Thursday, December 3, 2009

သွားရည်ကျစရာ ညလယ်စာ

တိတ်ဆိတ်သော အကာလ ညအခါ
အချိန်ကား..........ညလယ် ၁၂ နာရီ ၃၀ မိနစ်စွန်းစွန်းခန့်

မြေလတ်ပိုင်းမဟုတ်သော ကမ်းခြေအနီး မြို့ပြကျယ်တခုရှိ ၅ ထပ် အဆောက်အဦး တခု၏ အခန်းငယ်လေးတခုထဲတွင်......
အကျွန်ုပ် တို့၏ ဇာတ်လိုက်ကျော်မဟာ အန်တီချမ်း ကား လက်စမသတ်ရသေးသော အလုပ်များကို ကုတင်ပေါ်တွင် အားယားမှောက်ကာ အပတ်တကုတ် ကြိုးစား ဖြတ်နေချိန်တွင်........

“တင် တင် တင် တင်း တင်တင် တင်းတင်တင်”

ကုတင်ပေါ်တွင်တင်ထားသော Nokia Express Music အမျိုးအစား မိုဘိုင်းဖုန်းကလေးမှ မြည်သံသာသာလေး က တိတ်ဆိတ်သော ညယံကိုဖြိုခွင်းလိုက်လေသည်။ ပြတင်းအပြင်ဘက်မှ ညည့်ငှက်တအုပ် လန့်ပျံသွားကြ၏။
ဤကဲ့သို့အကာလ ညအခါတွင်ဖုန်းဆက်လာသူကား အသူပေနည်းဟု အကျွန်ုပ် တို့၏ ဇာတ်လိုက်ကျော်မဟာ အန်တီချမ်း ကားအံ့အားသင့်မိပေသည်။ သို့သော်လည်း အတွေ့အကြုံ ရင့်ကျက် သူပီသစွာ ရုပ်ရှင်ဇာတ်လမ်းများထဲမှာ ဇာတ်ဝင်ခန်းကဲ့သို့ ဖုန်းကလေး အား ကြောက်လန့်မှုကင်းစွာ ကြည့်၍ ရဲရဲဝံ့ဝံ့ ကိုင်ကာ ........
“ဟယ်လို”.......ဟု ကျေးငှက်တကာ နိုက်တင်ဂေး တို့ထက် ပိုမိုသာယာ ညိမ့်ညောင်းလှပေသော ပီယဝါစ အသံသာကလေးနှင့် ထူးလိုက်လေ၏။
“ဟဲ့ တီချမ်း.....................ငါပါ ကိုကိုးလီ” ဟုသော ငှက်ဆိုးထိုးသံကြီးက ကျန်ုပ်တို့ဇာတ်လိုက်ကျော်မဟာ တီတီချမ်းအား အာရုံပျက်သွားစေကာ စိတ်ကူးလေးများပင် ကလူကလူ ဖြစ်သွားရစေလေပေတကား။
သို့ဖြစ်ရကား တီချမ်းမှာလဲ .......စိတ်မရှည်လှစွာသော အသံဖြင့်...“အေး ဘာလဲပြော” ဟု ဆောင့်အောင့်ခြင်းကြီးစွာ ထူးလိုက်ရပေသည်။
“အော် ဘာမှမဟုတ်ပါဘူး ငါနဲ့ ငါ့ရည်းစာ(အသစ်) ခုပဲရုပ်ရှင်ကြည့်ပြန်လာတာ နင့်အိမ်မှာ ဘာစားစရာရှိလဲ” ဟု ချစ်လှစွာသော သူငယ်ချင်းမှမေးလေသည်။
ဤတွင်ခုန က အလုပ်ကုန်းလုပ်နေသဖြင့် ဗိုက်ဆာရန်မေ့နေသော တီတီချမ်းမှာ ချက်ချင်းဆိုသလို ဆင်တွေဗိုက်ထဲ ထ က ကုန်သကဲ့သို့ လက်ငင်းကြီးကို ဆာလှချည်ရဲ့ ဆာလှချည်ရဲ့ ဟုသော စိတ်စေတသိတ် ကိုဖြစ်ပေါ်လာပေသည်တမုံ့။
သို့နှင့် အစားနှင့် သူငယ်ချင်းဆိုလျှင်ဘယ်တော့မှမငြင်းဆန်တတ်သော ဇာတ်လိုက်ကျော်မဟာ ပြည်သူ့အသည်းကျော်လေး တီတီချမ်းသည် “အေးလာခဲ့ ငါ တခုခု လုပ်ထားလိုက်မယ်” ဟုပြောလိုက်လေသည်။

