Wednesday, March 31, 2010

တီချမ်း ပျင်းနေတယ် (ပဲသီး ဆန်ပြုတ်)

အရမ်း အရမ်း အရမ်း ပျင်းနေပါတယ်...........

ခွင့်ယူလိုက်ပြီလေ ဒီလက ၆ ရက်နေ့ကို အစိုးရက ပိတ်ပါတယ် ဘာနေ့လဲတော့ မသိ စိတ်မဝင်စား စိတ်ဝင်စားတာ က ပိတ်ဖို့ ပဲ အဲ့တော့ ၅၊ ၇၊ ၈၊ ၉ ကို ခွင့်ယူလိုက်ပါတယ်။ နောက်အပတ်ကလဲ တပတ်လုံး သင်္ကြန်ပိတ်တော့ စုစုပေါင်း စနေ တနင်္ဂနွေတွေ အပါအဝင် စုစုပေါင်း ၁၇ရက်တိတိနားရပါမယ် ဝေး....................................ပျင်းလိုက်တာ.................ဒီနေ့ ပထမရက်ပါ ခုကတည်းက စပျင်းနေပါပြီ
အဲ့တာနဲ့ အရင်က စုထားတဲ့ ရေးစရာ ရိက္ခာ ကုန်ကြမ်းတွေကို ပြန်လှန်ရပါတယ် တွေ့ပါပြီ ဘာရေးရမလဲလို့
စကားမစပ် နန်းညီက ပြောပါတယ် “ဒီမယ် ဘာကိစ္စ စားစရာတွေချည်းရေးနေရတာလဲ”.....တဲ့
လေသံက ဒေါသအနည်းငယ်ပါနေသယောင်ပါပဲ။

အင်းဘယ်လိုပြောရမလဲ ခုတလောတော့ အဲ့တာပဲ အာရုံလာနေပါတယ် ဒါက ၁ အချက်ပေါ့
နောက် ကို့ပရိသတ်တွေကလဲ ကို စားစရာအကြောင်းရေးရင် ပိုကြိုက်ကြသလားလို့ပါ
စိတ်ထင်တာလဲဖြစ်နိုင်ပါတယ် အင်းလေနော် ကို့ဘာသာ အရူးထပြီး အချစ်ဒဿန ဘာညာ လျောက်ရေးနေတာ ဘယ်သူက စိတ်ဝင်စားမှာလဲနော့ ဝတ္ထုကျတော့လဲ စထားပြီး မဆုံးနိုင်တာ က နှစ်ပုဒ်၊
ကဲ တခြားဟာကျတော့ကော ဘာများသေသေချာချာရေးနေတာရှိလို့လဲဆိုတော့ ဘာမှမရှိ။ ပြဇာတ် လိုလို ဘာလိုလို တခါရေးလိုက်ပါသေးတယ် တပုဒ်၊ ဟော ဆောင်းပါးလိုလိုဘာလိုလို ညာလိုလိုတွေကလဲ မဖြစ်သလောက်၊ သီးချင်း ဘာသာပြန်တွေတင်လိုတင်၊ ကဗျာ တွေဘာတွေ စပ်လိုစပ် အဲ့လိုဗြုတ်စဗျင်းတောင်း၊ အလေနတော၊ စည်းကမ်းမကျ၊ အာရုံနောက်လိုက် လျောက်ရေးတော့ လိုင်းမရှိဘူးလေနော့၊ ဒီကြားထဲမှာ ဟင်းတွေဘာတွေကလဲ ချက်သေးဆိုတော့ အဲ့လိုကို အောင်ကြူကြူ ဖြစ်နေတာပါ။ စိတ်၏စေစားရာ လိုက်နာနေသော မိုးမြင့်တိမ်ကိုတောင် သတိရသေး။ မင်းမြတ်သူရ လိုပြောရရင်တော့ ဘာကိုမှ ဆုပ်ကိုင်မထားပါဘူးပေါ့လေ (လက်ညောင်းမှာ စိုးလို့ အဲ့လောက်တောင် ပျင်းနေတာ

