Friday, July 31, 2009

ရာသီပျက်အလွမ်း (ဆောင်း dual version)

ရာသီပျက်အလွမ်း (ဆောင်း dual version)

Addy:

အပြင်မှာနှင်းတွေ
တဖွဲဖွဲကျနေပြီ
ဆောင်းရောက်နေပြီလား
ပြတင်းကနေငါငေးရင်း
ပြတင်းပေါက်ပေါ်က
ရေမှုန်တွေပေါ်မှာ
နင့်နာမည်ကိုရေးနေမိတယ်
အသည်းပုံလေးဘောင်ခတ်လို့ပေါ့

ချစ်သူရေ...
ဘယ်ရောက်နေပြီလဲ

နှင်းစက်တွေနဲ့
စိုနေတဲ့မြက်ခင်းတွေပေါ်မှာ
တူတူလှဲရင်း
အဆုံးအစမဲ့
ကောင်းကင်ပြာပြာကြီးကို
မော့ကြည့်ခဲ့တဲ့နေ့တွေ
ပြက္ခဒိန်ထဲမှာတောင်ဟောင်းလို့

စက်ဘီးလေးကိုနင်းရင်း
မင်းလက်ကလေးနှစ်ဘက်က
ခါးကိုလာလာဖက်ရင်
ငါအရမ်းယားတတ်ခဲ့တာလေ
မြေနီလမ်းလေးသိပါတယ်

သြော် ခုတော့...
ငါတယောက်တည်း
နေမဝင်လမ်းမကြီးမှာ
ဖော်မပါ တကိုယ်တည်း
စက်ဘီးနင်းတော့
နင့်ကိုသတိရမိတယ်ချစ်သူ
နေဝင်တော့မယ်
နေ့တာတိုတဲ့ဆောင်းလေဟာ...

မိဘုတ်:

နှင်းမြူတွေကို
စောင်လိုခြုံပြီး . . .
နင့်ပခုံးကိုမှီရင်း . . .
တစ်လောကလုံးနွေးနေခဲ့ဖူးတယ်။

ထန်းတစ်ပင်ကျော်မှ
မြင်ရမယ့်နေကိုငေးပြီး
နင့်လက်ကိုကိုင်ဆုတ်ရင်း . . .
တစ်လောကလုံးလင်းနေခဲ့ဖူးတယ်။

စောစောလာတတ်တဲ့
ညနေအရောင်ကို
နင့်ဘေးမှာတိတ်တိတ်ထိုင်ရင်း . . .
တစ်လောကလုံးလွမ်းနေခဲ့ဖူးတယ်။

လွမ်းတယ် ဆောင်းရယ်။

A Chen and BS
2:13 pm
28th July 2009
Online
Bkk and Ygn

1 comment:

  1. ချစ်တီ ဆောင်းရာသီ နှင်းတွေမြင်ရင် ရောင်လည်း မောင့်ကိုလွမ်းတယ်။


    ချစ်တူမ မိရောင်

    ReplyDelete