Saturday, December 5, 2009

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၆)

(၆)

“နင်မြင်ပြီးပြီလား သူကျောင်းပိတ်ရက်တခုလုံး ဘာတွေများစားနေပါလိမ့်” မုန့်စားဆင်း ချိန်မှာ ကျမနဲ့ ကျိရိ ခုနှစ်ထပ်ကျောင်းဆောင်ရဲ့ လျောက်လမ်းမှာ လျောက်နေရင်းနဲ့ သူမ က ကျမ နားနားကပ်ပြီး တိုးတိုး တိုးတိုး နဲ့သဖန်းပိုးလုပ်နေတာပါ။
ဒါပေမယ့် ကျမ စကားပြောချင်စိတ်မရှိပါဘူး။ ကျမ စိတ်ညစ်လို့သေတော့မယ်လေ။ ကျောင်းတွေပြန်မဖွင့်ခင်တုံးကကျမ အကြိမ်တထောင်တသောင်းလောက်မက “လူပုလေး”
ကိုကျမရဲ့ အတန်းပိုင်မဖြစ်ပါစေနဲ့လို့ဆုတောင်းခဲ့ရတာ အမောပါ။ လူစင်မင်းရဲ့ အံ့သြမှု မြူ တွေထဲမှာ ကျမ ခဏတာ ပိတ်မိနေတုံး နောက်ထပ်ပိုထူထပ်တဲ့ မြူတခုကကျမကိုအသက် ရှူမရအောင် ဖိလိုက်သလိုပါပဲ။ “လူပုလေး”…...စာသင်ခန်းထဲကို လှမ်းလျောက် ဝင်ရောက် လာပါတယ်။ သူ့ရဲ့အရပ်က ကျမတို့ စာသင်ခုန်တွေထက် အများကြီး ပိုမမြင့်ပါဘူး။ ဒါပေမယ့် လုံးလုံး လုံးလုံး ပုပု ပုပု နဲ့ ပင်စည်လို ခန္ဓာကိုယ် တခု အတန်းရှေ့ ပထမ ဆုံး ခုံတန်းတွေရှေ့ ကနေ လိမ့်လိမ့် လိမ့်လိမ့်နဲ့ လှိမ့်ပြီး တော့ ဝင်လာတာ ကျမ မြင်လိုက် ပါတယ်။ ပြီးတော့ ရုတ်တရက် ဆိုသလိုပဲ အလျားလိုက်တန်းတွေထဲက တတိယတန်းနဲ့ စတုတ္ထတန်းကြား လောက်မှာ ဘွားခနဲပေါ်လာပါတယ်။ မျက်နှာပေါ်မှာကလဲ “တနေ့လုံး အရာရာကို ငါစိတ်တိုနေတယ်နော်” နဲ့ “လူ့ ဘဝကြီး ကိုစိတ်ကုန်လိုက်တာ” ဆိုတဲ့ အမူ အရာ တွေတင်ပြီးတော့ ကျမတို့အားလုံးဘက်လှည့်ပြီး သူက ကျမတို့ အတန်းရဲ့ ဒီတနှစ် အတွက် အတန်းပိုင်ပဲလို့ပြောလာပါတယ်။
“လူပုလေး” လူနဲ့နာမည်နဲ့လိုက်လဲလိုက်ပါပေရဲ့။ နာမည်အရင်းကိုတောင် လူတွေ မခေါ်တာကြာလို့ မသိကြတော့ဘူးထင်တာပဲ။ သူက သင်္ချာဆရာပါ။ ကျမတို့အလယ်တန်း အဆင့် သုံးတန်းတုံးက ကျမတို့ကို သင်ဖူးပါတယ်။ ဒါပေမယ့် ကျမရဲ့ သင်္ချာ ပညာရည် တိုးတက်မှုမှတ်တမ်းအရတော့ ကျမကို သူမှတ်မိမှာ မဟုတ်ပါဘူး။
