Monday, January 16, 2012

တီချမ်း ဖက်ထုပ်ပြုတ်

ဒီရက်ပိုင်းမှာ တကယ့်ကိုပဲ လွယ်လွယ်ချက် ဆူဆူစားတွေ လုပ်နေမိပါတယ်။ အမဲသားဆီပျံ တအိုးချက်ပြီး ၃ ရက်လောက်စားတာမျိုး၊ အလွယ်တကူ ပလာချောင်ကြော် ဆတ်သားမွကြော်တွေနဲ့ ထမင်းပူပူ စားလိုက်တာမျိုး ဒီလိုပဲ ပြီးနေတာ များပါတယ်။ အရင်တပတ်က ရုံးပြန်တက်ရတယ်။ မြန်မာပြည်ကလဲပြန်ရောက်တာ မကြာသေးတော့ အရှိန်ကမသေသေးပါဘူး။ ထားတော့။

ကဲဒီတခါလဲ လွယ်လွယ်ချက်တာ စားကြရအောင် ဖက်ထုပ်ပြုတ်လေး လုပ်ပေးလိုက်ပါတယ်။





ပထမဆုံး အပေါ်က ပုံမှာ ပြထားသလိုပဲ ဖက်ထုပ်ထုပ်ရပါမယ်။

ပထမဆုံး အသားတောက်တောက်စင်း ကို လိုချင်သလောက် ဆား အချိုမှုန့် ကော်မှုန့် တို့နဲ့ နယ်ပေးပါ။ နယ်ပြီးသားတွေကို ပုံ ၂ က အတိုင်း ဗူးလေးနဲ့ ထည့်ထားပါ။ ပိုနေရင် ပြန်သိမ်းရလွယ်အောင်ဖြစ်ပါတယ်။ နောက် ပုံ ၃ မှာ ပြထားတဲ့ အတိုင်း ရေခွက် လေးနဲ့ တူလေး တချောင်းဆိုရင် ဖက်ထုပ်စထုပ်လို့ ရပါပြီ။ အမှန်က ရေခွက်အစား ကြက်ဥ အကာ ဆိုရင် ပိုကောင်းပါတယ်။ အသားနယ်တဲ့ အထဲမှာလဲ ကြက်ဥ တလုံးလောက်ထည့်နယ်ရင် ပိုစားကောင်းပါတယ်။ အသားက ပိုနူးညံ့တာပေါ့။ အိမ်သားက ကြက်ဥ မစားတော့ မထည့်ရပါဘူး။





ဖက်ထုပ်အသားအတွက်ကတော့ အလွယ်လုပ်ပြီးသားကို ဈေးမှာ ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ ဟိုးတီတို့ အမေတွေ ခေတ်ကလို အိမ်မှာ ကိုယ်တိုင်လုပ် စရာမလိုတော့ပါဘူး။ တီကတော့ အခု ပုံမှာ ပြထားတဲ့ မြင်းဖြူ တံဆိပ်ကို ဝယ်ပါတယ်။ မေးလိုက်ရင် ရပါတယ်။ ဖက်ထုပ် ပြုတ်မယ့်ဟာလို့ပြောပါ ကြော်မယ်ဟာ နဲ့ ပြုတ်မယ့်ဟာချင်း ဖက်ထုပ်ရဲ့ အသားမတူပါဘူး။ အဲ့တော့ မသေချာရင် မေးဝယ်ပါ။ ပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်းထုပ်ပါ။ တီကတော့ ထုပ်ပြီး လှလှလေး ဖြန့်ထားပါတယ်။ ခဏလှပ်ထားတာပါ။ နောက် တော့ ပိုတာ ကို ဗူးထဲ ထည့်သိမ်းပေါ့။ နောင်နေ့ စားရင် ထပ်ထုပ်စရာမလိုတော့ဘူးလေနော်။





