Tuesday, January 17, 2012

တောအုပ်လေးထဲက အိမ်......




foto from google

တောအုပ်လေးထဲက အိမ်လေး တလုံးမှာနေတယ်လို့ တွေးဖူးသလား။ စိတ်ကူးယဉ်ကြည့်ဖူးသလား။ (စကားချပ်-မနှင်းဖြူလေးလိုတော့ လူပုလေး ၇ ယောက်နဲ့မဟုတ်ဘူးပေါ့။ စကားစပ်မိလို့ ကြုံတုံးပြောရရင်တော့ ဒစ်စနေရဲ့ မင်းသမီးတွေထဲမှာ စနိုးဝှိုက်ကို အမုန်းဆုံးပဲ။ သိပ်ရွတာပဲလို့ မြင်တယ်။ ထားတော့။)

ထားပါ။ ခုနက မေးတဲ့ မေးခွန်းက တီချမ်းမေးနေကျ ဆိုက်ကိုတက်စ် မေးခွန်းမျိုး မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင် လိုချင်တဲ့ နေချင်တဲ့ ပိုင်ဆိုင်ချင်တဲ့ အိမ်လေးမျိုး စိတ်ကူးယဉ်ဖူးကြမယ်ထင်ပါတယ်။ တချို့ ကတော့ တောအုပ်ထဲမှာ ဖြစ်ချင်ဖြစ်မယ်၊ တောင်ကုန်းအောက်လေးနားမှာ ဖြစ်ချင်ဖြစ်မယ်၊ UP ကားတွန်းကားထဲက အဖိုးကြီးနဲ့အဖွားကြီးလေးတွေလို တောင်စွန်းလေး နားက ရေတံခွန်လေးနားမှာ ဖြစ်ချင်ဖြစ် မယ်၊ ဒါမှမဟုတ် စမ်းချောင်းလေးဘေးမှာ ဖြစ်ချင်ဖြစ်မယ်၊ နန်းညီ ပြောသလို ကြာဖြူ ကြာနီပေါက်နေတဲ့ မိုးကောင်းကင်ပြာပြာကျယ်ကျယ်အောက်က လယ်ကွင်းတွေပေါ်မှာ ဖြစ်ချင်ဖြစ်မယ်၊ တီချမ်းလို ညောင်တုန်း အထွက်နားက ငါးကန်ကျယ်ပေါ်မှာ ဆောက်ထားတဲ့ သစ်လုံးအိမ်ကလေးဖြစ်ချင်ဖြစ်မယ်။ လှပတဲ့ သက်တံ့ရဲ့ အဆုံးက ရေကန်ငယ်လေးဘေးမှာ ဖြစ်ချင်ဖြစ်မယ်။ အိမ်လေးတလုံး ကိုယ်ပိုင်ရှိပြီဆိုရင် ဘာပဲဖြစ်ဖြစ် နားနေစရာ ကွန်းခိုစရာ ဘဝအမောဖြေစရာနေရာလေးတခုတော့ ရှိပြီပေါ့။ ထပ်ပြီးလေလွင့်နေစရာမလိုတော့ဘူး၊ အချိန်တန်ရင် ပြန်စရာရှိပြီ။ နောက်ထပ်လဲ အထီးကျန်စရာမလိုတော့ဘူး ကိုယ်ချစ်တဲ့သူနဲ့ တူတူခုချိန်ကစပြီး ဘဝကို တူတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလို့ရပြီပေါ့။

ဒါပေမယ့် လူတိုင်းလူတိုင်းရဲ့ စိတ်ကူးထဲက အိမ်ကလေးကိုလိုချင်တဲ့အချိန်၊ ပိုင်ဆိုင်ချင်တဲ့ အသက်အရွယ်တွေက တယောက်နဲ့တယောက် မတူကြဘူး။ တောအုပ်ထဲက အိမ်ကလေးတ တချို့ လူတွေအတွက် စိတ်ကူးသက်သက်ပေမယ့် တချို့ လူတွေအတွက်တော့ တကယ်ဖြစ်အောင်လုပ်မယ့် တားကက် ပစ်မှတ် တခုပဲ။ ဒါပေမယ့် လူ့ဘဝရဲ့ အရာတော်တော်များများ စိတ်ကူးထဲက အိမ်ကလေးအပါအဝင်က timing အခါအခွင့် နဲ့ ဆိုင်တာပါ။ တချို့လူတွေက လွတ်လပ်မှုကိုပဲ မြတ်နိုးတယ်၊ လေလွင့်နေရာတာကို ပျော်တယ်၊ အခြေတကျ မနေချင်ဘူး၊ သူတို့အတွက် အပင်တပင်သာရှိပါစေ၊ တောအုပ်တခုမလိုပါဘူး။ တောအုပ်ထဲက အိမ်မရှိလို့လဲ ဘာမှ မဖြစ်ဘူးဆိုတဲ့သူမျိုးပေါ့။ အပင်ရှိရင် အကိုင်းရှိမယ်၊ ခဏ နားပြီးရင် သူပျံချင်တဲ့နောက်တနေရာ ကို ဆက်ပျံလို့ရပြီပေါ့။