အဲ့တာနဲ့ မရှိရှိတာထဲက ပြန်ရှာတော့ အောက်ဖော်ပြပါပုံတွေတွေ့ပါတယ်.............
ကဲအဲ့တော့လဲ ချက်လိုက်အုံးမယ်လေနော့ ဒီတခါတော့ ဟင်းမဟုတ်ပါဘူး
ပျင်းနေပါတယ်လို့ဆို...........(ထက်ထက်၏ အိညှောင့်သံလေးနဲ့ ချစ်စဖွယ်ဖတ်ပါရန်။)

ဒါလေးတွေက အရင်တပတ် အိမ်နားက Century ပလာဇာ သွားတုံးက ဝယ်လာတာတွေပါ။ တီ့မှာ ဝါသနာ တခုရှိတယ် အမေ့ဆီက ပါလာတာ အဲ့တာ က ပုံးတွေ ပလုံးတွေ ဘူးတွေ ကို ကြိုက်တတ် ဝယ်တတ် စုတတ် ဆောင်းတတ် တာပါပဲ။ ကြည့်လော့ အဆွေ..............အောက်မှာ ဝယ်လာတာတွေမနည်းပါဘူး။ ဒါပေမယ့် ဈေးမကြီးပါဘူး တခုမှ ၂၀ ဘတ်ပါပဲ။ ကြိုက်တာယူ ၂၀ ပါ.............အဲ့တာနဲ့ တီလဲ စိတ်ကူးပေါက်ပေါက်နဲ့ အမျိုး ၄၀ ကျော်လောက်ဝယ်လာလိုကတယ် အေးရော.....
စုံစိနေတာပါပဲ ဘူးတွေ ပလုံးတွေပါတယ်။ တစ်ရှူးလဲပါတယ် အိမ်ကို ဧည့်သည် အလာများတဲ့အတွက် သူတို့ လာရင် အဆင်သင့်ဖြစ်အောင် သွားတိုက်တံလေးတွေက အစဝယ်ထားတယ် နောက် အိမ်သာထဲထည့်တဲ့ အနံ့တုံးလေးတွေ ခေါက်ဆွဲချက်စားရင် ရေဖျော်ပြီး စယ်တဲ့ဇကာ၊ အများဆုံးကတော့ ဘူးပါပဲ....ပုလင်းသေးသေးလေးတွေလဲပါသေးတယ်၊ နောက် ဘူးသေးသေးလေးတွေ ကို ဆေးထည့်ဖို့ အဲ့တာကတော့ တီ့ ပေါ့စတစ် သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ ပါ။ အဲ့လို ဘုစုခရူတွေဝယ်ရတာလဲ ဝါသနာပါပါတယ် နောက်မှ သုံးတာ မသုံးတာက တကဏ္ဍပေါ့လေ

အင်း အဲ့တာနဲ့ ပတ်သက်ပြီးတော့ လဲတွေးမိပါသေးတယ် ...........

ဘန်ကောက်မှာနေရတာ အဲ့ဒီပြဿနာက သိပ်ကြီးတယ် (မမကွမ်လေသံပါ) ဘာလို့လဲဆိုတော့ ပစ္စည်းတွေ အားလုံးက ဝယ်ချင်စရာချည်းပဲ ပြီးတော့ ဈေးတွေကလဲ တချိန်လုံးဆိုမှ တချိန်လုံး လျော့နေတာ တနှစ်ပတ်လုံးပဲ အကြောင်းအမျိုးမျိုးပြပြီးတော့ လျော့တယ် နှစ်လယ်လျော့ဈေး တရုတ်နှစ်ကူး ခရစ်စမတ်စ် နယူးရီးယား သဖြင့်ပေါ့လေ အဲ့တော့ အရမ်းကို တမ်းတင်း(tempting) ဖြစ်ပါတယ် အဲ့လိုနဲ့ပဲ လိုတာလဲဝယ် မလိုတာလဲဝယ်နဲ့ လူက အကြွေးနဲ့ချည်း ချာလည်လိုက်နေပါတယ် အော် ဘဝဘဝဘဝ ဒီလိုအမြဲ ဒီလိုပဲပေါ့ နော်..