တရုတ်ဘာသာ ပြဆရာ၊ အင်္ဂလိပ်ဘာသာပြဆရာ၊ ကာယဆရာ စတာတွေမှာလဲ အများအားဖြင့်တော့ ဆရာတွေ ပိုသဘောကျတဲ့ပိုချစ်တဲ့ ကျောင်းသားကလေးတွေ ရှိ တတ်ကြပါတယ်။ ဒါပေမယ့် သင်္ချာဘာသာ သင်တဲ့ဆရာလိုကျတော့၊ သူတို့က သွေးအေး သတ္တဝါတွေနဲ့ ပိုတူတယ်။ သံယောဇဉ် သိပ်ထားတတ်ပုံမရဘူး။ အရပ်ပုတာကလဲ ထည့် စဉ်းစားရမယ့် အချက်ထဲမှာပါတယ်။ လူပုစိတ်တိုလို့ဆိုတယ်မှလား။ သူ့မှာ တခြား သူတွေ ထက် ပိုချစ်တယ် ဆိုတဲ့ ကျောင်းသားမရှိသလို၊ သူကပိုမျက်နှာသာပေးတယ်ဆိုတဲ့ ကျောင်းသားလဲမရှိပါဘူး။ နေ့လယ် မုန့်စားဆင်းချိန်တွေမှာ ဒါမှမဟုတ် ကျောင်းလွှတ်ချိန် တွေမှာ ကျောင်းသားတယောက်ယောက်က သူ့အနားမှာ ကပ်ပြီး စာမေးတာ စကားပြော နေတာမျိုး တခါမှမမြင်ရဘူးဘူး။ ကျောင်းမှာ ခရစ်စမတ် ပွဲတွေကျင်းပတုံးကဆိုရင် ကျောင်းသားတွေက ဆရာတွေကိုလဲအတင်းဆွဲခေါ်ပြီး ကစားပွဲတွေမှာ အတူတူ ပါဝင် ကစားခိုင်းလေ့ရှိကြပါတယ်။ ဒါပေမယ့် လူပုလေး ကိုတော့ တခါမှ ဘယ်သူကမှ မခေါ် ကစားခဲ့ကြဘူး။ ခေါ်ကစားရဲ ပုံလဲမပေါ်ကြဘူးလေ။ ပြီးတော့ ကြည့်ရတာ လေးဆယ်နားနီး နေပြီဖြစ်တဲ့ လူပုလေးမှာ အိမ်ထောင်ရှိမရှိ၊ ရည်းစားရှိမရှိလဲ ဘယ်သူမှမသိကြဘူး။ အင်း… ဒါပေမယ့် အားလုံးသေချာတဲ့ အချက်တခုတော့ရှိတယ်။ အဲ့တာက ဘာလဲဆိုတော့ မနှင်းဖြူလေး (snow white) ကတော့ ဒီလူပုလေးကို ဘယ်တော့ မှချစ်မှာ မဟုတ်ဘူး ဆိုတာပါပဲ။
အဲ့ဒီ အပတ်ကုန်သွားတော့ ကျမတို့အားလုံး ဘယ်ဆရာက ဘယ်ဘာသာကို သင်မယ်ဆိုတာ သိနေကြပါပြီ။ တရုတ်စာ ပြမယ့်ဆရာက “လာဗင်းဒါး (lavender)” ပါ။ အသက်က ၃၀လောက်ပါ။ ယောက်ျားဆရာတွေထဲမှာတော့ အဝတ်အစား အဝတ်တတ် ဆုံးတယောက်ပေါ့။ ပြီးတော့ သူကသိပ်လဲစေ့စပ်ပါတယ်။ ဘယ်တော့မှ အင်္ကျီတထည် ထဲကို နှစ်ရက်ဆက်တိုက် မဝတ်တတ်ဘူး။ နွေရာသီပဲဖြစ်ပစေ၊ သူ့ကိုယ်ပေါ်မှာ အမြဲ ကုတ်အင်္ကျီ ကိုဝတ်ထားတတ်ပါတယ်။ နောက်ပြီး သူကပြောသေးတယ် ကုတ်အင်္ကျီ မဝတ်ထား ရင် အင်္ကျီမဝတ်ထားသလိုပဲတဲ့။ သူက ခရမ်းရောင်ကိုအရမ်းကြိုက်ပါတယ်။ သူ့ကိုယ်ပေါ်မှာ အမြဲတမ်းလိုလို ခရမ်းရောင် တခုခုရှိတတ်ပါတတယ်။ ရှပ်မဟုတ်ရင် နက်တိုင် စသဖြင့်ပေါ့။ မျက်မှန်ကိုင်းကတောင် ခရမ်းနုရောင်လေးပါ။ အဲ့တာကြောင့် ကျမတို့ ကသူ့ကို “လာဗင်းဒါး” လို့ခေါ်တာပါ။ သူ့ကြည့်ရတာတော့ ဖြူဖြူဖျော့ဖျော့ ပါပဲ။
သူ့မျက်နှာ ကအမြဲလိုလိုပြုံးပြုံးလေးထားတတ်ပေမယ့် သူ့ကိုယ်ခန္ဓာကတော့ အမြဲလိုလို တခုခုနေမကောင်းဖြစ် နေသလိုပါပဲ။
အင်္ဂလိပ်စာသင်တာကတော့ မနှစ်ကတည်းက ကျမတို့ကို သင်ဖူးတဲ့ “Tom Raider lara” ပါ။ နောက်တမျိုးကတော့အလွယ် sexy lara လို့လဲခေါ်ကြပါတယ်။ သူမရဲ့ အင်္ဂလိပ်နာမည်ကလဲ lara ပဲလေ။ ၁၉၉၈ ခုနှစ်တုံးက အင်တာနက်ဂိမ်းတွေမှာ Tom Raider lara ကအရမ်းနာမည်ကြီးနေချိန်ပေါ့။ အဲ့ထဲက ဂိမ်းမင်းသမီးကလဲ အရမ်း နာမည် ကြီးနေချိန်ပေါ့။ သူ့နာမည်ကလဲ lara ပဲလေ။ အဲ့တာကြောင့်ကျမတို့က ဆရာမ နောက် ကွယ်မှာ ဆိုရင် သူ့ကို sexy lara လို့ခေါ်ကြပါတယ်။ ဒါပေမယ့် ဆရာမကတော့ ဝတ်တာ စားတာ ဂိမ်းထဲက lara လောက်မနဲပါဘူး။ သူမ ကိုကြည့်ရတာ အသက်က ၃၀ စွန်းစွန်းပါ။ ကိုလာ ပုလင်းဖင်လောက် ရှိတဲ့မျက်မှန်နဲ့ သဘောထားက နဲနဲ ထူးဆန်းပါတယ်။ တခဏ မှာ အရမ်းနွေးထွေးပြီး သဘောအရမ်းကောင်းချင်ကောင်းနေပြီး၊ ခဏနေရင် အေးစက်စက် နဲ့ ဖြစ်နေ တတ်ပါ တယ်။ စိတ်ကောင်းဝင်နေရင်တော့ ကျမတို့ကို ချောကလက်တွေ နဲ့ ဘီစကစ်တွေကျွေးတတ်ပါတယ်။ တခါတခါဆို စာသင်နေရင်းတောင် မုန့်စားခွင့် ပေးတတ် ပါတယ်။ ဆရာမက စာသင်တာ အရမ်းကောင်းပါတယ်။ ပညာလဲတတ်တယ် ဗဟုသုတ လဲစုံ ပြီးတော့ ဝိရိယ လဲအရမ်းကောင်းတယ်။ အမြဲတမ်းလိုလို ကျောင်းကနေနောက်ဆုံးမှ ပြန်လေ့ရှိပါတယ်။ ကျိရိက ဆရာမကိုအရမ်းချစ်ပါတယ်။ အားကျတယ်၊ လေးလဲလေးစား တယ်။ တခါတခါဆိုရင် နည်းနည်းတောင် ကိုးကွယ်သလိုဖြစ်နေတတ်တယ်။ ကျိရိ ရဲ့ အင်္ဂလိပ်စာကလဲအရမ်းကောင်းပါတယ်။ အဲ့တာကြောင့် sexy lara ကလဲ သူမကိုဆို ပို သဘောကျပါတယ်။ ချောကလက်တွေဆိုအမြဲလိုလိုပိုပေးတတ်တယ်။ သူ့ကိုဆိုလဲ စာပို မေးတတ်လေ့ရှိပါတယ်။
