Monday, January 30, 2012

တီချမ်း ဆရာလုပ်တဲ့ အသုပ်စုံ

ကဲလာပြန်ပါပြီ တီချမ်းကို ဟင်းချက်တာပိုကြိုက်ကြတဲ့ ပရိတ်သတ်တွေအတွက် တီချမ်း စတိုင်လ်အတိုင်း ပုံလှလှလေးတွေပြင်ဆင်ပုံ အဆင့်ဆင့် သပ်သပ်ရပ်ရပ်လေးတွေနဲ့ ဒီတပတ်အတွက် လုပ်ဖြစ်တာကတော့ အသုပ်စုံပါ။ အမှန်က ၂၆ ရက်နေ့မှာ ကျရောက်တဲ့ မောင့်အတွက် မွေးနေ့အနေနဲ့ လုပ်ပေးဖြစ်တာဖြစ်ပါတယ်။ အပြင်လူလဲ သိပ်များများစားစားမပါပါဘူး။ အိမ်က ကလေး နှစ်ကောင် (မွေးစား ဝမ်းမနာ သားနဲ့ သမီးရယ်) သူငယ်ချင်း ဘလောခ်ဂါ နှစ်ယောက် ဖြစ်တဲ့ လွယ်ကူစားမြိန် နဲ့ ခရမ်းနွယ်တို့လောက်ပဲပါပါတယ်။ (ကဲကြေငြာပေးလိုက်ပြီနော်....တီ့ဆီကနေ တဆင့် လူဝင်များပြီး ဟစ်တက်ပြီသာမှတ်) အဓိကကလဲ သူတို့နှစ်ယောက်ပဲ လုပ်သွားကြတာပါ။ တီကတော့ ဆရာကြီး လုပ်တာပေါ့။ ဘယ်ဟာကို ဘယ်လိုလုပ်၊ ဘယ်ဟာက ဘယ်လောက်ထည့် ဘယ်ဘက်လက်နဲ့ ဘယ်လိုနယ် ဘာဘာညာညာပေါ့။ အဓိကကတော့ ဓါတ်ပုံလှလှလေးတွေရိုက်ပါတယ်။ အဲ့တာလဲ ဘလောခ်ဂင်းမှာ အရေးကြီးတာကိုးနော်။ အဓိက က တီ့ဟင်းချက်တာတွေကို လူတွေကြိုက်ကြတာ အဲ့လို ပုံလှလှလေးတွေနဲ့ အဆင့်ဆင့် စနစ်တကျ ဖော်ပြတတ်လို့လို့ထင်ပါတယ်။ ထားပါလေ။မောင့်မွေးနေ့ အတွက် လုပ်ကျွေးဖြစ်တဲ့ လက်သုပ်စုံလေးကို ကြည့်ကြရအောင်နော်။ အော်မေ့တော့မလို့ ဟက်ပီးဘလိတ်တက် ဘတ်သ်ဒေးပါမောင်။

ဒီပထမဆုံးပုံကို သိပ်အာရုံမထားကြပါနဲ့ တီ ဘလောခ် ပိုစ့် အသစ်တင်ရင် တခြား ဘလောခ်ဂါတွေရဲ့ ပေဂ်ျ့တွေမှာ အရင်ဆုံးတင်တဲ့ ပုံနဲ့ ပိုစ့်က ပေါ်တတ်တာ သတိထားမိလို့ ပုံလှလှလေးတွေ အရင်ရွေးပြီးတင်ထားတာပါ။ တဆင့်ခြင်းပုံတွေက အောက်မှာ......