ဖက်ထုပ်ထုပ်ပြီးရင် ပြုတ်ပါမယ်။ ရေတအိုးအရင်ဆူအောင်တည်လိုက်ပါ။ ပြီးရင် စားချင်သလောက် ပြုတ်ပါ။ တီကတော့ တပွဲအတွက် ကို ဖက်ထုပ် ၁၀ ခု ပြုတ်ပါတယ်။ အိုးထဲက ရေဆူလာရင် ဖက်ထုပ်တွေထည့်ပါ။ ပြီးတော့ ခဏ ပေးဆူလိုက်ပါ။ ဖက်ထုပ်တွေ ထည့်ထည့်ချင်း ရေက အေးသွားပါမယ်။ ဖက်ထုပ်တွေကလဲ အောက်ကို ကျသွားပါမယ်။ ခဏနေလို့ ကျက်လာရင် သူတို့တွေက မုန့်လုံးရေပေါ် လိုပဲ ပေါ်လာပါမယ်။ ခဏ ထပ်ပေးဆူလိုက်ပါ။ တီက ဖက်ထုပ်ထဲ ကို အသားများများထည့်ထားလို့ နည်းနည်း ကြာကြာလေး ပြုတ်ပါမယ်။ မဟုတ်ရင် အထဲက အသားမကျက်မှာ စိုးလို့ပါ။ ကပ်စေးနည်းပြီး အသားကို ဆိုင်မှာလို နည်းနည်းလေးပဲ ထည့်မယ်ဆိုရင်တော့ ရေပေါ် ပေါ်လာတာနဲ့ ရပါပြီ။ ပြီးရင် စားမယ့် ပန်းကန်ထဲ ဖက်ထုပ်တွေကို ရေစစ်ပြီးထည့်ပါ။ ပုံကိုကြည့်ပါ။ အသားတွေက ဟင်းရည် ကြည်ထဲက အသားကို အချောင်းလေးတွေ ဖြစ်အောင်လှီးထားတာပါ။ အိုကေ အောက်မှာ ဟင်းရည်ကြည်ကိုကြည့်ရအောင်....





ရေကို ကြိုက်သလောက် အိုးနဲ့ ထည့်တည်ပါ။ အရသာ လေးလေးလိုချင်ရင် ရေနည်းနည်းနဲ့အသားများများ သို့ နံရိုး၊ သို့ အရိုးကြမ်း စတာတွေနဲ့လဲ ဟင်းရည်ကို ချိုအောင် လုပ်လို့ရပါတယ်။ တည်ပုံတည်နည်းကတော့ ပြောလွန်းလို့ ဖန်တရာတေ ဆိုသလိုပါပဲ။ ပထမဆုံး ကြိုက်သလောက် အသား အရိုးကို ရေစင်စင်ဆေးပြီးတော့ တည်မယ့်အိုးထဲထည့်ပါ။ တီကတော့ ပုံမှာ ပြထားသလောက် ရေကို ပုံမှာ ပြထားသလောက် အသားတုံးနဲ့ ဆို အိုကေပါတယ်။ ပထမဆုံး မီးပြင်းနဲ့ ရေဆူတဲ့အထိတည်ပါ။ အိုးအဖုံးကို တည်နေတဲ့ တချိန်လုံးဖွင့်ထားပါ။ ပထမဆုံးရေ တဖြည်းဖြည်းပူလာရင် အသား ထဲကသွေးတွေကြောင့်ရေတွေက နည်းနည်းနောက်လာပါမယ်။ ကိစ္စ မရှိပါဘူး။ မပူပါနဲ့။ ပြီးရင် ရေဆူလာပြီဆိုတာနဲ့ မီးကို အေးပစ်လိုက်ပါ။ မီးသေးလေးနဲ့ ဆက်တည်ပါ။ ဟင်းရည်က တဖြည်းဖြည်း ကြည်လာပါမယ်။ တည်နေတဲ့တလျောက်မှာ အနှစ်ဖြူဖြူ တွေပုံ ၁ မှာ ပြထားတဲ့ အတိုင်းတွေ့ရင် ဇွန်းလေးနဲ့ တဖြည်းဖြည်းချင်း ခပ်ထုတ်ပါ။ နောက်ဆုံးမှာ ပုံ ၃ မှာ ပြထားတဲ့ အတိုင်း တီချမ်း တို့ ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းလာတဲ့ မဟာဟင်းရည်ကြည် ကိုရပါမယ်။





