Wednesday, February 2, 2011

ရှမ်းတို့ အကြိုက် တီ့ အကြိုက် ဝက်နံရိုး ပိန္နဲသီး ဟင်းရည်

ဒီတခါတော့ ရှမ်း ဟင်းလေးတင်ပေးချင်ပါတယ်။ တီ အရမ်းကြိုက်တဲ့ အစားအစာထဲမှာ ရှမ်း အစားအစာတွေလဲပါသလို ရှမ်း ဟင်းတွေ လဲပါပါတယ်။ ဒီဟင်းဆိုရင် တီငယ်ငယ် ကျိုင်းတုံ ပြန်လည်တဲ့ အခါ အဖွား က သက်သတ်လွတ် ချက်ချက်ကျွေးတတ်သလို အဒေါ်ငယ်လေးကလဲ အသားနဲ့ချက်ချက်ကျွေးတတ်ပါတယ်။ နောက် ကိုယ့် မေမေ (မွေးစား) ကလဲ ငယ်ငယ်က ကြက်သား သက်သတ်လွတ်ဆိုပြီး ဆီပြန် ချက်ချက်ကျွေးလေ့ရှိတော့ ပိန္နဲသီး နဲ့ ကိုယ် သိပ်မကင်းပါဘူး။
ပိန္နဲသီး ကို အမှည့် လဲကြိုက်ပါတယ် (အိမ်ပျော့ဖြစ်ဖြစ် အိမ်မာ ဖြစ်ဖြစ် တီကတော့ အပျော့ ပိုကြိုက်တယ် လူတော်တော်များများကတော့ အိမ်မာ ပဲ ကြိုက်ကြတယ်)။ အစေ့ကို ပြုတ်စားရင်လဲကြိုက်ပါတယ်။
ခုဟာကတော့ ပိန္နဲသီး အစိမ်း အကင်းလေးတွေကို ဟင်းချက်စားတာပါ။
ဒါပေမယ့် ပိန္နဲသီး အစိမ်းလေးတွေက ရခဲတော့ စားရခဲပါတယ်။ ဈေးထဲမှာ အမြဲ မတွေ့ရတတ်ပါဘူး။ တနေ့ကတော့ ဈေးထဲသွားရင်း ဟင်းသီးဟင်းရွက်ဆိုင် တဆိုင်မှာ တွေ့လို့၃ လုံးစလုံး ဝယ်လာခဲ့ပါတယ်။
မချက်ခင် ပထမပြင်ဆင်တဲ့ ပုံလေးတွေကို ကြည့်ကြရအောင်နော်.....





ပထမ ပုံက ခရမ်းချဉ်သီးလေးတွေနဲ့ ဆူးပုပ်ရွက်ပါ။ ခရမ်းချဉ်သီးလေးတွေကို လေးစိပ်ကွဲအောင် လှီး ပြီးတော့ ဆူးပုပ်လေးတွေကိုသင်ထားပါမယ်။ ဆူးပုပ်က ဒီမှာ ဝယ်စားရတာ သိပ်အဆင်ပြေပါတယ် နုနုလေးတွေချည်းပဲ မို့လို့လေ။ မြန်မာ ပြည်မှာ ဆို ရင့်တာတွေပဲ များတယ်။ ဘေးကတော့ ရှမ်းပဲပုတ် ပါ ပဲပုပ် ကိုမီးကင်ထားပြီး အမှုန့်ထောင်းထားတာပါ။ တီက မြန်မာပြည်က လာကတည်းက အမေ့ ကို လုပ်ခိုင်းပြီး သယ်လာတာပါ။ အမှန်က လတ်လတ်ဆတ်ဆတ် ကင်ပြီး ထောင်းရင် အနံ့ အရသာနဲ့ပိုပြည့်စုံတာပေါ့။ ခုတော့လဲ ရှိတာကိုပဲ ကျေးဇူးတင်ရပါတယ်။ တီက အဲ့ဒီ ပဲပုပ်မှုန့် ကို ငရုတ်သီး အကျက်မှုန့် ဆား အချိုမှုန့် တို့ နဲ့သမအောင်မွှေပြီး သရက်သီး အစိမ်းနဲ့ တို့စားတာပါ။ ခုတော့ ဟင်းထဲထည့်စရာဖြစ်သွားတာပေါ့။ ရှမ်းခေါက်ဆွဲထဲလဲ ထည့်ချက်ရပါတယ်။ သူ့ချည်းပဲ မီးကင်ပြီး ဆီဆမ်းစားရင်လဲသိပ်ကောင်းတာပါပဲ။
(မှတ်ချက် တီက ရှမ်းမဟုတ်ပါ၊ မြန်မာ ၅၀% ၊ လီရှော ၂၅ % နဲ့ တရုတ် ၂၅% စပ် ဖြစ်ပါတယ်)





