Friday, November 6, 2009

ဒေါ်သစ်က ဖြိုသလစ်ဆိုတော့ တီချမ်းကလဲ “ဖြစ်သလို”

အခုတလော မြောင်းလေး ပြောသလို ပြိတ္တာဖြစ်အောင် လူတွေ ကို အကုသိုလ်များအောင် စားစရာတွေချည်းပဲတင်နေတယ် မထင်ပါနဲ့ ဇာတ်လမ်းက ဒီလိုပါ

မနေ့ က စားစရာတွေတင်ပါတယ် ဒေါ်စနိုး စီပုံးမှာ လာအော်လို့ပါ အရင်လို တကူးတက ဘလောခ် အသိ လူတွေအကုန်မခေါ်ပေမယ့် စားစေချင်တဲ့ စေတနာ တကယ်ရှိပါတယ် အပြင်မှာ တကယ်ကြုံလာရင်လဲ ချက်ကျွေးမှာပါ။ ထားပါတော့ စကားတွေ ကတည်းက ကားကုန်မယ်။ ဇာတ်လမ်းတွေဝေ့ ကုန်မယ်။ နောက်တခု က ကိုယ်တို့ လို နိုင်ငံရပ်ခြားရောက်လူတွေ လွယ်လွယ်နဲ့ချက်စားလို့အဆင်ပြေအောင် ကိုယ်က ပုံတွေ ဘာတွေ သေချာရိုက်ပြီး နည်းတွေလဲ လွယ်လွယ်လေးဖြစ်အောင် လုပ်တင်ပေးတာပါ။ စေတနာတွေ စေတနာတွေ နော် (အဲ့ဒီ စေတနာတွေ ကြောင့် လင်ကောင်းသားကောင်း များများ ရပါစေဘုရား ဤကားစာကားချပ်)
ကိုယ်ကလဲ အချက်အပြုတ်ကို ဝါသနာ ကိုပါတာဆိုတော့ လေ (မိန်းမ ပီသတာပါ နော့-ဒေါ်ရီတာ တို့လိုဟင်းမချက်တတ်တဲ့ fast food အုပ်စု မျက်စောင်းကြီးနဲ့ လှမ်းကြည့်ကြပါတယ်)


ဇာတ်လမ်း လေးရဲ့အစကဒီလိုပါတဲ့ သားတို့ သမီးတို့ မောင်ညီမလေးများတို့ရေ။


တီက ဒေါ်သစ်အိမ်ကို ဟိုတခါ ဝက်သားတုတ်ထိုးသူတင်ကတည်းက မကြာမကြာ သွားသွားချောင်းလေ့ရှိပါတယ် အဲ့တာနဲ့ ဒီနေ့လဲ ဒေါ်သစ် အိမ်ဘက်ရောက်တော့ အံမယ် ရေရေလည်လည်ကိုချက်ပြီးတော့ စားနေပါတယ် ပြောတာကတော့ ဖြိုသလစ်တဲ့ တကယ်ပဲ တတ်လဲတတ်နိုင်တဲ့ မိသစ် အံမယ် သူတို့ သူငယ်ချင်းတွေ တသိုက်က ပြောပါသေးတယ် တီချမ်း အိမ်မှာ ဘာညာ မိသစ် ကလဲ ဟင်းလာမြည်းပေးပါသတဲ့
ပြောနေလိုက်ကြတာ ပျော်စရာကြီးပါ ကြည့်ကြပါ သူ့ ကွန်မန့်ကနေယူလာတာပါ





အဲ့တာနဲ့ ကိုယ်ကလဲ ဘယ်ရမလဲ

မြေနီကုန်း ဦးပြောင် မယားပါ တူမ၏ ခမည်းခမက်အမျိုး
ပန်းတနော် ဦးမဲ ဟိုဘက်ဒီဘက်အတင်းစပ်တော်သော တူမ
မူလလက်ဟောင်း
ပုသိမ် ဒေါ်ချမ်း aka နန်းမတော် မယ်နု ညီမအရအရင်း စာဆိုတော် မဟာကဝိ နန်းမတော် မိမိချမ်းပဲလေ နော့

ဒီလို ပြန်လည်စိန်ခေါ်ခဲ့ပါတယ် ငှင်းငှင်းငှင်း
(အဲ့တာနဲ့ပဲ ဒီပိုစ့်ကိုတညလုံး အိပ်ရေးပျက်ခံရေးရတော့တာပေါ့လေ ကိုယ့်စကားနဲ့ ကိုယ်ပဲလေနော့ ဒေါ်သစ်ကလဲ နေ့တောင်မကူးသေးဘူး လက်ဆောင်နဲ့ လာနေပါပြီ ခုမှပဲ desperate house wives ထဲက bree နဲ့ katherine လိုဖြစ်နေပြီ ဟိဟိဟိ)



ကဲ အဲ့တော့ သူ့ ကို လက်စားချေတဲ့ အနေနဲ့ ဘာချက်ကြွားအဲလေ ဘာချက်ကျွေးရမလဲ စဉ်းစားတော့ တီခုတလော ချက်နေတာ မြန်မာဟင်းတွေ ဆီပြန်(ဆီပျံ- မဟုတ်ပါ credit to Rita ever green မသိရင် ဗီဒီယို ထုတ်လုပ်ရေးလိုလိုနော် နာမည်က ပြောပါတယ်)တွေများနေတာမှလား အဲ့တော့ အပြောင်းအလဲလေးဖြစ်အောင် အားလုံးကို ခုတခါ တရုတ်စာ ချက်ကျွေးမယ် စိတ်ကူးပါတယ် အဲ့တာနဲ့ ဘာချက်ရင်ကောင်းမလဲ စဉ်းစားတော့ တခါမှမချက်ကျွေးဘူးသေးတဲ့ နံရိုး ကြံမဆိုင် ကိုသတိရပါတယ် တနေ့ကလဲ စီယမ်ပါရာဂွမ်(siam paragon) ကိုရောက်တော့ ကြံမဆိုင်တွေတွေ့တာ ကောင်းမယ့်ပုံရတာနဲ့ ဝယ်လာတာရှိပါတယ် (ဘာနဲ့တွဲမယ်ထင်လဲ အသားဟင်းကို ပြောပြဘူးနော် အောက်အထိဖတ်) အဲ့တာနဲ့ ကြံမဆိုင်ဖတ်လေးတွေ ကိုအနေတော် အတုံးလေးတွေလှီး (ဓါတ်ပုံရိုက်တဲ့ m a e နဲ့မေတဲ့ ဒေါ်မေ ပြောပါအုံးမယ် လှီးနည်းပါသင်ပေးတယ်လို့.... ချက်ရင်လွယ်စေချင်တဲ့စေတနာပါ ရပါစေ နောက်တယောက် ခိခိခိ) နံရိုး (ရှယ်နံရိုးရွေးဝယ်ပါ အရိုးနည်းနည်းအသားများများနော် မဟုတ်ရင် စားမကောင်းဘူး) နဲ့ တီကတော့ သုံးထပ်သားလေးပါ နည်းနည်းထည့်ပါတယ် အဲ့တာမှ ဟင်းရည်ကျက်တဲ့အခါကျရင် ဆီလေးပါနည်းနည်းလေး မဆိုစလောက် စားကောင်းရုံဝေ့နေမှာဖြစ်ပါတယ်။ လှီးချွတ်ပြီးသား ကြံမဆိုင်ရွက်တွေနဲ့ ရေစင်စင်ဆေးထားတဲ့ နံရိုး နဲ့ သုံးထပ်သားတွေ ကို ချက်မယ့် အိုးလေးထဲ အသင့်ထည့် ရေအပြည့်ထည့်ပြီးတော့ တည်ပါမယ် ပုံပါအတိုင်း အဆင့်ဆင့်ပါ။ စပြုတ်တဲ့အခါကတည်းက ဂျင်းဖတ်ခတ်ကြီးကြီး ကို ဓါးပြားရိုက်ပြီး တခါတည်းထည့်ပြုတ်ပေးပါ ဒီနေရာမှာ ဆားအချိုမှုန့် မထည့်သေးပါဘူး

(ပြောအုံးမယ် တီတို့ တရုတ်ချက်နည်းနဲ့ မြန်မာ ချက်နည်း မတူပါဘူး တရုတ်ချက်နည်းက ကြံမဆိုင်ဖတ်ကို ကြီးကြီး လှီးပြီးတော့ မြန်မာချက်နည်းက သေးသေးလှီးပါတယ် ဘာလို့လဲတော့ မသိပါ။ နောက်တခုက မြန်မာချက်နည်းက နနွင်း နည်းနည်းထည့်ပါတယ် တရုတ်က မထည့်ပါဘူး အဲ့တာကတော့ ကြိုက်တတ်ရာထင်ပါတယ် တရုတ်ဟင်းတွေ က ဘယ်ဟင်းမှ နနွင်းထည့်တာ မတွေ့ဘူးသလောက်ပါပဲ။ နောက်တခုက မြန်မာတွေ က ကြံမဆိုင်ကို ဘဲသားနဲ့ချက်တာ များပြီး တရုတ်တွေကတော့ နံရိုးမှ နံရိုး ဝက်မှဝက်ပါပဲ အဲ့တာလေးတွေကွာခြားပါတယ်)