သို့ဖြင့်ပင် ယခု စာရှုသူ အသင် သွားရည်တမြားမြားကျရမည့် စားသောက်ဖွယ်ရာ ဘောဇဉ်များ သည် ဘလောခ် စာမျက်နှာပေါ်သို့ နိုင်ငံခြားရောက်မြန်မာ များ ကျိန်ဆဲခြင်းအတတ်ကို လေ့ကျင့်ပေးရန်အလို့ငှာ ရောက်လာရပေသည်။ သို့သော်လည်း အချိန်သည် အကာလ ညည့်အချိန် ကိုပင်အနည်းငယ်စွန်း၍ သန်းကောင်ထက်နက်သော ညည့်ကိုရောက်နေပြီကို သတိရသိရှိစေချင်သောကြောင့် စာရှူသူ အသင် အား စိတ်ဝင်စားစေခြင်းငှာ စာရေးသူက ဇာတ်လမ်းအစ ကနဦးကတည်းက တင်ကြို ဖော်ပြခဲ့ပေသည်။

ဖြစ်သလို ဟုဆိုသော တီချမ်း၏ ညလယ်စာသည်ကား အောက်ဖော်ပြပါ အချင်းအရာ များ ဘောဇဉ်ခဲဖွယ်များ နှင့် ဝါးမျိုစရာ ညလယ်စာ များပင်ဖြစ်ပေတော့သည်။ အင်္ဂလိပ်ခေတ်အခါတွင်ကား ဤသို့သော ညလယ်စာ ကို “ဆပ်ပါ” (supper) ဟု ဘိုသံ ပီသ စွာခေါ်ဆိုလေ့ရှိပါပေ၏။ ထို့ပင်တဝ ညလယ်စာစားပွဲကို တည်ခင်းပေးသော သူများမှာလဲ ဒုတိယ ကမ္ဘာစစ်အတွင်းတွင် အမြတ်ထွက်ခဲ့သော ကုလား လူမျိုး ဘတ်တလာ များပင်ဖြစ်ချေပြန်သည်တမုံ့။ တကောင်းအစ တည်ရှိခဲ့ပေသော ဆွေးကြီးမျိုးကြီး မြန်မာ ရွှေလူမျိုးများပင်တည်း။
ယခုသော်မူကား ကျွန်ုပ် တို့၏ အသည်းကျော် ဇာတ်လိုက်မဟာ တီတီချမ်း ခမျာ အရင်တချိန်က အသင့်တည် စားပွဲများစားလာခဲ့ရသော ဘဝကို ဇွတ်မေ့ကာ သူငယ်ချင်း များအား စားစေချင်သော စေတနာ ဗလာပွ ဇွဲဆန္ဒ များဖြင့် ကိုယ်တိုင် အလျင်အမြန်ချက်ပြုတ်ရချေပြီတကား။ “သြော် ဘဝ ဘဝ ဘဝ... ဒီလိုအမြဲ ဒီလိုပဲ” ဟုဆိုကာ မြန်မာသံစစ်စစ်များကိုသာ လမ်းသစ်ဖောက် စွန့်ဦးတီထွင် သီဆိုကြပေသည့် “ငရဲမီး” အဖွဲ့၏ အလိုက် ကဲ့သို့ အားဟာ အားဟာ လုပ်နေရချေပြီတည့်။ ရှူလော့ အသင်စာဖတ်သူ ချစ်ဆွေ.......
ဤကား ညလယ်စာထမင်းပွဲမဟာ ဖြစ်ချေပေသည်တကား.....................