တကဒ်



အဲ့နေ့ကပဲ အခွေတွေဝယ်ခဲ့ပါသေးတယ် အခွေကတော့ ဘာဝယ်သလဲမမေးနဲ့ ကြုံလို့ နည်းနည်းကြွားပါအုံးမယ် တီက ပိုက်ဆံစရှာတတ်တဲ့ အရွယ်ကတည်းက ရသမျှ ပိုက်ဆံတွေက အခွေရယ် စာအုပ်ရယ်နဲ့ကုန်တာများပါတယ်။ အခွေဆိုတဲ့နေရာမှာ အရင် ကက်ဆက်တိပ်တွေကနေ နောက်တော့ စီဒီ အိမ်ပီ သရီးခွေ အကုန် ဝယ်သလို ရုပ်ရှင်ဆိုလဲ အရင် တိတ်ခွေကြီးတွေကနေ နောက်တော့ VCD DVD ခုဆို Blue ray ထိ အကုန်ဝယ်ပါတယ်။ စာအုပ်ကတော့ ပြောမနေနဲ့တော့....ဒီမှာ ကြည့်ပါ ကြုံတုံး ဒါတွေက ဒီရောက်မှ ဝယ်ဖြစ်တဲ့ DVD တွေပါ ရန်ကုန်မှာ ကျန်ခဲ့တာတွေ တပုံကြီး ရှိပါသေးတယ် ရာနဲ့ထောင်နဲ့ချီနေပါပြီ မြန်မာပြည်မှာနေတုံးက စနေ တနင်္ဂနွေဆို ရင် အမြဲ အခွေနဲ့ စာအုပ်အဝယ်ထွက်တဲ့နေ့တွေပါ ခုနောက်ပိုင်း မြန်မာပြည်ပြန်ရင်လဲ တခါတခါ ပြေးပြေးဝယ်ရပါသေးတယ် အဲ့တာတွေအတွက်က သပ်သပ် ၂ ရက် ၃ ရက် အချိန်ပေးရပါတယ် တခါတခါ နန်းညီတောင် ကန့်လန့်ကန့်လန့်ပါသေး.............း=) ရှူလော့ ချစ်ဆွေ



ကဲပါ ထားတော့ အကြွားချပ် နောက်ကြုံမှ စာအုပ်တွေကို ထပ်ကြွားမယ် ခုတော့ အစက စကား ကိုပြန်ကောက်မယ် အဲ့နေ့ကလဲ အခွေတွေဝယ်လာပါသေးတယ် အများစုကတော့ တရုတ်သီးချင်းတွေပါ နောက် ယိုးဒယား အဆိုတော် အမေရိကန်မှာ ကြီးတဲ့ ထားထားရန်း tata young အခွေ နှစ်ခွေပါတယ်(စကားမစပ် စီးတီး အက်ဖ် အမ်က လူတွေလေ ဗီဂျေ တွေပေါ့ တာတာရမ်း တာတာရမ်း နဲ့ခေါ်ပါတယ် အရမ်း အမြင်ကပ်ပါတယ် ဝေလုကျော်ကို ဝေဠုကြော် လို့ ခေါ်ပြီး ဒွေး ကို ဓွေး လို့ခေါ်နေသလို ခံစားရပါတယ် သြောင်QQ နဲ့လို့ မြင်ပါတယ် သတိထားသင့်ပါတယ် ကျားပေါက်ကလဲ မာရိုင်ယာ ခယ်ရီ ရဲ့ အီး အီးကွဲတူ အမ်စီ စကွဲ ကို အီးအီးကွဲတူ အမ်စီ တူး လို့ပြောတာနဲ့ပတ်သက်ပြီး အက်ဖ်အမ် က ကိုကိုမမတွေကို တခါပြောပြီးပါပြီ သူ့စာအုပ်ထဲမှာပါ ရှာဖတ်ကြပါ မဆိုးပါဘူး သူ့အရေးအသားက စိုးင်စိုင်းထက်ကောင်းတယ်လို့ တီမြင်ပါတယ် (တီ့တို့လို ကို့ဘလောခ် ကိုရေးပြီး ဖတ်တဲ့ လူ အနည်းငယ်ဆို ဘာပြောစရာလိုမလဲနော် ခုဟာက မြန်မာ တနိုင်ငံလုံးကို လွှင့်နေတဲ့ အက်ဖ်အမ်လေ အမှားနည်းအောင် ဆင်ခြင်ကြဖို့ကောင်းတယ်နော် ရှိသေးတယ် ရှနိုင်းယား တွင်း ကိုလဲ ရှူနိုင်ယာ တွန်း လို့ ပြောပြောနေတဲ့ ကိစ္စ ပြောရင်တော့ ကုန်ဖွယ်မရှိပါ) ကဲထားတော့ အခွေဝယ်တဲ့ ကိစ္စဆက်မယ် အဲ့နေ့က ဒိုင်ဒို ရဲ့ တတိယ အယ်လ်ဘမ်ပါတယ် နောက် ရုပ်ရှင်ခွေ နှစ်ခွေ “ကို့ရဲ့ ဘလူးဘယ်ရီ ည” နဲ့ “စာဖတ်သူ” ဟိဟိ အမှန်က “ကို့ရဲ့ ဘလူးဘယ်ရီည” က ရှိပြီးသား မြန်မာပြည်မှာ ကျန်နေခဲ့တာ အရမ်းကြည့်ချင်လာလို့ ထပ်ဝယ်လိုက်တယ် အေးရော.....