ပုံတွေမှာ ပြထားတဲ့အတိုင်း ဟင်းရည်ဆူအောင်အရင်တည်ပါမယ် ဟင်းရည်ဆူပြီဆိုရင်တော့ ဆား အချိုမှုန့် လိုသလောက်ထည့်ပြီးတော့ ထပ်တခါ ဆူအောင် တည်ပါအုံးမယ် တီတို့ကတော့ အိမ်မှာချက်ရင် စားကောင်းအောင် (အိမ်မှာလဲအလွယ်အမြဲတမ်းရှိနေတော့) အရက်ဖြူကလေးနည်းနည်းထည့်ပါတယ် အဲ့တာဆိုရင် ပိုမွှေးပြီး ပိုလည်းစားကောင်းပါတယ် ကြိုက်တတ်ရင်တော့လုပ်ကြနော် ခုတော့ တီလဲဒီမှာ အရက်ဖြူအလွယ်မရှိတော့ မထည့်ရပါဘူး (ဖြူ့ ကို လွမ်းတယ်ကွယ်) ဝီစကီ တို့ ဂျင်တို့ ဗောလ်ဒဂါ တို့နဲ့ကျတော့မလိုက်ဘူးလေနော် တီ့အမေပြောပြတာတော့ အဲ့တာက တရုတ်ရိုးရာ မီးနေသည်တွေ ကို နို့ပိုထွက်အောင် ချက်ကျွေးတာပါတဲ့ မြန်မာအယူ နွားမြီး စွပ်ပြုတ်လိုပေါ့လေ (ဟုတ်ပါတယ် တီချမ်းက ဒါတွေလဲသိတာပါပဲ ညှင်းညှင်းညှင်း တီချမ်းသိတာတွေပြောပြရင် မျက်လုံးတွေအကုန်ပြူးကုန်မယ် လာလာဖတ်ရလွန်းလို့ပြောပါတယ် )

ကဲပါ အဲ့လိုအချို အပေါ့ မြည်းပြီး နောက်တခါ ဆူပြီးဆိုရင်တော့ ရပါပြီ ဒီလိုလေး ဟင်းရည်က “ကြည်” ဆီလေးမသိမသာ “ဝေ့” (သုံးထပ်သားကြောင့်) အရသာလေး “ချဉ်ပြုံးပြုံး” နဲ့ “ရေလည်မြိန် ကြံမဆိုင် နံရိုး”ပါ




ကဲခုနကမပြောပြဘူးလို့ပြောထားတဲ့ တွဲဖက်မယ့် အသားဟင်းကို ခုပြောပြပါမယ် အသားဟင်းတော့ မဟုတ် ပါဘူး အသည်းဟင်းလျာပါ “လွယ်ကူမြန်ဆန် ချက်နည်းမှန် စားရန် အသည်းဟင်း” လို့တောင် ပြောရမလိုပါပဲ

တကယ်ပဲ ချက်ရတာလဲလွယ် စားလို့လဲကောင်း (အသည်းကြိုက်ရင်ပေါ့နော် မကြိုက်တဲ့ မစားတဲ့ လူတွေအတွက်လဲ ပြောပြအုံးမှာပါ စေတနာတွေနော် နောက်တယောက် ရပါစေသား)
ကဲပါ ဟင်းစချက်ကြရအောင်နော်...ပထမဆုံး ပါးပါးလေးလှီးထားတဲ့ အသည်းလေးတွေကို ဟင်းချက် ကော်မှုန့် နဲ့နယ်ပါမယ်

ပါးပါးလေးလှီး အဲ့တာ က ဒီဟင်းလျာမှာ တော်တော်လေးအရေးကြီးပါတယ် ထူလွန်းရင် အသည်းက မာပြီးစားမကောင်းတော့ပါဘူး ပြီးတော့ အသည်းကို စဝယ်ကတည်းကလဲ နုတာလေးရွေးဝယ်ဖို့လိုပါတယ် အသည်းအစိမ်းတွေတွေ့ဖူးကြရဲ့မှလား အနီရောင်အတုံးကြီးတွေလေ ဒါပေမယ့် ဝယ်တဲ့အခါ အဝါရောင်သန်း နေတာလေးရွေးဝယ်ပါ အဲ့တာက ပိုနုတဲ့အသည်းပါ (ဘယ်လိုသိလဲမမေးပါနဲ့ “ဝါ” ကစကားပြောတာပါ ငှဲငှဲငှဲ)