တချို့ ကကျတော့ ကိုယ့်အတွက်ဖြစ်တဲ့၊ ကိုယ်ပိုင်ဆိုင်တဲ့၊ ကိုယ်နဲ့သက်ဆိုင်တဲ့ ကိုယ်အတွက် သက်သက်ဖြစ်တဲ့ တောအုပ်ထဲက အိမ်ကလေးတလုံး လိုချင်ကြတယ်။ ဒီလိုနဲ့ နေလာလိုက်တာ တနေ့ကျတော့ သူလိုချင်တဲ့အရာတွေက အဲ့တာတွေမဟုတ်ဘူး၊ တောအုပ်ထဲက အိမ်လဲမဟုတ်ဘူး၊ ရေတံခွန်ဘေးက အိမ်လဲမဟုတ်ဘူး ဆိုတာ ကိုယ့်ကိုယ်ကိုယ်သေချာလာတဲ့ အချိန်ကျတော့ သူဟာဘာလဲဆိုတာ သူ့ဘာကို လိုချင်တာလဲဆိုတာ သူ့ကိုယ်သူတောင်မသိတော့သလို လမ်းပျောက်တတ်ပြန်ပါတယ်။ တူတူနေလာတာ နှစ်တွေကြာလွန်းလှတဲ့အခါကျတော့ သူ့မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ မရှိတော့ဘူး။ အဲ့တာတွေ အကုန်လုံး က တာဝန်တွေ ဝတ္တရားတွေအောက်မှာ မိသားစု ဝန်ထုပ်ဝန်ပိုးတွေကြားမှာ ပျောက်ဆုံးနေခဲ့တာကြာလှပြီ။

ကိုယ့်ကိုကိုယ်ဆုံးရှုံးသွားတဲ့သူတွေဟာ အထီးကျန်သွားတတ်ပါတယ်။ ဘေးမှာ ကိုယ်ကချစ်တဲ့ ကိုယ့်ကိုချစ်တဲ့ မိသားစုဝန်းရံနေရင်တောင် အထီးကျန်နေတတ်ပါတယ်။ အရင်တုံးက သူလိုချင်တယ်ထင်ပြီး အသည်းအသန်ကြိုးစားခဲ့သမျှ ဟာ အခုတော့ သူ့အတွက် သူ့ကိုပြန်ချည်ထားမယ့် ကြိုးတွေသက်သက်သာဖြစ် လာခဲ့ပြီလေ။ သူလိုချင်တာ အခုချိန်မှာ အကိုင်းမှာ ခဏနားပြီး လွတ်လပ်ကျယ်ပြန့်တဲ့ ကောင်းကင်အောက်မှာ ပင်လယ်ပြင်ပေါ်မှာ အဆုံးအစမရှိ အတောင်တွေကို ဖြန့်ပြီး ပျံသန်းနိုင်တဲ့ လွတ်လပ်မှုမျိုးဆိုတာကိုသိလာတဲ့အခါ အရမ်းနောက်ကျနေပြီ။ သူ့ကိုချည်ထားတဲ့ကြိုးတွေ များလွန်းတာကြောင့် သူ့မှာ မလှုပ်သာ မရုန်းသာဖြစ်နေပြီ။ ငယ်ငယ်ကလို ခွန်အားလဲမရှိတော့ဘူး၊ အချိန်လဲ မရှိတော့ဘူး။