နောက်တပုံပေါ့ ကဲကြည့်ရအောင် ဘာတွေလဲလို့နော် ..............ကြည့်...


ညဘက်ကျတော့ ထမင်း နှစ်လုံးချက်ပြီး (ဟုတ်ကဲ့ တယောက်တည်းကို နှစ်လုံးပါ နို့ဆီဘူး မဟုတ်ဘူးလေ ဟို ထမင်းအိုးတွေ ဝယ်ရင် တခါတည်းပါလာတဲ့ ကော်ဘူး နှစ်လုံးပြောတာ) ပြီးတော့ ပြောထားသေးတယ်လေ အပျင်းကြီးပါတယ်လို့ ထပ်မချက်ရအောင်ပေါ့ ငှဲငှဲ...နောက်တော့ ထုံးစံအတိုင်းအိမ်မှာ အသင့် ရှိတဲ့ အကြော်အလှော်တွေနဲ့စားရပါတယ် ပျင်းထှာကွယ်... ဘာတွေလဲကြည့်ရအောင်

ပထမဆုံးက ငါးဖယ်ကြော် အရင်တနေ့ တီမုန့်ကနေ ကျန်နေသေးတာ၊ တယောက်ထဲနေရတာ အဲ့တာတွေတော့ စိတ်ညစ်ရတယ် ဟင်းကျန်တွေလေ ဟင်းကျန်တွေ ပစ်လို့ကလဲမဖြစ်ဘူးတော်ကြာ တီချမ်းဆိုတဲ့ အတူနေ ပစိပစပ်မက လာအုံးမယ် နင်ဒီလို စားသောက်နေရတဲ့အချိန်မှာ ကမ္ဘာပေါ်မှာ လူ ဘယ်သန်း ငတ်နေလဲသိလား ဘာညာ သူ့ပါးစပ်နဲ့မဆန့် ကမ္ဘာနဲ့ချီပြီး လူကို လာပြောအုံးမယ် အမြင်ကပ်တယ် ဟွန့် အဲ့တာနဲ့ အကျန်တွေလဲ စားစားနေရပါတယ် လို့..