နောက် ခုနက ပြောသလို ပါးလှပ်နေအောင် သေချာ လှီးထားတဲ့အသည်းကို ကော်မှုန့်နဲ့နယ်နေတုံးတခါတည်း အချိုမှုန့်အနည်းငယ်နဲ့ ငံပြာရည်လေးပါ နည်းနည်းထည့်နယ်ပါမယ် ပြီးရင် မကြော်ခင်ခဏလေးနှပ်ထားပါမယ် အသည်းထဲကို အရသာတွေ စိမ့်ဝင်အောင်ပါ အသည်းကိုပြင်ဆင်ထားပြီးရင် နောက်ထပ်ပြင်ထားရမှာတွေက
.....
ငရုတ်သီးခြောက်လေးတွေပါ ငရုတ်သီးခြောက်လေးတွေ ကို အနေတော်မနည်းမများ အညှာချွေပြီး ရေစင်စင်အသင့်ဆေးထားပါမယ် ကြိုက်တတ်ရင် နည်းနည်းပိုထည့်လို့ရပါတယ် တီကတော့ မွှေးရုံပဲ မို့ နည်းနည်းပဲထည့်ပါတယ် တီက အဲ့ဒီ ငရုတ်သီးကြော် ကိုဟင်းထဲရောက်သွားရင် မစားပါဘူး နောက်ပြီးတော့ ကြက်သွန်နီဥ ကို ၈စိပ် သို့ ၁၀ စိပ် လှီးပါမယ် ပါးလွန်းရင် မကောင်းသလို ထူလွန်းရင်လဲမကောင်းပါဘူး ၈ စိပ်က တကယ့် ကိုအသင့်တော်ဆုံးပါပဲ ဥကြီးရင်တော့ တမျိုးစီစဉ်ပါမယ် နောက်တခုကတော့ ဂျင်းပါ ဂျင်းကိုတော့ ပုံမှာ ပြထားတဲ့အတိုင်း အချောင်းသေးသေးလေးတွေရအောင် ကြိုးစားလှီးပါ ဂျင်းအပြားလိုက်ပါးပါးလေးတွေရအောင်အရင်လှီးပြီးမှ အချောင်းလေးတွေပြန်လှီးရင် ပိုလွယ်ပါတယ် ပြီးရင်တော့ ပုံမှာ ပြထားတဲ့အတိုင်း ကြော်ဖို့အဆင်သင့် ပန်းကန်ပေါ်မှာ လှလှလေးပုံထားလိုက်ပါတယ် (တီက အရင်တခါ ပြောထားသလိုပဲ bree ဖြစ်တဲ့အတွက် ကြော်လှော်ချက်ပြုတ်ရင်းတလက်စတည်းဆေးလေ့ရှိပါတယ် အဲ့တော့ ချက်လဲပြီးရော ဆေးလဲပြီးရောပေါ့)


ပြီးရင်တော့ ကြော်ဖို့အသင့်ဖြစ်ပါပြီ အောက်မှာ ပြထားတဲ့အတိုင်း ဆီပူအိုးလေးအရင်တည်ပါမယ် ဆီကို နည်းနည်းလေးပဲထည့်ပါ အဲ့အတွက် မကပ်တဲ့အိုးရှိရင် အင်မတန်ကောင်းပါတယ် ဆီစားသက်သာသလို ချက်လို့လဲကောင်း ဆေးရတာလဲလွယ်ပါတယ် ပြီးရင် ငရုတ်သီးလေးတွေကို ဆီနဲ့အရင်လှိမ့်ပါတယ် မွှေးလာတဲ့အထိ ကြော်ပေးပါမယ် နနွင်းလုံးဝ လုံးဝ မထည့်ပါဘူး (ပြောပြီးပြီလေနော် တရုတ်ဟင်းလို့) ပြီးရင်တော့ အစဉ်လိုက်အတိုင်း ကြက်သွန်နီ ဂျင်း စတာတွေထည့်ပေးပြီး ခုနကလိုပဲ မွှေးလာတဲ့အထိကြော်ပေးပါ (တူးတဲ့အထိမဟုတ်ဘူးနော်)


မွှေးလာပြီဆိုရင်တော့ ခုနက နှပ်ထားတဲ့ အသည်းကိုထည့်ပါမယ် ပြီးရင် ခရုဆီ နည်းနည်းထည့်ပါမယ် (မှတ်ချက်-ဆားမထည့်ပါဘူး) ကော်မှုန့်နယ်တာက အသည်းကို ပိုနုစေချင်လို့ပါ အဲ့လိုကြိုနယ်ထားရင် အသည်းက နုနုလေးဖြစ်နေပါမယ်
ခရုဆီထည့်ပြီးလို့ ခဏလေးကြော်လိုက်တာနဲ့ အသည်းက အရောင်ပြောင်းပြီး ကျက်သွားပါမယ် အကြာကြီးမကြော်ပါနဲ့ အသည်းမာ သွားရင် စားမကောင်းပါဘူး (အသည်းမာ သွားရင် မချစ်တတ်တော့သလိုပဲဖြစ်ပါတယ်)


အင်း အသည်းတွေအရောင်ပြောင်းလို့ ကျက်ပြီဆိုတာနဲ့ ချလို့ရပါပြီ အဲ့တာဆိုရင်တော့ ခုန ကကြံမဆိုင်နဲ့ တူတူတွဲစားဖို့ “အသည်းကြော်လေး” တပွဲရပါပြီ




(မှတ်ချက် ခုနက ပြောသလိုနည်းအတိုင်းပဲ အဆင့်ဆင့် အသည်းအစား ကြက်၊ ဝက် စတာတွေနဲ့ချက်ရင်လဲ ကုန်းဘောင်ကြော်တခွက်ဖြစ်ပါမယ်)

ဝက်အသည်းဖြစ်ပါတယ် ကြက်အသည်းမဟုတ်ပါ........