အားလုံးသိကြတဲ့အတိုင်း အသုပ်ဆုံ ဆိုနာ မြန်မာလူမျိုးတွေ ခုံခုံမင်မင်စားလေ့ရှိတဲ့ သွားရေစာ တမျိုးပါ။ တီတို့ဆိုရန်ကုန်မှာနေတုံးက နေ့လည်ဆို
မုန့်ဟင်းခါး၊
အုန်းနို့ခေါက်ဆွဲ၊
ကြာဇံချက်၊
ကော်ရည်ခေါက်ဆွဲ၊
ရခိုင်မုန့်တီ၊
နန်းကြီးသုပ် စတာတွေ တခုမဟုတ်တခု ထွက်စားနေကြပါ။ (တလက်စတည်း အကုန် အရင်က ချက်ဘူးတာ လင့်ခ်ပေးလိုက်မယ်နော်) ရန်ကုန်မှာတော့ ဘယ်မှာဖြစ်ဖြစ် အဲ့တာတွေ ရှိတော့ စားရလွယ်တာကိုးနော်။ တီတို့နေတဲ့ မြေနီကုန်း စမ်းချောင်းဆို ပိုတောင်ပေါသေး။ နာမည်ကြီး မုန့်ဟင်းခါးတွေလဲ အဲ့နားမှာ များတာကို။ ခုတော့ ဒီမှာက စားချင်ရင် ကိုယ်တိုင် တခုတ်တရ လုပ်စားပါမှ စားရတာပါ။ လုပ်လဲလုပ်စားဖြစ်ပါတယ်။ မလုပ်ချင်ရင် မစားရဘူးကိုးနော်။ စာဘတ်သူတယောက်က လာမေးပါတယ်။ ဘာလုပ်လဲတဲ့။ ဟင်းချက်တာတွေက မိုက်တော့ အလေ့အကျင့်ရှိတယ်ထင်တယ်နော်တဲ့။ အမှန်က တီဒီမှာ လာနေဖြစ်မှ အဲ့တာတွေအကုန် စချက်ဖြစ်တာပါ။ အို ထမင်းဟင်းကအစပေါ့။ အရင်က အိမ်မှာဆို ဘာအမွှေးမှ မလောင်အောင် မင်းသမီးလိုနေတာ။ စားပြီးတဲ့ ပန်းကန်တောင်မဆေးရဘူး။ ညီလဲ ရှိ အိမ်ဖော်တွေလဲ ရှိဆိုတော့။ ရေတောင် သောက်ချင်ရင် သူသူရေ (အိမ်ဖော်နာမည် ဥပမာ) လို့အော်လိုက်ရုံပါပဲ။ ခုမှ ဒီလဲရောက် တိုင်းတပါးမှာလဲ မိဝေးဖဝေးနေနေရ၊ လင်ကလဲရ ဆိုတော့မှ အိမ်အလုပ်ဆိုတာတွေ လုပ်ရတာ။ ဒါတောင် မောင်က လိမ္မာလို့ တီ သိပ်မလုပ်ရပါဘူး။ အိမ်မှာဆို ဟင်းချက် ထမင်းချက် အဝတ်လျှော် မီးပူတိုက် က မောင်လုပ်တာ။ အိမ်ရှင်းတာကတော့ မိတ်လုပ်တာပေါ့။ ထားတော့။ ပြောချင်တာ ဒီရောက်မှ အဲ့လို အချက်အပြုတ်တွေ စလုပ်ဖူးတာပါ။ အရင်ကတော့ အမေလုပ်တာမြင်ဘူးတာပေါ့ အဲ့လောက်ပါပဲ။ တီကို ကတော်တာဖြစ်မယ်။ တချို့တွေ ပြောသလိုလေ လက်ဆိပ်ရှိတယ်ခေါ်တာပေါ့ တခါမြင်ဘူးရင် ချက်တတ်ပြီ။ မမြင်ဘူးရင်လဲအမေတို့အဒေါ်တို့ ဖုန်းဆက်မေး သူတို့ပြောတဲ့ အတိုင်းချက်လိုက်ရင်ဖြစ်သွားတာပဲ။ သတိထားမိပါလိမ့်မယ် တီ့ အချက်အပြုတ်တွေမှာ ဘယ်တုံးကများ အသားက ဘယ်လောက်သား အချိုမှုန့်ဆားက စားပွဲတင်ဇွန်း ဘယ်နှဇွန်းဆိုတာမျိုး ရေးဖူးလို့လဲ။ (ရေးနေသူများကို မကောင်းမပြောပါ တီက ပိုတော်တာကိုသာပြောလိုရင်းဖြစ်ပါတယ်) ငှဲငှဲငှဲ.......ဒီလိုပဲ ကြည့်ထည့်လိုက် တီ့ မိုတို ကိုက လွယ်ကူမြန်ဆန် စားကောင်းအရသာရှိပဲလေနော်။ ဆား အချိုမှုန့် တို့ ဟင်းချက်ရင် ငရုတ်သီး အရောင်တင်မှုန့် တို့ဆိုတာက ထည့်သာထည့် ကြိုက်သလောက်ထည့် လိုရင် ထပ်ထည့် များသွားရင် ရေရောပဲလေနော်။ လွယ်မှလွယ်။ မလွယ်ဘူးလား သိပ်လွယ်တာပေါ့နော်။ ကဲ တီချမ်း ထုံးစံအတိုင်း လျှာရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး။ တီ့ နောက်မိုတိုတခုကလဲ လျှာရှည်လေ တွေ့ရှိလေဆိုတော့ ရှည်ရမယ်လေနော်။ ကဲလာပြီ။ အသုပ်စုံ။