အိုကေ ငါးဖယ်ဘေးက (ပုံကို ကလောက်စ် ဝိုက် ကြည့်သွားနော်) ဆတ်သားခြောက်ကြော် တနေ့က တီနဲ့ “လင်တူမယားညီအမ တော်တဲ့ မဝေ” ပို့လိုက်တာ ရန်ကုန်က (ဟိဟိဟိ နော် ဦးညီနော်) ပြီးတော့ ဘေးက ချဉ်ပေါင်ကြော် နောက် သူ့ဘေးက ဇွန်း အဲလေ...ပြောစရာလားနော် အိုင်ကျူမြင့်စာဖတ်သူကို စော်ကားတာ တီချမ်းနယ် ဇွန်းမှန်းတော့ လူတိုင်းသိတာပေါ့ အံမယ် အဲ့တာ ရိုးရိုး ဇွန်းမဟုတ်ဘူးဟဲ့ ကိုရီးယား ဇွန်း အရိုး ပိုရှည်တယ်

ကဲ တွေ့လားသူများသားသမီးတွေ များအဲ့လို မကြုံကြုံအောင် ကြွားတတ်တာ မိသစ်(ပန်းစကား) ကျနေတာပဲ ပြီးတော့မှ ဝက်သားခြောက်စပ်ကြော် (အသေကောင်းပါတယ် ကြက်သွန်ဖြူနီ မွမွလေးတွေနဲ့ ငရုတ်သီးနဲ့ ရှယ်ကြော်ထားတာ) ဒါကတော့ ချစ်ကိုကြီး ပဲခူးရိုးမ ဝက်ဝံဆီကပါ အဲ့တာလေးတွေနဲ့ ညစာကို ဖြစ်သလို ရုပ်ရှင်တဘက်နဲ့ တွယ်လိုက်ရပါတယ် အခြောက်တွေချည်းပဲမို့ (ဟင်းကိုပြောနေတာပါ တီချမ်းနဲ့ ဘာမှမဆိုင်)ဘေးကနေ ရေနွေးကြမ်းနဲ့မျောချရပါတယ် ကြုံလို့ပြောရမယ်ဆိုရင်တော့ လက်ဖက်ခြောက်ကလဲ တရုတ်ပြည်နယ် စီချွမ်းဒေသ ကမ္ဘာ အကောင်းဆုံးနံပါတ် တစ် လက်ဖက်ခြောက် နဲ့ခတ်ထားတဲ့ မဟာ ဂန္တဝင် ရေနွေကြမ်းပါ (ပန်ဒိုရာ ရဲ့ ၂၀၀၈ ဧပရယ် ဖူးလ် ပိုစ့်ကို သွားဖတ်ပြီး ခပ်တည်တည် နဲ့ လိမ်ကြည့်ပါတယ် ရမလားလို့) ဟုတ်သော်ရှိမဟုတ်သော်ရှိပေါ့နော့ တယောက်ယုံလဲနည်းလားနော့ အလကားနေရင်း အထင်ကြီးခံရတာ နည်းတဲ့ ဘုန်းတန်းခိုးလားလေ ယောက်ျားတွေက ဘုန်းတန်းခိုး ပိုကြီးတယ်လို့ မှတ်ထင်တွေးယူ တတ်သူတွေ သတိချပ်သင့်ပါတယ်နော့ စကားတွေ ကြွားပြောတတ်ရင်လဲ မသိတဲ့လူတွေက အထင်ကြီးတတ်တယ်လို့ အဲ့တော့ ယောက်ျား=သောက်ကြွား အဲ အဲ နိုင်ငံရေးတွေပါကုန်ပြီ.........zippppped




ဒါကတော့ ထမင်းနဲ့ မျောချရတဲ့ ရုပ်ရှင်ပါ...“စာဖတ်သူ” တဲ့ အရင်က တခါကြည့်သေးတယ် ပျင်းစရာအရမ်းကောင်းလို့ ဆက်မကြည့်ဖြစ်ဘူး ဒီတခါတော့ သေချာကြည့်ဖြစ်တယ် တခါတခါ အဲ့လိုပဲ ရုပ်ရှင်တောင်အာရုံလာမှ ကြည့်လို့ကောင်းတာ ပြီးတော့ တိုက်ဆိုင်မှုရှိမှ ဒီရုပ်ရှင်ကြည့်ရင်းနဲ့တခါက စာဖတ်ပြီး ပို့ပေးဖူးတဲ့ ကောင်လေး ကိုတောင် သတိရမိသေးတယ် (သူကတော့ စာတတ်ပါတယ် တမင်ဖတ်ပြတာ နားထောင်ချင်တယ်ဆိုလို့ မနော်ရဲ့ တစုံတယောက်ဆိုတဲ့ ဝတ္ထုကိုဖတ်တာပါ ဂျူးရဲ့ မြရဲ့လ ကော ရေမျောသီး ကောမဟုတ်ပါဘူး ဟေမာနေဝင်းနဲ့ ထူးအိမ်သင်ဖတ်တာ အရင် ကက်ဆက်ခေတ်တုံးက နားထောင်ဖူးတယ် )