ကဲမထင်းလဲစားပြီးပြီဆိုတော့ အအီပြေ အချိုပွဲလေးတွေ စားကြရအောင်နော်
တီက ဖြစ်သလို လို့ ပြောထားပေမယ့် စိတ်ရှိလက်ရှိလေးလဲ စားဖြစ်ပါတယ် ကြည့်ကြရအောင်နော်
ဒါကတော့ ဘန်ကောက်မှာ ဘယ်နေရာမှာဖြစ်ဖြစ်အလွယ်တကူဝယ်လို့ရနိုင်တဲ့ နာနတ်သီးလေးတွေပါ တီက ဝယ်လာပြီးရင် ဒီအတိုင်းစားတဲ့အခါလဲစားပါတယ် ချိုတာကိုးနော် တခါတခါ လျှာရှည်ပြီး လျှာရင်းမြက်မြက်လေးစားချင်ရင်တော့ ခုလိုလုပ်စားပါတယ် ပထမ ပုံက သကြား ငရုတ်သီးမှုန့်အနည်းငယ်နဲ့ နာနတ်သီး ကို ပြင်လိုက်ပါတယ် ပြီးတော့ ဒုတိယပုံအတိုင်း “ပျားရည်” အနည်းငယ် ထည့်ပါမယ် ပြီးရင်တော့ သံပရာ သီးလေး တစိတ်လောက်ညှစ်ထည့်ပြီး ဇလုံကိုလှိမ့်လိုက်ရင် တတိယပုံမှာ ပြထားတဲ့အတိုင်း အင်မတန်မှ ကိုအအီပြေပြီး စားကောင်းအရသာရှိလှတဲ့ နာနတ်သီး တခွက်ရပြီပေါ့နော်အေးအေးလေး ရုပ်ရှင်ကြည့်ရင်းနဲ့စားမယ်ဆိုရင် နယ်ပြီးတော့ ခဏ ရေခဲသေတ္တာထဲထည့်ထားလိုက်ပါမယ်


ဒါကတော့ အသင့်စိမ်ပြီးသားဈေးလမ်းကနေဝယ်လာတဲ့ မာလကာသီးနဲ့ ဇီးဖြူသီးပါ မာလကာ သီးအကြောင်းနည်းနည်းပြောပါမယ် မာလကာ သီးက ဆေးသကြားရည်နဲ့ စိမ်ထားပါတယ် ပြီးတော့ သူ့ကို တို့စားရမယ့် ဆား/သကြားကတော့ အောက်က ပုံမှာ ပြထားတဲ့ ပန်းနုရောင်လေးပါ အဲ့တာလေးက မက်မုံသီးစေ့နဲ့ လုပ်ထားတာပါ ဒီလိုစိမ်ထားတဲ့မာလကာ နဲ့ အင်မတန်မှ အဆင်ပြေပါတယ်။ ဇီးဖြူသီးကတော့ သိပ်ပြောစရာမရှိပါဘူး ရိုးရိုးပါပဲ ဆားကလဲရိုးပါတယ် ဆား+အချိုမှုန့်+ ငရုတ်သီးမှုန့်ပါပဲ (ကြုံလို့ပြောပါအုံးမယ် ဇီးဖြူသီး နဲ့ဖန်ခါသီး ကိုလူတော်တော်များများမှားကြပါတယ် ဇီးဖြူသီးက ဘာနဲ့တူလဲဆိုတော့ အင်း.....ရွှေဖရုံသီးအသေးလေးလိုပါပဲ ဘေးနားမှာ အထစ်ကလေးတွေပါပါတယ် ဖန်ခါးသီးကတော့ လုံးချောပါ ဂေါ်လီလုံးလေးတွေလိုပေါ့) နှစ်မျိုးစလုံးကတော့ အစိမ်းစားပြီးရေသောက်ရင် ချိုပါတယ်။ ရှင်းတယ်နော် ခိခိ


ဒါကတော့ တီ့အကြိုက် မပါမဖြစ်သရက်သီးပါ ယိုးဒယားမှာ တခုကောင်းတာက အဲ့ဒီလို အသီးတော်တော်များများက တနှစ်ပတ်လုံးရနေတာပါ (အင်အော်ဂန်နစ်တွေပေါ့) ထားပါ စားရပြီးတာပဲ မှလား

