Monday, January 16, 2012

ဝန်ခံရန်ခက်ခဲသော...



ဂူဂဲလ် က ပုံ

ဝန်ခံရန် ခက်ခဲသော....

လောကကြီးမှာ ဝန်ခံဖို့အခက်ခဲဆုံးက ကိုယ်အမှားလုပ်တဲ့ ကိစ္စ မဟုတ်ဘဲ စိတ်ထဲမှာ ဖြစ်နေတဲ့ မနာလိုမှုလို့ ကိုယ် ထင်တယ်။

“ကိုယ် မနာလိုဖြစ်နေတယ်” ဆိုတဲ့ စကားစု “ကိုယ်မှားသွားလို့ တောင်းပန်ပါတယ်” ဆိုတာထက် အမျာကြီး ဖွင့်ပြောရခက်ပါတယ်။

လူတယောက်ကို ချစ်နေတဲ့ အချိန်မှာ ကိုယ်တို့တွေ “ကိုယ် မင်းကို တောင်းပန်ပါတယ်” လို့ ပြောဖို့ တော်ရုံနဲ့ ဝန်မလေးကြဘူး။ ကိုယ်မှား သွားရင်တောင် မင်း စိတ်မဆိုးဖို့ ကိုယ်မျှော်လင့်တယ်။ မင်းကို ချစ်တဲ့အတွက်ကြောင့် ဒီလောက်လေးတော့ ကိုယ့်သိက္ခာကို အပွန်းအပဲ့ခံနိုင်တယ်။ ကိုယ်မင်းကို တောင်းပန်နေတဲ့ အချိန်မှာ ကိုယ့် သိက္ခာကို ခဏ ဘေးချထားနိုင်တယ်။

ဒါပေမယ့် မနာလိုတာကတော့ သိက္ခာနဲ့ သိပ်မဆိုင်တော့ဘူး။ မနာလိုမှုထဲမှာ သိက္ခာလဲ နည်းနည်းတော့ တစိတ်တပိုင်းပါမယ်ပေါ့။ ကိုယ့်ရဲ့ သိက္ခာတွေ ကိုယ့်ရဲ့ ကွဲကြေလွယ်မှုတွေကိုတော့ မင်းကို မသိစေ နားမလည်စေ ချင်ပါဘူး။ အဲ့တာက တကယ်တော့ တခါတခါ ကိုယ်တောင် ရင်မဆိုင်နိုင်တဲ့ ကိစ္စပဲလေ။

ကိုယ့်မှာ ဖြစ်နေတဲ့ မနာလိုစိတ်ကို ဖုံးကွယ်ဖို့ အခါများစွာမှာ ကိုယ်တို့တွေ အကြောင်းမရှိအကြောင်းရှာပြီး စိတ်တိုနေမယ်။ ပါးစပ်ထဲတွေ့ရာတွေ ပေါက်တတ်ကရ လျောက်ပြောပြီး ကိုယ့်မနာလို စိတ်ကို ဖုံးကွယ်ဖို့ ကြိုးစား မယ်။ ဒါမှမဟုတ် စိတ်ထားကြီးဟန်ဆောင်ပြီး ခွင့်လွှတ်ချင်ယောင်ဆောင်ချင်ဆောင်မယ်။

တခါတုံးက တပတ်လောက်ကို ကိုယ် စိတ်တွေတိုနေခဲ့ဘူးတယ်။ အကြောင်းရှာတော့လဲ သေချာမတွေ့။ ကိစ္စသေးသေးလေးတွေကိုပဲ စိတ်က တိုနေတာလား ဒါမှမဟုတ် မိန်းမတွေလို တလတခါ ဖြစ်တတ်တဲ့ ကြောက်စရာဒိန်းဂျား ကာလ ကိုရောက်နေတာလား။ တကယ်ကတော့ ကိုယ် မနာလို အူတို ဖြစ်နေတာပါ။

ဘာကို မနာလိုတာလဲ...? ဒါမှ မဟုတ် မင်းအတွက်တော့ ဟာသ ကိုယ့်အတွက်တော့ ပူလောင်ပြင်းပျတဲ့ မနာလိုမှုတွေလား၊ ဥပမာ ကိုယ်မဟုတ်တဲ့ တခြားသူတွေနဲ့ မင်းရဲ့ဆက်ဆံမှု၊ သူတို့ အပေါ်မင်း အကြည့်၊ တယောက်ယောက်ကို မဟုတ်ဘဲနဲ့ မင်းရဲ့ ကာဆင်ပါလို့ လိမ်ညာမှုတွေ၊ မင်းရဲ့ စကားပြောတဲ့ အခါ မလုံမလဲ ဖြစ်တတ်တဲ့ အမူအယာ၊ ကိုယ့်မျက်လုံးတည့်တည့် မကြည့်ရဲတာတွေ စသဖြင့်ပေါ့။