အားလုံးသိကြတဲ့အတိုင်း အသုပ်စုံကလဲ လုပ်တော့သာလွယ်တာ အစုံပလုံရအောက် ရှာရတာ သိပ်ခက်တယ်။ အမှန်က ငယ်ငယ်က စပ်ကော့လပ်ကော့ဈေးမှာ စားခဲ့သလို ကျောက်ပွင့်လေးတွေ ရေညှိလေးတွေတောင် ထည့်ချင်သေးတာ ခုတော့ လဲ သူများနိုင်ငံမှာ ဆိုတော့ ရှိတာလေးနဲ့ ဖြစ်သလိုပဲပေါ့နော်။ ဒါတောင် တီ့ဖြစ်သလိုဆိုတာက အများစုရဲ့သေချာစီစဉ်မှုထက်တော့ သာမှာသေချာတယ်။ တချို့လူတွေက ဖြစ်သလိုဆို တကယ့်ကို ဖြစ်သလိုလုပ်တတ်ကြတာကလား။ ထားတော့။ နာမည်တော့ မပြောတော့ဘူး တော်ကြာ စိတ်ဆိုးနေမှာစိုးလို့။

ကဲ တီ့အသုပ်စုံက တကယ်ကော စုံရဲ့လား ဘာတွေ ပါသလဲ ကြည့်ကြရအောင်နော်။





ပုံ ၁-၂-၃ အစီအစဉ်လိုက်အတိုင်း သွားမယ်နော်......ဂေါ်ဖီ ပါးပါးလှီးရယ် သင်္ဘောသီး ဓါးနှုတ်စဉ်းလေးရယ် တိုဟူးရယ်ပါ။ လှီးတာချွတ်တာတွေအတွက် ခရမ်းနွယ်ကို ခရက်ဒစ်ပေးချင်ပါတယ်။ တကယ့်ကို တရုတ်သိုင်းလောက က ဓါးသိုင်းသမကြီး အတိုင်းပဲ ရွှတ်ရွှတ် ဒုတ်ဒုတ်နဲ့ လှီးသွားတာ တော်ကြာ စတီဗင်ချောင်းများသိသွားရင် သူ့နောက်ကားတွေမှာ ထည့်ရိုက်နေမှာ စိုးရပါတယ်။ (ဝါးခြမ်းပြားကြီးကြီးနဲ့)





ထမင်းလုံး ငရုတ်ဆီနယ်ပါ၊ အမှန်က ချီးပမ်းချဉ် နဲ့ နယ်ရမှာ နီနီလေး (အဆိုတော်မဟုတ်) အရောင်ရအောင်လေ ခုတော့ မရှိတော့ ရှိတဲ့ တီ ဖက်ထုပ်တွေခေါက်ဆွဲတွေစားရင် ထည့်စားတဲ့ ငရုတ်သီး ဆီချက် ချက်ထားတာနဲပ နယ်ပလိုက်တယ် လှလှလေး လုံးပေးတာက လွယ်ကူစားမြိန်ပါ။ ဆီချက်ကတော့ မောင့် လက်စွမ်းဖြစ်ပါတယ်။ တလောကလုံးမှာ ဆီချက်ကို ဒီလို လှလှ မွှေးမွှေး မတူးအောင် ကြော်နိုင်တာ တီချမ်း ချစ်လင် ယောက်ျား အိမ်သား မောင်ပဲ ဖြစ်ပါတယ်။ နောက်ထပ်ကတော့ သခွားသီး ခုနက ပြောတဲ့ အော်မေ့ ဓါးသမ ခရမ်းနွယ်လက်ရာဖြစ်ပါတယ်။ အံမယ် ခုမှသတိထားမိတယ် သူ့နာမည်က တကယ့် သိုင်းဝတ္ထူတွေထဲက နာမည်ဖြစ်နေပါ့လား။