မြန်မာပြည်မှာနေတုံးက နွေဦးရောက်တိုင်းဈေးထဲမှာ သရက်သီးသည်နဲ့ ရန်ဖြစ်ရတာ ကိုမှတ်မိသေးတယ်
တီက မဝယ်ပဲလဲမနေနိုင်ဘူး စားချင်တာကိုး ကိုယ်ဝန်ဆောင် မိန်းမတွေထက်တောင် ဆိုးသေး သရက်သီးလေးတွေကလဲပေါ်ခါစဆိုရင် ရင်ကွဲသေးသေးလေး ကိုတောင် တလုံး ၂၀၀ တွေဘာတွေပေးရတာ အဲ့တော့ တီက ဈေးသည်နဲ့ ရန်ဖြစ်တာပေါ့ မရှက်ပါဘူး သူတို့က မတရားတောင်းတာကိုနော့

ခုတော့ ကြိုက်သလောက်ကြိုက်တဲ့အချိန်ဝယ်စားမယ် ဒါပဲ....သရက်သီးကလဲ နှစ်မျိုးပါ ထောင်နေတဲ့အလုံးလိုက်က အချိုပါ တီကတော့ သိပ်မကြိုက်ပါဘူး အိမ်သား(အိမ်သူမဟုတ်ပါ) က ကြိုက်လို့ အမြဲထည့်ဝယ်တာပါ
တီ့အကြိုက် က ပြားပြားလေးတွေလှီးထားတဲ့ အချဉ်သီးပါစိတ်ကူးပေါက်ရင် ငံပြာရည်နဲ့ ငရုတ်သီးမှုန့် စပ်စပ်ကလေးဖြူးပြီး စားပါသေးတယ် (ခုတောင် စာရေးရင်း သွားရည်တွေကျနေလို့ သုတ်ရသေးတယ်)

ကဲထမင်းလဲစားပြီးပြီ အချိုလဲတည်းပြီးပြီ ဘာလိုသေးလဲ
ခဏနားပါတယ်
နားနားပြီးစားလို့ အဆိုရှိတယ်မှလား? နော့
ကဲ နားလို့ဝပြီလား အဲ့တာဆို လာပြီ နောက်ဆက်တွဲ

ကဲကြည့်လိုက်ကြပါအုံး တီကအမြဲ ဘာပဲ စားစား အဲ့လို လှလှလေးလဲ တခါတလေ စိတ်ကူးပေါက်ရင် ပြင်ပြီးမှစားပါတယ် မြင်ရတဲ့အတိုင်း ပန်းကန်ပြားထဲမှာ လှလှလေးပြင်ဆင်ထားတာကတော့ (မသုပ်မှီပုံ) လက်ဖက်ပွဲပါ မြင်တဲ့အတိုင်းပဲ ကလောစ်ဝိုက်အတိုင်း clockwise(နာရီလက်တံလည်သကဲ့သို့) လက်ဖက်၊ ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီး၊ သံပရာသီးစိပ်၊ ဂေါ်ဖီထုပ်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ နဲ့ ပုစွန်ခြောက် အလယ်ကတော့ ခုနက မင်းသမီးတွေနဲ့ ပတ်လည်တွဲတဲ့ မင်းသား အကြော်စုံပါ

အမှန်ကတော့ ပြင်မယ့်သာပြင်နေတာပါ နောက်ဆုံးတော့လဲ ဗိုက်ထဲရောက်ရမှာပါပဲ ခုလိုပေါ့ မရောက်ခင်တော့ အရင်ဆုံး ဇလုံထဲရောက်ပါမယ်

အကုန်ရောထည့်လိုက်ပြီး ဆီ ဆား အချိုမှုန့် နဲ့ သံပရာသီးလေးညစ်ပြီးချဉ်ချဉ်စပ်စပ်လေးနယ်ပါမယ် အပေါ့ အငံ လိုရင် ငံပြာရည် နည်းနည်းထည့်ခွင့်ပြုပါတယ်
ပြီးရင်တော့ ပန်းကန်လေးထဲမှာ ပုံထည့်ပြီးအတင်းတုတ်ရင်း စားမှာပေါ့နော်


