Thursday, March 19, 2009
မတော်တဆ အချစ်
မတော်တဆ အချစ်
တခါတုံးက ကျွန်မ ယောက်ျားတယောက်ကိုချစ်ခဲ့ဖူးတယ်။ သူက ကျွန်မကိုချစ်ရည်ရွှန်းလဲ့တဲ့ မျက်ဝန်း လေး တွေနဲ့ကြည့်ပြီး ပြုံးပြီးတော့ ပြောလာတယ်။
“တကယ်တော့ မင်းကို ကိုယ် လွတ်လပ်ခွင့်တွေအများကြီးပေးထားခဲ့ပါတယ်”တဲ့လေ။
အဲဒီအခိုက်မှာတော့ ကျွန်မ က သူ့ကို ပြုံးပြုံးလေးနဲ့ ပြန်ပြီး သတိပေး ရပါ တော့ တယ်…..
“ကျွန်မ ရဲ့လွတ်လပ်မှုက ကျွန်မ ရဲ့ ကိုယ်ပိုင်ပဲလေ၊ မောင်လာပေးနေဖို့မှမလိုတာ” လို့။
ချစ်နေကြတုံးကတော့ လူတွေက တယောက်ရဲ့ လွတ်လပ်မှုတွေအတွက် တခြားတယောက်က သူ့ရဲ့ ကိုယ်ပိုင် လွတ်လပ်မှုတွေကို နှစ်နှစ်ကာကာ လိုလိုလားလား ပေးဆပ်စတေး တယ်ဆိုတာမျိုးကို မျှော်လင့်တတ်ကြတယ်။ ပေးဆပ် လိုက်တဲ့လွတ်လပ်ခြင်းတွေက သူ့ရဲ့အချစ်တွေရဲ့လေးပင်ရှိုင်းနက်မှုနဲ့ တိုက်ရိုက် အချိုးကျနေသလိုမျိုးပေါ့။
တခါတလေ ကျွန်မတို့တတွေဟာ မလွတ်လပ်တဲ့သူ တယောက်ကိုချစ်မိတဲ့အခါ အဲလိုချစ်မိတဲ့အတွက် နာကျင်ခံစားကြရတယ်။ အဲ..လွတ်လပ်တဲ့ လူတယောက်ကို ချစ် မိတဲ့ အခါကျပြန်တော့ သူ့ရဲ့လွတ်လပ်မှုတွေကို ကိုယ့်အတွက်စတေး စေချင်ကြပြန် တယ်။
အချစ်ဆိုတာ ဘယ်လောက်များအတ္တကြီးလိုက်သလဲလို့နော်။
ချစ်သူရဲ့လွတ်လပ်မှု၊ အနေအထိုင်၊ အပြုအမူ၊ အပြောအဆို စတာတွေအားလုံးကို ကျွန်မတို့ တဦးတည်းနဲ့သာဆိုင်ချင် ပိုင်ချင်ကြတယ်။
မိုးမမြင် လေမမြင် ချစ်နေကြတုံးကတော့ ချစ်သူရဲ့လက်ထဲက အလှမွေးငှက်ငယ်လေးပဲဖြစ်ရ ဖြစ်ရ၊ စနစ်တကျ လေ့ကျင့် သင်ကြားပေးခံထားရတဲ့ ကျားသစ်မလေးပဲဖြစ်ရဖြစ်ရ ကျေနပ်နေနိုင်တာ၊ ချစ်သူကိုလဲ အဲလိုပဲ ဖြစ်စေ၊ ခံစားစေချင်ကြသေးတယ်လေ။ ဒီလိုနဲ့ပဲ တစ်နေ့တော့ ကောင်းကင်မှာ လွတ်လွတ်လပ်လပ် ပျံသန်းခဲ့တဲ့ အချိန်တွေ၊ တောထဲမှာ ကိုင်းပင်တွေကြားထဲမှာ ပျော်ပျော် မြူးမြူး ပြေးဆော့ခဲ့တဲ့ အချိန်တွေ ကိုလွမ်းလာပါလေရော။
ကျွန်မတို့တွေ ကိုယ့်ရဲ့လွတ်လပ်မှုတွေ ကို ကြည်ကြည်ဖြူဖြူ ပေးဆပ်ပြီးချစ်ခဲ့ကြတဲ့၊ သာယာလှပ ခဲ့တဲ့ ခဏတာ အချိန် လေးတွေ ကိုပဲ ပြန်လည် တမ်းတ၊ အောင်းမေ့၊ လွမ်းဆွတ်။
တသက်စာ ထာဝရ ချစ်ကြတယ်ဆိုတာ ကတိတွေနဲ့ တဖက်သားကို လက်ထိပ် ခတ်ဖို့မှ မဟုတ်တာဘဲလေနော်၊ ယုံကြည်မှုနဲ့ လွှတ်ပေးထားတဲ့ ချူပ်နှောင်ခြင်းတမျိုးပါ။
မောင်ရော ကျွန်မပါ သိခဲ့ကြပါတယ် ချစ်ခြင်းထဲမှာ ၁၀၀ % လုံးလုံး လွတ်လပ် တယ်ဆိုတာ မရှိဘူးလေ။ ခန္ဓာ ကိုယ်အရ အသွားအလာ က လွတ်လပ်တယ် ဆိုရင်တောင် စိတ်ထဲမှာတော့ ချစ်တဲ့ သူ လက်ကို အမြဲတွဲထားပြီး အတူတူထားခဲ့ကြဖူးတဲ့ ကတိတွေကို တိတ်တိတ်လေး သစ္စာစောင့်တည်လို့ ပေါ့။ ဟိုး မိုးကုတ်စက်ဝိုင်းကြီးရဲ့ အောက် ဘယ်ကိုပဲရောက်ရောက် ချစ်တဲ့ သူကိုသာ လွမ်းဆွတ် တမ်းတ သတိရ အောက်မေ့….