အရင်က ကြိုးစား တည်ဆောက်ခဲ့တဲ့ တောအုပ်ထဲကအိမ်လေးကို ထားခဲ့ဖို့ကကျပြန်တော့လဲ ရင်ထဲမှာ အကြောက်တရားတွေက အပြည့်။ ဆက်လက်ဖက်တွယ်ထားဖို့ကျတော့လဲ အတွေးတွေက မရေရာ။ အချစ်တွေ မေတ္တာတွေ သံယောဇဉ်တွေဆိုတာ အမှတ်တခုကိုရောက်လာရင်တော့လဲ ကိုယ့်ကိုကိုယ်ဘာဆိုတာ ပြန်ရှာချင်လာတတ်ပါတယ်။ ကိုယ့်ကိုယ်ပိုင်လွတ်လပ်မှုကို ပြန်လွမ်း တမ်း လာတာပေါ့လေ။ အဲ့လို အချိန်မျိုးမှာ ကိုယ်တို့တွေ အချစ်ကို လက်လွှတ်ခံပြီးတော့ ကိုယ်လိုချင်တယ်ထင်တဲ့ လောက အသစ်တခုကို ရဖို့ ထပ်မံကြိုးစားမှုတွေဟာ နောက်ဆုံးတော့ အရာရာကို လက်လွှတ်ဆုံးရှုံးရခြင်းနဲ့ပဲ ပြီးဆုံးနိုင်သေးတာပဲ။ အီး လိုပြောရင်တော့ လွယ်လွယ်လေး တလုံးထဲ midlife crisis ပေါ့လေ။ (တီချမ်းက မရှုပ်ရှုပ်အောင်ရေးနေတာပါ)

တခါတခါကျရင် အရင်တုံးက နွေးနွေးထွေးထွေးနေခဲ့ရတဲ့ တောအုပ်ကအိမ်ကလေးကို သတိရတတ်ပါတယ်။ ကိုယ်တို့တွေသွေးတွေချွေးတွေအများကြီးရင်းပြီး တည်ေ ဆာက်ထားတဲ့ ဘဝလေးလေး.....အဲ့လိုတွေးမိပြန်တော့လဲ ခွဲခွာရမှာ ခပ်ခက်ခက်ပဲမှလား။

ကိုယ်တို့တွေအချစ်ကနေပြီးတော့ မျှော်လင့်ချက်တွေ၊ စောင့်စားမှုတွေ၊ ကတိတွေထားရှိခဲ့ကြတယ်။ ရလဲရ ခဲ့ကြ တယ်၊ နောက်ပြီး တို့နှစ်ယောက်တူတူနေကြတုံးက ရှိခဲ့ကြတဲ့ ပျော်စရာလေးတွေ ဒါတွေရှိနေရင် ဘဝကြီး ကမ္ဘာကြီးက ပြီးပြည့်စုံပြီလို့လဲထင်ခဲ့ကြဘူးတယ်။ အသက်တွေ တဖြည်းဖြည်းကြီးလာတော့မှ ပေါပေါလောလော သုံးခဲ့ကြတဲ့ နုပျိုမှုတွေက သိပ်မကျန်တော့ပါလားဆိုတာ အလန့်တကြားသိလာရတယ်လေ။ ကိုယ့်ဘဝမှာ ကိုယ်တကယ်လိုချင်တာ လုပ်ချင်တာကို လုပ်ဖို့ပေါ့။ သိဖို့ လဲလိုသေးတယ်လေနော်။

ဘာပဲဖြစ်ဖြစ်ပါ တောအုပ်ထဲက အိမ်လေးကတော့ “အိမ်ထောင်” လို့ဆိုရင်တောင် တချိန်တုံးကတော့ မင်းရောကိုယ်ရော ညွတ်နူးခဲ့ကြတဲ့ နွေးထွေးနေရာတခုပါပဲ။

ဘဝမှာ အသက် ၃၀ ရောက်ရင် လူတွေ ဒီလိုပဲ တောင်စဉ်ရေမရတွေ လျောက်တွေးပြီး ကြောင်လာသလားမသိဘူးနော်။ လိုချင်တာတွေ လုပ်ချင်တာတွေကလဲ မရေရာတော့ ကိုယ်ဘာလိုချင်သလဲဆိုတာလဲ ဝေဝေဝါးဝါး ရနေတာလဲ တကယ်လိုချင်တာမှ ဟုတ်ရဲ့လားလို့ ဒွိဟတွေနဲ့ အော်.........တောအုပ်က အိမ်ကလေး။ ကိုယ့်ရဲ့ တောအုပ်က အိမ်ကလေး။

A Chen
1:06 AM
Thursday
19th Jan 2012
Home
Bangkok

1 comment:

  1. တခြားဟာတွေတော့ မပြောလိုပါဘူး..
    စနိုးဝှိုက်မုန်းတာတော့ တူသဗျာ..

    ReplyDelete