ထားပါ ရုပ်ရှင်လေးကောင်းတယ် ကြုံရင်ကြည့်လိုက် အေးတော့အေးတယ် ကိတ်ဝင်းစလက် (ကိတ်မုန့်နဲ့ မုန့်ပစ်စလက်ကိုပြေးမြင်ပါတယ်) သရုပ်ဆောင်တာ အင်မတန်ကောင်းဘဲ အဲ့တာကြောင့်လဲ ဆုတွေရတာ ရဖ်ဖင်းကတော့ အခန်း နည်းသလားလို့ သူ့ကို ကေါန်းစတန့် ဂါဒင်နာ မှာ ရေချယ်နဲ့ သရုပ်ဆောင်တာ ပိုကြိုက်တယ် အင်းဂလစ်ရှ် ပေးရှန့်ကတော့ အခွေရှိတယ် မကြည့်ရသေးဘူး




ပြီးတော့ ညလယ်ကျတော့ ထုံးစံအတိုင်း ထမင်းဆာလာပြန်ပါတယ် ထမင်းကြီးကျတော့လဲ ထပ်မစားချင် တာနဲ့ ရေခဲသေတ္တာကိုကြည့်လိုက်တော့ ဝက်သား တောက်တောက်စင်းတွေတွေ့တာနဲ့ ဆန်ပြုတ်ချက်ဖို့ အကြံပေါ်ပါတယ် မအိပ်ရသေးတော့ “တရေးနိုးသော် အကြံပေါ် ပေါ်သည့်အကြံ ထပ်အိပ်ရန်” မဟုတ်ပါဘူး “စားပြီး ပြန်သော် အကြံပေါ် ပေါ်သည့်အကြံ ထပ်စားရန်” ဆိုပါတော့ ခွိခွိခွိ ဒီလိုနော် ကိုမှမဝရင် ဘယ်သူမှမဝတော့ဘူး

ပုံ ၁) ဝက်သားတောက်တောက်စင်းတွေပါ နောက်ဘေးက ပုံ ၂) ပဲတောင်းရှည်သီး အနေတော်လေးတွေဖြတ်လိုက်ပါ ပုံ ၃) ဘေးကတော့ ခုနက ကျန်တဲ့ထမင်း ပူပေါ့ ထမင်းကြမ်းမဟုတ်ပါ မဆီမဆိုင် ထမင်းကြမ်းလို့ရေးမိတာနဲ့ ငယ်ဘဝက အစားအသောက် နှစ်မျိုးကို သတိရပါတယ် ကဲ (ဓါတ်ရှင်များတွင်တော့ ယခု စာကို အဖြူအမည်း နှင့် မြင်ရပေမည်ပေါ့ နောက်ကြောင်းပြန်လေနော့ ဟဲဟဲ တီချမ်း ပေါရဲစွာပေါသည် အကယ်ဒမီမှန်း ပြီးပေါတာနော် ငှဲငှဲငှဲ )
၁) ငယ်ငယ်က မနက်ဆိုရင်တခါတလေ စားရတဲ့ ထမင်းကြမ်း+ ပဲပြုတ်ပူပူ+ ပဲဆီ စစ်စစ် = ရှလွတ် ရှလွတ် အင်မတန် အရသာရှိနဲ့
၂) ထမင်းကြမ်း+ မုန့်ဟင်းခါး+ ငရုတ်သီးများများ= ရှူးရှဲ အရသာရှိပါ အော် ကောင်းလေစွ ကောင်းလေစွ ငါ့ရဲ့ ငယ်ဘဝနော်
ကဲရေးရင်းနဲ့ သွားရည်ကျရပြန်ပါတယ် ထားတော့ ဆက်မယ်.......