ဒီလိုပါ ဘေးက ဟာတွေက ဘာလဲမမေးပါနဲ့ မနေ့ က ဝယ်လာတဲ့ တို့စရာအကျန် မျှစ်နဲ့ ကြောင်လျှာသီးလေးတွေပါ ဟိဟိ
တီက ကြောင်လျှာသီးတော့ အသေကြိုက်ပါတယ် အဲ့တော့ တည့်တည့်မတည့်တည့် ထည့်စားတယ်ဟယ် ဘာလုပ်ချင်လဲ? သေချာ ကိုဘေးမှာ ပုံပြီးတော့ကိုစားတာနော် လှလှလေးလဲ စီလိုက်သေးတယ်
နောက်တော့လဲ ဗိုက်ထဲရောက်မှာ ကိုပဲ နော့
သြော်အရေးကြီးတာ ကျန်တော့မလို့ လက်ဖက်နဲ့ တွဲဖို့
နန်းညီ “ရေနွေး” မမေ့နဲ့ဦးနော် (ဟင်းဟင်း)


ကဲ ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး အောက်မှာ ကျန်ပါသေးတယ်
နောက်ဆုံးအိပ်ခါနီး အစာပိတ်ပါ ကော်ဖီနဲ့ ပေါင်မုန့် မီးကင်လေးပါ
ဘေးမှာ Peanut butter လဲပါပါသေးတယ် ဟိုတနေ့ က ရုပ်ရှင်ထဲမှာ မင်းသမီး က စားတာတွေ့လို့ သွားဝယ်လာစားပါတယ် ကိုယ်လဲ မင်းသမီးပဲလေနော့ အဖေ့နာမည်က ဦးမင်းတဲ့ ဟိ
ကော်ဖီကတော့ တီ့အကြိုက် ပရီ............မီ..........ယား (ဖြူဖြူကျော်သိန်း အသံဖြင့် အော်၍ဖတ်ရန်)
တူးပလပ်စ် ဝမ်းပါ ၃ အင် ၁ တွေမကြိုက်တတ်ပါဘူး
မရရင် fresh brew သောက်ပါတယ်

ကျန်ပါသေးတယ်
မပြီးသေးပါဘူး
နောက်ဆုံးပါပဲ
အားယားနေလို့ပါ ဆော့ကြည့်တာ strawberry jam တွေပါ


မနက် ၅ နာရီ ကျော်ပြီ ဒေါ်သစ်ပေးတဲ့ ဒုက္ခ
အိပ်တော့မယ်
အားလုံးကို သိပ်သိပ်သိပ် ချစ်ပါတယ်နော်
လာစားကြ
(မှတ်ချက် မနေ့က ဘလောခ် လူ ၂၀၀ ကျော်ဝင်၍ ပျော်ပါသည်
ကဗျာတွေ စာတွေရေးတာထက် ဟင်းချက်တာကို လူတွေပိုအားပေးကြတယ်ထင်ပါ့
နန်းမတော် မိမိချမ်း ထက် ပုသိမ် ဒေါ်ချမ်း ကို ပိုကြိုက်ကြတယ်ပေါ့လေနော့)



တညလုံးအိပ်ရေးပျက်၍ မလှမပ ဖြစ်နေသော်လည်း
ကပိုကယိုချစ်စရာကောင်းနေသေးသော မိမိချမ်း
၅း၁၅ နာရီ
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၇ရက်နေ့
စနေ
ဘန်ကောက်မြို့
နေအိမ်

12 comments:

  1. (အဲ့ဒီ စေတနာတွေ ကြောင့် လင်ကောင်းသားကောင်း များများ ရပါစေဘုရား)

    အများကြီး ဘာလုပ်ဖို့လဲ ???

    ReplyDelete
  2. အများကြီးဆိုတော့ ထည်လဲသုံးလို့ရတာပေါ့ အဟိ
    တခါတလေ လဲ မုန့်ဟင်းငါး တခါတလေလဲ အုန်းနို့ခေါက်ဆွဲပေါ့အေ
    ခိခိခိ
    ကြိုကြားကြိုကြားကျတော့ နန်းကြီးသုပ်လေးဘာလေးပေါ့နော်
    အပြောင်းအလဲလေးပေါ့

    ReplyDelete
  3. coffee က အစာပိတ်ပါ။
    Same Here..

    ReplyDelete
  4. jeujue: အေးပေါ့အေ...အေးပေါ့အေ...စားကြပေါ့အေ...နာလိုဘူးအေ့...ဒါပဲအေ့. (ကလေးတွေရန်ဖြစ်ရင်ပြောသလိုဖတ်ပါ)

    ReplyDelete
  5. ဟေဟေ့ တီ့ဆီကချက်နည်းတွေထဲ အသဲကြော်ကို အကြိုက်ဆုံး .. ခုနည်းသိသွားပီ .. ကြော်စားဦးမှ .. သရိုးသရီလေးတွေကော စားသွားတယ် ... ဟားဟား အဲ့သရိုးသရီဆိုတာ မပြောရတာကြာပေါ့ :)

    ReplyDelete
  6. တီချမ်း ညည်းအေ ရက်စက်ချက်က ကမ်းကုန်တယ်... ကျုပ်က တနေ့လုံးမအားလို့ ညမှရောက်တာကို ဒီလိုမျိုးနှိပ်စက်ရက်တယ် ..နက်ဖြန်ကျရင်တော့ ကျုပ်ဘလော့ကို ခဏတဖြုတ် ၀င်ဖြစ်အောင်ဝင်နော့....