အသေးစိတ်လင်းချေအံ့............................
ဤပန်းကန်ငယ်ကား ဝက်သားချဉ်သုပ်မြည်ပေ၏။ ပြုလုပ်ပုံအဆင့်ဆင့်သည်ကား ရှေးဦးစွာ ပထမ ကြက်သွန်နီ အသေးလုံးကလေး သုံးဥ ခန့် အား ပါးပါးလှီးကာ ရေဆစ်ထားရပေမည်။ ထို့နောက် ခုနှစ်-ဆယ့်တစ် မှ ဝယ်ယူထားသော အသင့်စား ဝက်သားချဉ်လေးအားလည်း ပါးပါးလှီးကာ သံပရာသီး စဉ်းငယ်ခန့်နှင့် ဆားအချိုမှုန့်သင့်ရုံထည့်ကာ လက်ဖြင့်နိုင်နိုင်အသေအချာ နယ်သော် ခေါင်းမဖော်စတန်း စားချင်စဖွယ်ကောင်းသော ဝက်သားချဉ်သုပ် ကိုရလတ္တံ့။ တဘက်တွင်ကား တမြန်နေ့က မြန်မာပြည်မှာ အလည်ရောက်သူငယ်ချင်းကောင်း ချစ်အမ ဆီမှ အိမ်ကြော် ချဉ်ပေါင်လေးကို အားဖြည့်ထားချေပြန်သည်။ အတွေးဆုံသော ထွေးဘုံ... အဲလေ အန်တီချမ်းပါတကား။ တွဲဖက်စားသောက်ရန်အင်မတန်သင့်ပေသည်ပေါ့။ အင်း.....ရှလွှတ် ရှလွတ် ရှလွတ်
(ဤကား စာရှူသူ အဆင်ချစ်ဆွေ၏ သွားရည်သံတမြားမြားပင်တည်း။ စကားချပ်)



ထို့ပြင်တဝ တွေးစေရသော်လည်းထွက်လာမည်မဟုတ်သော လိုက်ဖက် ဟင်းလျာကို လျက်တပြက်အတွင်း တီတီချမ်းစီစဉ်ပုံလိုက်ကား (တရုတ်သိုင်းဝတ္ထု ထဲမှ စာရေးဆရာ ဘုန်းကြွယ်ကဲ့သို့ ကလောင်စောင်းထက်ရသော် တီတီချမ်းမှ မည်သို့လုပ်လိုက်သည်မသိ စားပွဲပေါ်တွင်စားသောက်ဖွယ်ရာများ အတုံးအရှူံး ရောက်ရှိလာပေသည်ပေါ့) ယခုတလောကမှ “မင်္ဂလာဆောင်” ဟု မြန်မာဘာသာဖြင့်အမည်တွင်နိုင်ပေသော နာမည်ကျော်ပိုစ့် ကိုရေးသည့် ဘွားဘွားခင် နှင့် ဆက်ထုံးပိုင်ရှင်မမရီတာတို့ အတုယူစရာ ကောင်းလှပေသည်။

ရှူလော့ အသင်...........................
ပဲနီလေးဟင်းရည် မဟုတ်ပါလား
မြန်ဆန် သောက်ကောင်း လိုက်ဖက်ပေါင်းပေပင်မဟုတ်တုံလော...တော်ပေစွ တော်ပေစွ တော်ပေစွ
ချက်ပြုတ်ပုံကား လွယ်ကူမြန်ဆန် ဆိုခဲ့သည့်အတိုင်း ပဲနီလေးကို ရေစင်စင်ဆေးကာ ကြက်သွန်နီ နှစ်ဥခန့် ပါးပါးလှီး၍ ပစ်ထည့်ကာ ရေဆူအောင်ပြုတ်ပါလေ။ ထို့နောက်ပဲများနူးလာလျင် ဆားအချိုမှုန့် သင့်ရုံခတ်က လျာရင်းမြက်မြက် အဝင်သွက်သော ပရိုတင်းအသားဓါတ်ပြည့်ဝ ပဲနီလေး ဟင်းရည်ကောင်းတခွက်ပါပေ။
ထို့နောက်တွင်ကား အထက်ဖော်ပြပါ ဟင်းများနှင့် တွဲဖက်စားသောက်စရာ မရှိမရှိဖြစ်မိုး အဲလေ ရောသွားပြီ
မရှိမကောင်း ရှိမှကောင်းသည် ငါးကျည်းခြောက်စပ်ကြော်ပင်တည်း.................
ဤဟင်းကိုကား ကျွန်ုပ်တို့၏ဇာတ်လိုက်ကျော်မဟာ ပြည့်သူ့အချစ်သည်း တီတီချမ်းသည် မချက်ဖူးသေးသဖြင့် ထည့်ရေးကာ ကြွားဝါနိုင်ခြင်းမရှိတော့ပေ။ အကြောင်းကား ခုန အထက်ဖော်ပြပါ ချစ်မ က သူ့ မရီးကို ကြော်ခိုင်းပေးကာ မြန်မာရွှေပြည်မဟာမှ သည်လာပေးသဖြင့် လျာရင်မြက်ရှရာပေသောကြောင့်ပင်တည်း။