ကိုယ်တို့ တွေရဲ့ ဂုဏ်သတ္တိ တခုက ဘာလဲဆိုတော့ ဘာမဟုတ်တဲ့ ကိစ္စလေးတွေက အစ သေးတဲ့ အမှု ကြီးအောင် ကြီးတဲ့ အမှု ဧရာမ ဖြစ်အောင် လုပ်တတ်တာ၊ ဖြစ်ပြီးတာနဲ့ တဗြစ်တောက်တောက် မပြီးနိုင် မစီးနိုင် ဖြစ်နိုင်တာ။ မျက်ရည်လည်ရွှဲ တခွဲသား လုပ်နိုင်တာတွေပေါ့။

ဒါပေမယ့်လဲ မင်းချစ်နေတဲ့ ကိုယ်က မနာလိုစိတ်ကြီးတတ်တဲ့ သူတယောက်ဆိုတာ မင်းကို မသိစေချင်ပြန်ဘူး။ ဘာလို့လဲဆိုတော့ မနာလိုစိတ်နဲ့ ကိုယ် အရူးထနေတဲ့ အချိန်မှာ ကိုယ့် စိတ်ထား သေးသိမ်လို့ မနာလိုအူတို ဖြစ်နေတာလို့ မင်းထင်တာထက် ကိုယ့် မှာ ဘိုင်ပိုလာဖြစ်နေတာလို့ မင်းထင်တာကို ကိုယ် ပိုလိုချင်မိတယ်လေ။

ကိုယ်ထင်တယ် လူတွေ မနာလိုစိတ်ကို ဝန်မခံချင်တဲ့ အကြောင်းအရာတွေထဲမှာ တခြားအကြောင်းပြချက်တွေလဲ ရှိနေနိုင်သေးတယ်။ ဥပမာ....ကိုယ်မင်းကို ဘယ်လောက်ချစ်တာ၊ ဘယ်လောက်အလေးထားတာ၊ ဆုံးရှုံးရမှာ ဘယ်လောက်ကြောက်တာ ဆိုတာတွေကို မင်းကိုမသိစေချင်ဘူး။

ကိုယ့်အားနည်းချက်တွေသိလို့ မင်းမာန်တက်နေမှာ ဂုဏ်ယူနေမှာကိုလဲ မလိုချင်ပြန်ဘူး။
စိတ်ထားသေးသိမ်တဲ့ လူတယောက်ဖြစ်သွားမှာ ကိုလဲ ကိုယ့်ကိုကိုယ် မလိုလားဘူး။
နောက်ဆုံး မဖြစ်စေချင်ဆုံးကတော့ နောင်မှာ မင်းက ကိုယ့်မနာလိုမှု ကိုအခွင့်အကောင်းယူပြီး ကိုယ့်ကို စမှာ၊ အနိုင်ယူမှာ၊ ဒေါသထွက်စေမှာ တွေကိုပါ။

အဲ့တာတွေကြောင့် ကိုယ့်ရင်ထဲမှာ မနာလိုမှုတွေ နဲ့ ပူလောင်ပြင်းပျနေတဲ့ အခါ ကိုယ့်မျက်နှာပေါ်မှာ သဘောထားကြီးကြီး အပြုံးတခု ကိုတပ်ထားပါ့မယ်။

A Chen
1:28PM
Monday
16th Jan 2012
Bangkok

3 comments:

  1. သူပဲအသေးစိတ် ခွဲခြားပြီး စဉ်းစားတတ်တယ်။ မိန်းမစစ်စစ်တွေထက်ပိုပြီးတော့....
    WT

    ReplyDelete
  2. ၁) မိန်းမ အစစ်တွေထက်ပိုတော်လို့နေမှာပေါ့
    ၂) မိန်းမ အစစ်တွေထက်လဲပိုအတွေ့အကြုံများတယ်လေ

    အလကားပြောတာပါ
    လျောက်စဉ်းစားနိုင်တယ်ဆိုတာ အားနေလို့ပါ

    ReplyDelete