    ReplyDelete
  7. ဘန်ကောက်ပဲ လာခဲ့တော့မယ်
    အဲဒီကျမှတော့ ထွက်မပြေးနဲ့နောင့် ဟွင့်

    နနခ

    ReplyDelete
  8. ရှလွတ် ရှလွတ် ရှလွတ် (သားရည်သိမ်းသံ)
    မိရွှေသစ် တီချမ်းဆီက နည်းယူပြီး ချက်တော့မယ်ပေါ့ ဖုကောဒ့်ရုပ်မပေါက်အောင်
    တီချမ်း နံရိုးကြံမဆိုင်ဟင်းအတွက် (တယောက်ရပါစေ)
    အသည်းစားကြီး တီချမ်းရဲ့  အသည်းဟင်းအတွက် (တယောက်ရပါစေ)
    အချဉ်လေးတွေ ရှလွတ် ရှလွတ် ဆီဖြူသီးလေးတွေအတွက် (တယောက်ရပါစေ)
    ပုစွန်ခြောက်နန်းခြင်းနဲ့  လက်ဖက်သုတ်လေး (ရှလွတ်) အတွက် (တယောက်)
    လက်ဖက်သုတ်လေးကို လှလှလေးလုပ်ထားပေးတဲ့အတွက် နောက် တယောက်
    ကော်ဖီနဲ့ ပေါင်မုန့် မီးကင်အတွက် (နောက်ထပ်တယောက်)
    ဟင် များသွားပြီ များသွားပြီ ပြန်လျှော့မယ် ပြန်လျှော့မယ်
    လက်ဖက်သုတ်ကို လက်အိတ်မသုံးပဲ သုတ်တဲ့အတွက် (တယောက်ပြန်လျှော့)
    စတော်ဘယ်ရီယိုကို ပေါင်မုန့် ပေါ်မသုတ်ပဲ ကလေးကလားဆော့တဲ့အတွက် (တယောက်ပြန်လျှော့)
    သရက်သီးစိမ်းကိုပြပြီး သားရည်ကျအောင်လုပ်တဲ့အတွက် (နောက်တယောက်ပြန်လျှော့)
    ဟင်းချက်နည်းရေးတာကို ကြော်ငြာဝင်တဲ့အတွက် (အိမ်သား(အိမ်သူမဟုတ်ပါ) (နောက်တယောက်ထပ်လျှော့)
    ကလေးတွေရှေ့ မှာ မီးနေသည်တွေ နို့ ပိုထွက်အောင်လို့  ရှက်ရှက်တွေ ပြောတဲ့အတွက် (နောက်တယောက်ပြန်လျှော့)
    ပြောတော့ စေတနာတဲ့ ဟွန့်  ဟင်းလေး ၂ မျိုး လက်ဖက်သုတ်လေး၁ ပွဲ အချိုပွဲ အချဉ်ပွဲလေး ၃ ပွဲံလောက်နဲ့ တောင်းတဲ့ဆုက များများရပါစေတဲ့ ဒါ စေတနာထက် လိုချင်နေတာများတယ် ဒါကြောင့် နောက် ၁ ယောက် ထပ်လျှော့တယ်ဟယ်
    ဟင် အနုတ် မိုင်းနပ်ပြသွားပြီ တီချမ်းတော့ အဟိဟိ
    ခုမှ မူလ လက်ဟောင်း ဓနုဖြူ ဒေါ်ရီစော လမ်းမတော် ဒေါ်ရီးကြိတ် တွန်းလှည်း မစုချစ် မာရိုးအေ ကော်ဖီ ဆိုင်ရှင် အနုတ်ကြီး တီချမ်း

    ReplyDelete
  9. ဟင် ဖလား ဖလား ဒီမှာလည်း အရှိန်လွန်ပြီး မန့် တာလွန်သွားပြီ ပြေးမှ

    ReplyDelete
  10. လက်ဘက်သုတ်လေး စားချင်တာနော် ဒုက္ခ ဒုက္ခ။

    မအယ်

    ReplyDelete
  11. ရက်စက်လိုက်တာ တီရယ်ယ်ယ်ယ်ယယ်ယ်ယ်ယ်...
    သွားရည်တွေ တောက်တောက်ယိုနေပြီ..
    ရဘူး
    ကြံမဆိုင် ချက်စားတော့မယ်....

    ReplyDelete
  12. အန်တီချမ်းရေ တာကာလာဖတ်ပြီး ကြွေသွားတယ်။

    ReplyDelete