ကဲ ဘယ်မှာတုံး လွတ်လပ်မှု?
အသက်ကလေးတွေ ငယ်စဉ်ကတော့ လွတ်လပ်မှုဆိုတာ ခေါင်းမာမှုတွေ၊ တဇွတ်ထိုးဆန်မှုတွေနဲ့ အတူ ဒွန်တွဲနေတာပါ။ နောက်တော့ ကျွန်မတို့ ရဲ့ လွတ်လပ် မှု တွေ ကို အချစ်နဲ့ လဲခဲ့ ကြတယ်လေ။ မောင်ဟာ ကျွန်မအတွက်၊ အဲလိုပဲ မောင့် ရဲ့ လွတ်လပ်မှုတွေ ကလည်း ကျွန်မအတွက်။
ဒီလိုနဲ့ပဲ တနေ့တော့ ကျွန်မတို့ ရုတ်တရက် လန့်နိုးသိနဲ့သိ လာကြတယ်။ လွတ်လပ်မှုဆိုတာ အတွင်းစိတ်ရဲ့ ငြိမ်းချမ်းမှုတမျိုးပါ။ ဘာလို့လဲဆိုတော့ ကျွန်မ လုပ်ချင်တဲ့အရာတွေကို စိတ်အေးအေးနဲ့ လုပ်နေနိုင်တယ်လေ။ ကျွန်မ က လွတ်လပ် တဲ့ သူပဲ၊ မောင့် ကို သစ္စာမဖောက်ခဲ့သလို ကိုယ့်ကိုယ်ကို လဲကျွန်မ သစ္စာမဖောက်ခဲ့ပါဘူး။
ကျွန်မက ကောင်းကင်ပေါ်က လွတ်လပ်ငှက်ဖြစ်သလို တော အုပ်ထဲက လွတ်လပ်တဲ့ကျားသစ်မကလေးလဲဖြစ်နေပါသေးတယ်။ ကျွန်မတို့မှာ ကိုယ်စီ ကိုယ်ငှ လွတ်လပ် ပုံရိပ်တွေ၊ နေရာ ၊ အ၀န်းအ၀ိုင်းတွေ နဲ့ ပါ။
တခုပဲလေ ကျွန်မတို့ နှစ်ယောက်မတော်တဆ ချစ်ကြိုက်မိခဲ့ ကြတာပါ။
A Chen
12:47 am
19th Mar 2009
Home
Bkk
18 comments:
  1. တခါတလေ ကျွန်မတို့တစ်တွေဟာ မလွတ်လပ်တဲ့သူ တစ်ယောက်ကိုချစ်မိတဲ့အခါ အဲလိုချစ်မိတဲ့အတွက် နာကျင်ခံစားကြရတယ်...
    တစ်ခုပဲလေ ကျွန်မတို့ နှစ်ယောက်မတော်တဆ ချစ်ကြိုက်မိခဲ့ ကြတာပါ...
    အဲဒီစာသားတွေရဲ့ ရိုက်ချက်တွေထိတယ် တီတီရေ...
    ဟုတ်ပါတယ်.. လူတိုင်းမှာ ကိုယ်စီလွတ်လပ်မူတွေနဲ့ပါ..
    အားလုံးကလဲ မတော်တဆပါပဲ..
    ဘာမှအရေးတကြီးမဟုတ်တော့ဘူး...