အားလူးပြုတ် အခွံနွှာချေထားတာဖြစ်ပါတယ်။ နံနံပင်ဖြစ်ပါတယ်။ ကဲ သုပ်ပါတော့မယ်။ အော် မေ့သွားလို့ ပြန်လာအက်ဒစ်ပြီး ထပ်ရေးရတယ်။ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ဆီချက်၊ မန်ကျည်းမှည့်ရည် စတာတွေနဲ့ ဇလုံထဲတခုချင်းစီ နည်းနည်းစီ ထည့်ပြီး အကုန် နယ်ပါမယ်။ ဘယ်လောက်ထည့်ရမလဲတော့ မပြောတော့ဘူးနော်။ တီချမ်းစာဘတ်ရင် လူလည်ချည်းပေါ့။ ကြည့်ကျက်သာထည့် များသွားရင် ခေါက်ဆွဲတွေ အစာတွေ ထပ်ထည့်၊ ပေါ့နေရင် ငံပြာရည်ထပ်ထည့်။ သုပ်တာများသွားရင် ဟိုဘက်အိမ်ဒီဘက်အိမ် ဝေလိုက်။ မဟုတ်ရင် အနီးအနားမှာ နေတဲ့ တခြား ဘလောခ်ဂါတွေ ခေါ်ကျွေး။ ကဲ မပိုင်လား။

နယ်တဲ့ အခါမှာ လက်ကြားလေးတွေထဲက ထွက်တဲ့ အထိ တဗြိဗြိနဲ့ နယ်သာနယ်ပါ။ အဲ့တာမှ ကောင်းတာ။ ရဲဘော်တို့ ခုတို့ လုပ်နေတာ အသုပ်စုံ။ ဒါ လှနေ နုနေ ရမယ့် အချိန်မဟုတ်။ နယ်တာကလဲ လွယ်ကူစားမြိန်ပါပဲ။ အဲ့တော့ စာဘတ်သူက တီချမ်းဘာလုပ်သလဲမေးချင်မယ်။ အဲ့ဒီ ၃ ယောက်ကို ထောင့်စေ့အောင်ခိုင်းနေပါတယ်။ အံမယ် ၃ ယောက်လုံး မခိုမကပ်ဘဲ အမြန်ပြီးအောင် ခိုင်းနိုင်ဖို့ ဆိုတာ လွယ်မှတ်လို့ တီချမ်းမို့လို့သာပေါ့။






ဒါလေးတွေကတော့ ပုံလှလှထွက်အောင်ကော ပရယ်စင်တေးရှင်းကောင်းအောင်ကော တခါ အပြင်သွားတုံးက တွေ့လို့ တမင်ကို အသုပ်စုံလုပ်စားရင် သုံးရအောင်ဆိုပြီး ဝယ်ထားတဲ့ ဘူးပါ။ အဲ့တာ ထုတ်ပေးဖို့ မောင့်ကို ပြောတုံးကတောင် သတ်ရတော့မလို့။ သူက တလောက ရေကြီးတော့ ပစ္စည်းတွေသိမ်းထားတာ အကုန်လျောက်ပြီးတော့လေ။ ပြန်ရှာရမှာပေါ့။ ပြောလိုက်တယ် ရှင် သေတ္တာထဲမှာ ထည့်ထားတာ ကျုပ်တွေ့တယ် သွားယူချေ လို့ ဘယ်ရမလဲ တီချမ်းပဲဟာနော်။ လင်နေစ ကြောင်သေမှလေနော်။ ကြောင်ကော ကျားကော ကျားသစ်ကော ဆင်ကော ခြင်္သေ့ကော အကုန်သေစေရမယ်။ နောက်မှ လင်နိုင်နည်း ၁၀၀ ဆိုတာကို စာအုပ်နဲ့ ကိုရေးပြီး ထုတ်အုံးမယ်။ အားပေးကြအုံးနော်။ ဘေးပုံကတော့ ခေါက်ဆွဲတွေပါ။ ပဲကြာဇံ နဲ့ ဆန်ကြာဇံ ကို ၇-၁၁ ကနေ ဝယ်ပြီးတော့ ရေနွေးဖျော်ပါတယ်။ ပဲကြာဇံက ဖျော်ပြီးတာနဲ့ ရေအေးနဲ့ဆေးပါ မဟုတ်ရင် ထွေးသွားပါမယ်။ ဆန်ကြာဇံကတော့ ပြုတ်ပြီးတော့ ပဲငံပြာရည်အနောက်နဲ့နယ်ပါသေးတယ်။ လွယ်သူစားမြိန်ပါ။ ခေါက်ဆွဲကတော့ တရုတ်နှစ်ကူးရင် မှိုတွေကျိုးချိုက်တွေနဲ့ ကြော်စားတဲ့ သက်ရှည်ခေါက်ဆွဲကို ပြုတ်လိုက်တာပါ။ လွယ်တယ်နော်။





