ အစား
    အဲလက်စ်နဲ့  ရိုစီအကြောင်းကို ဗြိတိသျှလိုပါ ရေးတင်သင့်တယ် ဘာသာပြန်သဘောမျိုးပေါ့
    အရင်နေ့ တွေ မအားလို့  မဖတ်ဖြစ်တာ ခုမှ ဟင်းချက်ပေးထားတာတွေ့ လို ကျေးဇူးအထူး

    ReplyDelete
  10. TT,,
    i know 56,, but what is 419??
    please,,please
    TT said,,dont ask any,,u won't ans,, rt?
    coz of that wanna ask more
    please
    what is 419??
    :)

    ReplyDelete