ဒါကတော့ ဈေးထဲကနေ ဝယ်လာတဲ့ ပိန္နဲသီး အစိမ်းပါ ဆိုင်က တော့ အခွံပဲ လှီးပေးလိုက်တဲ့ အတွက် အိမ်ရောက်မှ ကိုယ့်ဘာသာ ပြန်လှီးရပါတယ်။ သူက အစေးတွေ ထွက်တာများလို့ ဓါးကို ဆီသုတ်ပြီး လှီးပေးပါ။ လက်ကိုလဲ သုတ်ရပါတယ်။ ဆေးတဲ့အခါလဲ ဆီနဲ့ အရင် သေချာ သုတ်ပြီးမှာ ဆေးရင် ပိုပြောင်ပါတယ်။ ပုံမှာ ပြထားတဲ့ အတိုင်း အနေတော် အတုံးလေးတွေ တုံးပါ။ တခါတခါ ဈေးထဲမှာကို တုံးပြီးသားတွေ ရောင်းတတ်ပါတယ်။ သူက လှီး လိုက်ရင် မဲသွားတတ်တဲ့ အတွက် တခါတလေ သူတို့က ဆားရည်တွေဘာအရည် ညာအရည်တွေစိမ် တတ်ပါတယ် တီလဲသေချာတော့ မသိပါဘူး မမဲအောင်စိမ်တာတော့ သိတယ်လေ။ ပြီးရင် ဘေးမှာ ပြထားတဲ့ အတိုင်းရေစစ်ထားပါမယ်။





ဒါကတော့ ဟင်းအနှစ်ချက်ဖို့ အတွက် ပြင်ဆင်နေတာပါ။ ကြက်သွန်ဖြူနီ ကြိတ်ပြီးသား ကို ပုံမှာ ပြထားတဲ့ အတိုင်းဆီသတ်ပါ။ ခဏခဏ ပြောနေတဲ့ အတွက် မပြောတော့ဘူးနော်။ လူတိုင်း (အများစု) ကတော့ ဆီသတ်တတ်မှာပါ။





ပြီးရင် ငရုတ်သီး အရောင်တင်မှုန့်ကိုထည့်ပါမယ်။ မွှေးလာတဲ့ အထိကြော်ပေးပါ။ ပြီးရင်တော့ ခုနက လှီးချွတ်ရေဆေးထားတဲ့ ခရမ်းချဉ်သီး ကို ထည့်ကြော်ပါမယ်။





ခုနက ပြောတာတွေကိုလုပ်နေတဲ့ တပြိုင်တည်းမှာဘဲ ဝက်နံရိုး ကိုဟင်းရည် ပြုတ်ထားပါမယ်။ တီချမ်းရဲ့ ဆွေစဉ်မျိုးဆက် လျှို့ဝှက်ချက်ဖြစ်တဲ့ မဟာဟင်းရည် ကြည်အောင်တည်နည်း ကို ဒီမှာ ဖော်ပြပြီးဖြစ်လို့ ထပ်မပြောတော့ဘူးနော်။ တကယ်လို့ သက်သတ်လွတ် ချက်ချင်တယ် ဆိုရင်တော့ အသားမထည့်ဘဲ ရေချည်းပဲ ဆူအောင်တည်လိုက်ပါနော်။ ပြီးရင်တော့ ခုနက လှီး ပြီးရေးဆေး စစ်ထားတဲ့ ပိန္နဲသီး တွေကို ထည့်ပြုတ်ပါမယ်။ ပိန္နဲသီးတွေ နူးတဲ့ အထိပြုတ်ပေးပါ။ နူးမနူးသိချင်ရင် ဇွန်းလေးနဲ့ ဆယ်ဆယ်ပြီးတော့ ထိုးကြည့်ပါ။