အိုးထဲကို ဆီထည့်ပါ ပြီးတော့ မီးဖွင့်ပါ ဟိဟိ ဆီပူလာတော့ ဝက်သား တောက်တောက်စဉ်းကို ထည့် ကြက်ဥ ၃ လုံးလောက် ခေါက်ထည့် ပုံ ၄ နဲ့ ၅ ကိုရှူ


ဝက်သားနဲ့ ကြက်ဥ ကို အနည်းငယ်မွှေကြော်လိုက်ပါ ပြီးတော့ ပဲသီးထည့် ဆက်ကြော်ပေး နောက်တော့ ပဲသီး ကျက်ပြီဆိုရင် ထမင်းပူ၊ ကြမ်း ထည့်လိုက် ပုံ ၆ ၇ ၈ အစဉ်လိုက်နော်


ပြီးရင် ထမင်းကို နည်းနည်းခြေလိုက်ပြီးတာနဲ့ ရေထည့် ငရုတ်ကောင်းမှုန့် ပါ ကြိုက်ရင်ထည့် ဆား ဟင်းချိုမှုန့် ထည့် ပြီးတာနဲ့ ဆူအောင် တည်လိုက်ပါ ပုံ ၉ ၁၀ ၁၁ နော်



ဆူလာရင်တော့ မီးအေးအေးနဲ့ တခါ ခဏ တည်ထားပေးပါမယ် ပြီးတော့ အောက် က အိုးကပ်ပြီး မတူးသွားအောင် နည်းနည်းတော့ မွှေပေးနေပေါ့အေ ပြီးရင်တော့ အောက်က ပုံ ၁၂ လို ပန်းကန်ထဲထည့်လိုက်ရင် ဝက်သား ပဲသီး ကြက်ဥ ဆန်ပြုတ် အရသာ ရှိရှိ တခွက် ကိုရပြီပေါ့
ဆန်ပြုတ်မကြိုက်သူများ အတွက်တော့ တယ် ကောင်းမယ်မထင် ကြိုက်ရင်တော့ အသေကောင်းပဲ
၇၅ ပွဲလောက် စားချင်သွားမယ် နောက် မှိုတွေ ဘဲဥ ကြော်တွေ နဲ့ တရုတ်ဆန်ပြုတ် ပြုတ်နည်းတွေရှိပါသေးတယ် အမဲသား ဂျင်း ဆန်ပြုတ်လဲ ကောင်းတယ် ကြုံရင် တင်ပေးတာပေါ့နော့



အောက် က ၃ ပုံက တော့ ရိုး ရိုး ကြည့်ရင် ဆန်ပြုတ်စားပြီး အချိုတည်းတာပေါ့
တရားသဘောနဲ့ကြည့်ရင်တော့ အနိစ္စ ဒုက္ခ အနတ္တပါ
အဲ နောက်အမြင်တမျိုးနဲ့ကြည့်ရင်တော့ အတိတ် ပစ္စုပ္ပန် နဲ့ အနာဂတ် ပေါ့လေ ငှဲငှဲ မြင်တတ် တွေးတတ်ဖို့ပဲလိုတာ ဘာမဆို ဖြစ်နိုင်တယ်လေနော့ စိတ်ကူး ဆို တာာ ပိုက်ဆံမပေးရပါ။



ကဲကဲ ဒီလောက်ပဲ တော်သေးပြီ
ဒီပို့စ် ကို ၃ ရက်နေ့ စနေ က စရေးတာပါ ခု ၅ ရက်နေ့ တနင်္လာမှ ပြီးပါတယ် ပျင်းနေပါတယ်လို့ဆို ....ဟွန့်

9 comments:

  1. စားလို့ကောင်းမယ့် တခြားဟာလေးတွေလည်း လုပ်စားကြည့်ပေါ့။ ရခိုင်မုန့်တီတို့ဘာတို့ပေါ့လေ။ ယိုးဒယားအစားအစာတွေ တော်တော်လေး စားနေကျဖြစ်နေပြီထင်တယ်။ ဘာပဲဖြစ်ဖြစ်ကောင်းပါတယ် တီချမ်းရေ။