ကျိရိက ကျမ ကျောင်းမှာ အခင်ဆုံးသူငယ်ချင်းပါ။ သူမရဲ့ ညာဘက် ခြေထောက် က ဘယ်ဘက်ခြေထောက်ထက်နဲနဲ ပိုနိမ့်နေပါတယ်။ အဲ့တာကြောင့် လမ်းလျောက်ရင် နဲနဲ လေးထောင့်နေတတ်ပါတယ်။ ဒါပေမယ့် သေချာသတိထားမကြည့်ရင် မသိသာပါဘူး။ ကိုယ်လုံး သိပ်မလှတဲ့သူမမှာ ဖြူဖျော့နေတဲ့ မျက်နှာတခုနဲ့ ဝိုင်းစက်လှပတဲ့ သမင် မျက်လုံး တစုံ ရှိပါတယ်။ သီချင်းဆိုတာ သိပ်ကောင်းတယ်၊ စန္ဒားယား တီးတာလဲသိပ်တော်ပါတယ်။ ကျောင်းရဲ့ အဆိုအဖွဲ့မှာ ဆိုရင် ကျိရိက အသံမြင့်တွေအမြဲ ဆိုရတာပေါ့။ ဘယ်သူမဆို သူမကိုကြည့်လိုက်တာနဲ့ သူ့ ပုံပန်းသဏ္ဌာန် လိုပဲ အေးအေးကလေးလို့ထင်ကြပါတယ်။ ကျမနဲ့ အတူတူရှိတဲ့အချိန်တွေမှသာ သူမက စကားများများပြောတတ်တာပါ။ သူမကော ကျမပါ ရီလု ကိုကြိုက်တာတူပါတယ်။ သူမက ကျမထက်တောင်ပိုပါသေးတယ်။ သူမ ရဲ့ အိပ်ခန်းထဲမှာ ဆိုရင် ရီလုရဲ့ ပိုစတာတွေပဲခန်းလုံးပြည့်ကပ်ထားတာပါ။ ကျမ နဲ့ ကျိရိ ရီလု ရဲ့ စတိတ်ရှိုးတွေဆိုရင်လဲ တပွဲမှမလွတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ fan fair တွေကိုတော့ မသွား ပါဘူး။ ပြီးတော့ ရီလု ကိုတွေ့ရဖို့လဲ တခြားလူငယ်တွေကို သူမလာမယ့် လမ်းမှာ သွားစောင့်နေတာမျိုး မလုပ်ဘူးဘူး။
“အကွာအဝေး နည်းနည်းရှိတဲ့ အချစ်ဟာ ပိုပြီးတော့ ပြီးပြည့်စုံပါတယ်” ဆိုတဲ့ ရီလု ရဲ့ စကား ကိုကျိရိ ကအမြဲလိုလို ရေရွတ်နေတတ်ပါတယ်။

3 comments:

  1. ခရမ်းနုရောင် မျက်မှန်ကိုင်းနဲ့ ဆရာ Lavender ကို မြင်ယောင်သွားတယ်။
    သဘောကျမိတယ်။း)

    ReplyDelete
  2. I'll be waiting next.......

    BINO

    ReplyDelete
  3. thanks for continuous support and reading ju
    thanks ko bino

    ReplyDelete