တဘက်ကလဲ ခုနက ကြက်သွန်ဖြူနီ နဲ့သတ်ထားတဲ့ ဆီထဲကို ငရုတ်သီးမှုန့် ထည့်ပြီးတော့ ခရမ်းချဉ်သီး ထည့်ပြီး ပုံမှာ ပြထားတဲ့ အတိုင်း ခရမ်းချဉ်သီး အနည်းငယ် နူးတဲ့ အထိ ကြော်ပေးပါ။ ပြီးရင်တော့ ဆီသတ်ထားတဲ့ အနှစ်ကလဲ ရယ်ဒီပဲ ဟင်းရည် ကလဲ ရယ်ဒီပဲဆိုရင်တော့ ဝမ်းတူးသရီးလို့သာ တိုင်ပင် ပေးပြီးတော့ ဟင်းရည်ထဲကို ဆီသတ်အနှစ်တွေရောထည့်လိုက်ပေတော့။ ပြီးရင် ဆား အချိုမှုန့်စတာတွေကို သင့်အောင် ထည့်ပါ။ တချိန်တည်းမှာဘဲ စစကနဦးက အကျယ်တဝင့် ရှင်းပြခဲ့ပြီးဖြစ်တဲ့ ပဲပုပ်အမှုန့် ကိုထည့်ပါမယ် သင့်တော် သလိုချိန်ဆထည့်ပါ အရသာ အပေါ့အလေး ကိုယ့်စိတ်ကြိုက်လိုက်ပြီးတော့ပေါ့။ တခုပဲ မှာချင်တယ် ပဲပုပ်တွေအများကြီးမထည့်ပါနဲ့ သွေးတိုးရင် တီတာဝန်မယူနိုင်ပါဘူး။ နောက်မှ မပြောဘူးမပြောနဲ့နော်။ တရုတ်စကားပုံရှိတယ် “ပြဿနာ ဆိုတာ ပါးစပ်ပေါက်ကပဲ ထွက်တတ်သလို အနာရောဂါ ဆိုတာလဲ ပါးစပ်ပေါက်ကနေသာ ဝင်လာတတ်ပါသတဲ့” (ဆိုလိုတာကတော့ စကားရှုပ်ရင် ပြဿနာ တက်တတ်သလို အစား မဆင်ခြင်တာကြောင့် လဲရောဂါဘယ ထူပြောတတ်တာ ကိုပြောချင်တာပါ) ရှေးလူကြီးစကား အလေးထားနော်....
နောက်တော့ မှ ဟင်းရည် ပွက်ပွက်ဆူပြီ ဆိုရင် အိုးချခါနီးကျတော့ မှ ဆူးပုပ်လေးတွေ အုပ်လိုက်ရုံပါပဲ။ အဲ့တာဆိုရင် အင်မတန်မှ အရသာရှိတဲ့ ပိန္နဲသီး ဝက်နံရိုးဟင်းရည် ရှမ်းစတိုင်လ် တခွက် ရပြီပေါ့နော်...





ဒီလိုလေး သပ်သပ်ထည့်ပြီး ထမင်းနဲ့ ဆွဲလို့ ရသလို တီ့လိုမျိုးလဲ ထမင်းထဲ တခါတည်း ဆမ်းပြီး အပျင်းစားနည်း စားလို့ ရပါတယ်။ ဘယ်လိုစားစား အိုအီရှိ ဖို့ ကသာ အဓိကလေနော်..........

အားလုံးကိုချစ်တဲ့
တီချမ်း

A Chen
1:57 PM
2nd Feb 2011
Wednesday
Bangkok

11 comments:

  1. Thank you for sharing your lovely recipes which I truly enjoy them. As a matter of fact, I just had a tamin chin based on your recipe. Really love it. Will try this one using slightly different ingredients since I cannot get jack fruit here. Look forward to reading your blogs:)

    ReplyDelete
  2. ကျေးဇူးပါ.. ချက်ကြည်.မယ်
    တီ.မိုတိုအားပေးသူ

    ReplyDelete
  3. ကောင်းလိုက်တာ။အရမ်းတော်။အားရင်အင်တာဗျူးလေးလုပ်ပါအုန်း

    ReplyDelete
  4. မုန်ညင်းချဉ်လုပ်ဖို့ နည်းလာကြည့်တာ၊ ဒီပို့စ်အသစ်တင်ထားမှန်း မသိဘူး။ တိုက်တိုက်ဆိုင်ဆိုင် မနေ့က ဈေးမှာ ပိန္နဲသီးတွေ အကွင်းလိုက် လှီးထားတာတွေ့လို့ ဝယ်လာသေးတယ်။ အရင်က အမြဲ မှန်းသမ်း ရမ်းသမ်းနဲ့ ချက်နေတာ။ ခုမှပဲ သေချာချက်ကြည့်တော့မယ်။
    Thanks for the sharing! :)

    ReplyDelete
  5. ရှင်တို့ ဘက်မှာ တခေါက်လောက်ဈေးလာဝယ်အုံးမှာပဲ
    ငှက်ပျောအူ ကောရလား

    ReplyDelete
  6. please share for method of cooking shan noodle if it's convenience.

    ReplyDelete
  7. အနော်နိမတ်စ်ရေ
    မဟာဟင်းရည်ကြည်အောင်တည်နည်း က ဒီမှာ လို့ရေးထားတဲ့ အဲ့ဒီ ဒီမှာ ကို ကလစ်လိုက်ရင် ရှမ်းခေါက်ဆွဲ ထွက်လာပါလိမ့်မယ်ကွယ်

    နောက်ပိုစ့် အောက်ဆုံးက လေဘယ်ဆိုတဲ့ နေရာ ကိုကလစ်လိုက်ရင်လဲ တီချက်ထားသမျှ ပေါ်လာပါလိမ့်မယ်

    ReplyDelete
  8. :D Thanks you, T T Chan,..I missed it out. I love and 'm interesting your cooking. Happy Chinese Year!!!

    ReplyDelete
  9. ဒီနည်းလေးလည်း မှတ်သွားဦးမှ ဆူးပုတ်ရွက်တော့ မရှိဘူး

    ReplyDelete
  10. ဒီနည်းလေးလည်း မှတ်သွာံးဦးမှ

    ReplyDelete