ခုနက ဇလုံက သုပ်တာ ၅ ယောက်စာပါ။ ပြီးတော့ ပွဲပြင်ပြီးတော့ နံနံပင်အုပ်လိုက်တော့ စားချင်စဖွယ် အသုပ်စုံရတာပေါ့။ အမှန်က ဒေါ်ရီတာ အရင်တခေါက် ဘန်ကောက်လာလည်ကတည်းက လုပ်ကျွေးကြဖို့ပါ။ နောက်တော့ ဘယ်လိုကနေ ဘယ်လို ရှမ်းခေါက်ဆွဲပဲ ချက်ဖြစ်သွားလဲ မသိဘူး။ အော် ဟင်းခါးလေးလဲ မမေ့နဲ့နော်။ တီတို့ကတော့ အလွယ် အိမ့်စည်းစိမ် ၃ ထုပ်ကို ရေဆူဆူမှာ တည်ပြီးတော့ ဘူးသီး နုနုလေးတွေစိတ်ထည့်။ ပဲကြာဇံ နည်းနည်းခပ်၊ ပြီးတော့ ကြွက်နားရွက်မှိုလေးတွေ တောက်လိုက်တော့ ဟင်းခါး ပူပူလေးမရပါလား။ မိုက်မှမိုက်ပဲ။ မနေ့က မိုးကလဲ အုံ့တုံ့တုံ့ ဆိုတော့ ကောင်းမှကောင်း။





ဒါကတော့ အပြန်မှာ ပါဆယ်ယူတဲ့ လွယ်ကူနဲ့ ခရမ်း သိုင်းသမ တို့ အတွက်ပါ။ လက်က ခရမ်း ရဲ့ လက်လေ။ တွေ့တယ်မှ ဓါးကိုင်တဲ့ လက်ဆိုတာ................


ကဲ အားလုံးကိုချစ်တယ်နော် မောင့်မွေးနေ့လေး ပျော်ပျော်ရွှင်ရွှင်ပြီးမြောက်သွားတာ ကျေးဇူးပါ။ ပျော်စေပျက်စေ ကလက်စေ ရေးတာမို့လို့ စိတ်မဆိုးရ။ ဆိုးရင်လဲ ဘာမှ မတတ်နိုင် ရေးတာက ရေးပြီးပြီ ဆိုးရင်လဲ လူဆိုးမကြီးတွေပဲဖြစ်မှာ။

Bonus
ဒစ်စနေရဲ့ မင်းသမီးတွေအကြောင်း ရေးဖို့ သုတေသန လုပ်နေပါတယ် မျှော်...........

A Chen
4:02 PM
30th Jan 2012
Monday
Bangkok

18 comments:

  1. simple YET amazingly delicious .......YUM YUM

    ReplyDelete
  2. Happy Birthday ပါ တီချမ်းရဲ့မောင်

    တီတီချမ်း ရေ အသုတ်စုံလေး စားချင်လိုက်တာ မြင်တာနဲ့ ကို တမြှားမြှား ကြလာတယ်.. mouth water.. water mouth

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  3. တီချမ်းရေ.....
    အသုတ်စုံဆိုလို့ကတော့ လာထားပဲး)))
    ဟက်ပီးဘာ့သ်ဒေးပါ တီချမ်းရဲ့ မောင်ရေး))))

    ReplyDelete
  4. Very Good Presentation

    Look delicious!

    ReplyDelete
  5. စားချင်တယ်

    ReplyDelete
  6. အသုပ်ကို သိပ်ကြိုက်တာ....