    ReplyDelete
  2. ဟုတ်တယ် မီးရေ တီ က
    ကိုသားကြီးကြော်ညာ တဲ့ ဘောစ့်ဘောပင်နဲ့ပဲရေးတာလေ
    အဲဒါကြောင့် ဟတ် ထိတာနေမှာ
    အဟစ်ဟစ်ဟစ်
    ReplyDelete
  3. မိုးမမြင်လေမမြင်တော့ ဘာမြင်သလဲ.. ကျွန်တော်လာလည် အချိန်မရှိ ထမင်းသွားစား ရေကဲ့သို့ ပြန်လျှော
    ReplyDelete
  4. လွတ်လပ်တဲ့ကျားသစ်မကလေး လိုဖြစ်ချင်လား...
    ဟားဟား........
    တီချမ်းရေ...........
    ကျားမလေး...
    ReplyDelete
  5. from Accd: Love to
    May be love for ever....
    ReplyDelete
  6. နဒင်း ရေ ဘာပြောချင်တာလဲဟ?
    တီ က တိန် တုံး
    ရှင်းရှင်းပြောပါလား
    ရှင်းရှင်းပြောပါလား
    ခပ် ရှင်းရှင်းပြောကွယ်
    ReplyDelete
  7. သစ်တင်တာ လာပြောလေ။
    လူမလာ သတင်းမကြားနဲ့ လွတ်ကုန်ပြီ။ ဟင်း ခက်တယ်။
    ReplyDelete
  8. “ကျွန်မ ရဲ့လွတ်လပ်မှုက ကျွန်မ ရဲ့ ကိုယ်ပိုင်ပဲလေ၊ မောင်လာပေးနေဖို့မှမလိုတာ”
    အဲဒါတော့ ဟုတ်ပါတယ်။
    ဒါပေမယ့် ၁ယောက်တည်း ဘ၀ကနေ ၂ယောက် ပေါင်းစပ်မယ်ဆိုရင်တော့ ကိုယ်ထင်ရာကိုယ်စိုင်းလို့ ဘယ်ရပါ့မလဲနော်...
    (အိမ်ရောက်မှ အေးအေးဆေးဆေး မန့်မလို့ဟာ.. လူဇိုး.. )
    ReplyDelete
  9. "တခုပဲလေ ကျွန်မတို့ နှစ်ယောက်မတော်တဆ ချစ်ကြိုက်မိခဲ့ ကြတာပါ။"
    မှန်လိုက်လေ.. :P
    ReplyDelete
  10. ဖတ်တယ်နော်။
    ReplyDelete
  11. မင်းအချစ်က သိမ်းပိုက်ခြင်း
    တို့အချစ်က လွတ်လပ်ခြင်း
    တို့နှစ်ယောက်ရဲ့ အချစ်
    တကယ်ကိုဆန့်ကျင်ဘက်
    မျိုးကြီးသီချင်းဆိုသွားသည်။ (ဆိုင်ဆိုင် မဆိုင်ဆိုင်)
    ReplyDelete
  12. It's base on feeling???
    :D
    I really like all the words , u used for ma taw ta sa a chit.
    ReplyDelete
  13. တီချမ်း.......အေးအေးလေးနဲ့ ..ရိုးရိုးလေး ...Post လေးက..
    အရမ်းကို ကောင်းလွန်းနေခဲ့တယ်....လွတ်လပ်ခြင်းဆိုတာ
    အတွင်းစိတ်ရဲ့ ငြိမ်းချမ်းရာတဲ့လား တီချမ်းရယ်။ မှန်လွန်းနေပြန်တယ်။
    :)....ရေးထားတဲ့ ပုံလေး အရမ်းလှတယ် တီတီချမ်း ..:)
    ReplyDelete
  14. ကောင်းပါ အတွေး လေး ကတော့
    ဒီတစ်ခါပဲ ... တီ အတည်ရေးတွာေတွ့ သေး
    ReplyDelete
  15. အရမ်းမိုက်တာပဲ ...... အရမ်းကြိုက်တယ်း)
    ReplyDelete
  16. အရေးအသားလေးကောင်းလိုက်တာ
    ReplyDelete
  17. အရေးအသား လေးစား
    ReplyDelete
  18. “ကျွန်မ ရဲ့လွတ်လပ်မှုက ကျွန်မ ရဲ့ ကိုယ်ပိုင်ပဲလေ၊ မောင်လာပေးနေဖို့မှမလိုတာ”
    ဟားဟား ထိတယ်။ ပေးဖတ်လိုက်ဦးမယ်။
    ReplyDelete