ထို့နောက် စားသောက်လိုက်ကြသည်မှာ မေ့ခါနီးမှ သာဓါတ်ပုံရိုက်ပြီးကြွားဖို့သတိရ အဲလေ ပိုစ့်တင်ကာ ချစ်ဆွေစာရှူသူ ပရိတ်သတ်များအား သွာရည်ကျစေလိုက်ရပေသည်တမုံ့။
ရှူလော့ချစ်ဆွေ.....



စားပြီးသောက်ပြီးဆေးအပြီးတွင်ကား ပုံတင်ကာ ပိုစ့်ရေးလိုက်သည်မှာ
ယခုရေးပြီးချိန်တွင် နာရီသည်ကား ဘန်ကောက် စံတော်ချိန် နာရီပြန် ၃ချက်တီး ရှိချေပေပြီတည့်။
အိပ်စက်အနားယူရန်အချိန်သင့်ပေပြီ။
နောက်များမှ တွေ့ကြသေးတာပါ့ ချစ်ဆွေ။ အစဉ်တစိုက် အားပေးဖတ်ရှူမှုများကိုကျေးဇူး ဥပကာရ အထူးတင်စွာ
ချစ်ချမ်း.....................
2:59 am
bangkok
home

8 comments:

  1. ဝက်သားချဉ် နဲ့ ချဉ်ပေါင်ရွက်ကြော်

    အိမ်ပေါ်က ခေါင်းနဲ့ဆင်းရမယ့် ဟင်းစပ်ပါလား။
    ဘယ်လို စဉ်းစားပြီး တွဲလိုက်တာပါလိမ့်။
    အဲဒါကိုများ အတုယူရဦးမှာလား။

    ReplyDelete
  2. စဉ်းစားတွဲစပ်ချိန်တောင်မရလိုက်ပါဘူး မမရီတာ
    ဒီလိုပဲ ရှိတာလေး အမြန်ချက်ပြုတ်ကျွေးမွေးလိုက်တာပါ
    ဖြစ်သလိုပါဆို
    ခိခိ
    ဟင်းတွဲကတော့ အိုကေပါတယ် ဝင်းဝင်းခိုင်တွေပဲလေ

    ReplyDelete
  3. I like ပဲနီလေးဟင်းရည် only.

    When I stayed in Bangladesh, the ဘတ်တလာ arranged
    ပဲနီလေးဟင်းရည် and ပဲဟင်း everyday and night.

    BINO

    ReplyDelete
  4. ဝက်သားချဉ်နဲ့ ချဉ်ပေါင် .. သွားကြိမ်းလိုက်တာ၊ ဒါများ လိုက်ဖက်တယ်တဲ့

    ဝက်သားချဉ်တော့ စားချင်လိုက်တာ၊

    ReplyDelete
  5. ပန်းကန်ဆေးပြီး ပျံသွားတယ် :P

    ReplyDelete
  6. တီချမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ထွက်ခဲ့
    မိုက်ရိုင်းချက်
    ဟွမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ညစာမစားဘူး
    ဟင့်
    ခုချိန်ဆာနေတဲ့ချိန် လာဖတ်မိဒယ်
    သေပီဆရာ
    ပျံပီ

    ReplyDelete
  7. ဝက်သားချဉ်၊ ချဉ်ပေါင်၊ ပဲဟင်း...
    အိမ်သာထဲ ခြင်ထောင်ထောင်အိပ်ရမယ့်ဟင်းစပ်ပါလား..
    ငါးကျည်းကြော်ပါလို့တော်သေး...

    ( မစားရလို့ ရန်စ သွားတာ) :)

    ReplyDelete
  8. သေပါပီ..........
    ဗိုက်ဆာနေတဲ့အချိန်မှ
း(((((((((((((((

    ReplyDelete