    စင်စင်

    ReplyDelete
  7. အဲတော့တို့လဲမနက်ဖြန်ကိုအသုတ်စုံလုပ်စားမလို.ပာာကိုတီချမ်းဦးသွားပီတော့။ မြကျေး

    ReplyDelete
  8. တီတီ ပဲပြားကြော်နဲ့ ပုဇွန်ခြောက်မှုန့်လဲမပါဘူးး(
    တီတီ့စာတွေအစကနေပြန်ဖတ်ဖြစ်တယ် စာရေးကောင်းတဲ့ဘလော့ကို အသိနောက်ကျသွားလို့

    မီးမီး

    ReplyDelete
  9. ပျော်စရာမွေးနေ့ဖြစ်ပါစေ တီရဲ့ အိမ်ဦးနတ်ရေ။ ဟင်းချက်တဲ့ပို့စ်တွေကို ပိုသဘောကျတာအမှန်ပဲ။ စာရေးလဲ ကောင်းပါ့။ တစ်ခုပဲ တော်ကြောင်းပြောတာတော့ ရှောင်လို့မလွတ်ဘူး။ :D :D တကယ်လည်းတော်ပါတယ်။

    ReplyDelete
  10. ရွှေစင်ဦး ဒေါ်ချစ် မြကျေး စင်စင် အနောနိမတ်စ်တွေ လာစားကြ အများကြီး ကိုလုပ်ထားတာ

    ပဲပြားက မရလို့ မီးမီးရဲ့ ပုစွန်ခြောက်မှုန့်တော့ပါတယ် ရေးဖို့ မေ့သွားတာ

    အီဗီ ကျေးဇူးပါ

    မောင့်မွေးနေ့ အတွက် ဆုတောင်းပေးကြတာတွေလဲ ကျေးဇူးပါနော်

    ReplyDelete
  11. ဟက်ပီး ဘီလိတ်တက် ဘာ့ဒေးပါ တီချမ်း၏ ချစ်လင် ယောကျာ်း အိမ်သား မောင် ရေ ( မောလို့ ရေသောက်ယူရတယ်

    ReplyDelete
  12. တကယ်ကို စားချင်စဖွယ်ပါပဲရှင်။

    မသုပ်ခင်ပုံကလေးတွေကလည်း အလှကြည့်နေဖို့သာ ကောင်းတယ်။

    စာရေးသူရဲ့ချစ်မြတ်နိုးရသောသူ မွေးနေ့မှာ အထူးပျော်ရွှင်ပါစေ။ သေတပန် သက်တစ်ဆုံး ပျော်ရွှင်ကြည်နူးစွာ အတူတကွ နေနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ် ရှင်။

    ခင်မင်စွာဖြင့်
    မြတ်ပန်းနွယ်

    ReplyDelete
  13. အသုတ်စုံလေး စားချင်လိုက်တာ

    ReplyDelete
  14. vista မြတ်ပန်းနွယ် အနောနိမတ်စ် ကျေးဇူးပါ

    ReplyDelete
  15. စာဖတ်ရင်းနဲ့ကိုစားချင်စိတ်တွေပေါက်လာအောင် ကိုရေးတတ်တဲ့ တီချမ်း ကျေးဇူးပါနော် ခုလိုလေးတွေရေးပေးတော့ လိုက်လုပ်စားရတာအရမ်းအဆင်ပြေတယ်

    ReplyDelete
  16. တီချမ်းရေ တစ်ခုလောက်မေးချင်လို့ပါ တွဲဖက်မစားသင့်သော အစားအသောက်များရှိရင် ရေးပေးပါလားရှင့်

    ReplyDelete
  17. စန်းရေ လာလည်တာ ကျေးဇူးပါတီကလဲ တမင် လိုက်လုပ်စားရလွယ်အောင် ရှင်းရှင်းရေး ပြီး ပုံလေးတွေ နဲ့ အဆင့်ဆင့် ပြထားတာပေါ့

    တွဲဘက်မစားသင့်တဲ့ အစားအသောက်တွေကတော့ တီလဲသိပ်မသိပါဘူးနော်။

    တီကတော့ အစုံစား သတ္တဝါဖြစ်ပါတယ်

    အရင်ကတော့ ဆေးကျန်းမာ အတွက်ထင်တယ် ထုတ်တဲ့ စာရွက်လေးတွေ တွေ့ဘူးတယ် ငယ်ငယ်ကပါ
    ခုတော့ ဘယ်မှာ ရှာရမလဲ တောင် မသိတော့ဘူး တခြား စာဘတ်သူတွေသိရင် ရှယ်ပေးသွားကြပါနော်။

    ReplyDelete