    ReplyDelete
  2. တင်ပါ တင်ပါ.. ကြုံရင်တင်ပါ... တီလုပ်သမျှနောက်ကနေ လိုက်လုပ်ကြည့်ပြီး စားမယ့်သူပါ... ဟီးဟီးးးးး
    စာအုပ်တွေ ကြုံရင် ငှါးဖတ်ပါရစေ..း)
    the reader ကတကယ်ကောင်းတာ.. ကိတ်ဝင်းစလတ် သရုပ်ဆောင်တာ.. တရားရုံးမှာ အစစ်ခံနေတဲ့ အခန်းကို ကြိုက်တယ်...း)
    တီ အဲဒါထိုင်းဆန်ပေါ့နော်.. လှမှလှ...း)
    ယိုးဒယား ဒူးရင်းသီး.. ကြိုက်မှကြိုက်.... ရှလွတ်..း)

    ReplyDelete
  3. အဖတ်နောက်ကျသွားတယ်။ ဖတ်လို့ကောင်းလိုက်တာ။ ထိုင်းမှာ ခဏခဏ ရုံးပိတ်တယ်နော်။ စင်ကာပူမှာလဲ ၁ပတ်လောက် ထဆန္ဒပြကြရင်ကောင်းမယ်။ နားချင်လို့။

    ReplyDelete
  4. အမရီတာရယ် စင်္ကာပူအဲ့လို ဆန္ဒပြတဲ့နေ့ စင်္ကာပူပျက်တဲ့နေ့ပဲ
    အဟက်လို့ ၇၅ခါရီသွားသည် ခင်ဗျားခု မပျင်းတော့ဘူးဆိုတာ သိသွားပီ တီ
    ကွန်တန်ပိုလာရီအတ် စာအုပ်ကြီး ကျွန်တော့်သာပေးလိုက်ပါတော့ တီရယ် ..

    ReplyDelete
  5. ချမ်းက သာမီးနာမည်တွေကို ဖွသွားတဲ့အပြင် သာမီးကိုငကြွားလို့ မပြောရုံတမယ်ပဲ...အရမ်းဝမ်းနည်းသွားပြီ ရွှတ်..ဘတ်...အဲ့မှာ စင်ကုန်ပြီ သုတ်လိုက်...

    ပုံ။ ။ ပန်းစကား

    ReplyDelete
  6. အမှန်အတိုင်းပြောရရင် တီရဲ့ အစားအသောက် ပိုစ့်တွေ ပိုကြိုက်တယ်။ သေချာ စိတ်ရှည်လက်ရှည် တိတိကျကျ ရေးထားတာ ကိုသဘောကျလိုက်တား)

    နနခ

    ReplyDelete
  7. ကြိုက်ပါတယ်ဗျာ အားလုံးဖတ်ပါတယ်..
    ဆန်ပြုတ်လည်း ကျနော်ကြိုက်တယ်..

    ReplyDelete
  8.ံ့HIV ၇ှိနေမှန်းသိ၇က်နဲ့ဘ၀ကိုအ၇ှုံးမပေးစိတ်ဓာတ်မကျဘဲပျော်ပျော်နေနေ
    တာကိုလေးစားပါတယ်
    HIV ဝေဒနာသည်တွေအကုန်အဲဒီစိတ်ဓာတ်၇ှိစေချင်ပါတယ်
    တီချမ်းကျန်းမာပါစေ
    တင်ထားတဲ့ပုံလေးကလွဲလို့ေ၇းတဲ့စာတွေအကုန်ကြိုက်ပါတယ်
    အားပေးလျှက်ပါ

    ReplyDelete
  9. သူများသားသမီးတွေ များအဲ့လို မကြုံကြုံအောင် ကြွားတတ်တာ မိသစ်(ပန်းစကား) ကျနေတာပဲ ( ROFL ....
    ဟင်းတွေကြည့်ချက်နည်းမှတ်သွားသည် ဆန်ပြုတ်တော့မကြိုက် ရွှေထည့်ပြုတ်တောင်မကြိုက်ဘူး ...

    ReplyDelete