ဟင်းရည်ကြည်လဲ ရပြီ ဖက်ထုပ်လဲ ပြုတ်ပြီးပြီဆိုရင်တော့ ခုနက ဖက်ထုပ်ကို စစ်ပြီးထည့်ထားတဲ့ ပန်းကန်ထဲကို ဆား အချိုမှုန့် လိုသလောက်ထည့်ပါ။ ခုနက ဟင်းရည်ကြည်ထဲက အသားကို အချောင်းလေးတွေလှီးပါ။ ပြီးရင် ဟိုတနေ့က ကြက်သွန်ဖြူနဲ့ ငရုတ်သီး ဆီချက်တွေထည့်ဖို့လဲ မမေ့ပါနဲ့နော်။ ပြီးရင် နံနံပင်ထည့်၊ အချဉ် ညှစ်ပြီးရင် ဟင်းရည်ကြည်လေး လောင်းထည့်လိုက်တော့ လွယ်လွယ်ကူကူ စားစရာ တီချမ်းချက်တဲ့ ဖက်ထုပ်ပါ ဆိုသလို ဖက်ထုပ်ပြုတ် ကောင်းကောင်း အရသာရှိရှိလေးတပွဲ ရတာပေါ့နော်။





အောက်ကဟာတွေကတော့ ဖက်ထုပ်နဲ့ မတင်းတိမ်နိုင်တဲ့ တီချမ်း မဟာဗိုက်အတွက် ထပ်မံဖြည့်တင်းရတဲ့ သံပရာသီးနဲ့ပျားရည် နဲ့ဖျော်တာရယ် ငါးရံ့ဖုတ်ဆီဆမ်းနဲ့ ရေနွေးကြမ်းရယ်ပါ။ အချိုပွဲပေါ့။ မြည်းကြပါအုံး။





ဘောနပ်စ်။ ပဟေဠိ....

နောက်က ၃၂ လက်မ တီဗီမှာ ပြနေတာ ဘာကားလဲ? ဖြေနိုင်တဲ့သူ ကို ငါးရံ့ခြောက်တဗူးလုံးပေးမယ်။

နောက် တီ ဒီပိုစ့်ထဲမှာ အလွဲလေးတုခုရှိတယ်။ ဘယ်သူမျက်စိလျင်လဲ ကြည့်ရအောင်နော်။

A Chen
2:09Am
Monday
16th Jan 2012
Home
Bangkok

9 comments:

  1. the lady
    သံပုရည်= water

    ReplyDelete
  2. တီပြောတဲ့ ပဟေဠိတွေက စာလုံးပေါင်း အမှား typo တွေ မဟုတ်ပါဘူးကွယ်
    သည်လေဒီ ရယ်

    ReplyDelete
  3. တီ ဟင်းချက်လိုက် မုန့်လုပ်လိုက်နဲ့ ဟင်း ဟင်းးးး

    စောင့်နေတယ်လို့ပဲ ပြောလိုက်ပါရစေတော့ :P

    ReplyDelete
  4. အိုအိုအို မေ့နေလိုက်တာ ဒေါ်သလင်းရေ
    ခုလို သတိပေးမှပဲ သတိရတော့တယ်
    အိုကေ
    အိမ်မှာက ခုတလော အင်တာနက် ကျကျနေလို့ပါ ပုံတွေတင်ရတာ သိပ်ခက်တယ်လေ

    ရမယ် ရမယ် ဒီတပတ်အတွင်းရစေရမယ် ရေးရမယ့် ရီပို့ ကိုမရေးဘဲနဲ့ ကိုရေးပေးမယ် အိုကေနော်

    ReplyDelete
  5. ဟေးးးးး ဝေးးးးးးးးးးး ကျေးကျေး တီ မျှော်နေမယ်း)

    ReplyDelete
  6. တီချမ်းရယ် ရှင့်ပို့စ်ကို ကွန်မန့်ပေးချင်လို့ လာလာကြည့်နေတာ ၃ ရက်လောက်ရှိနေပြီ။ ခုမှဘဲရတော့တယ်။ ဖက်ထုပ်ပေါင်း (စကော့ဈေးထဲက ရောင်းတဲ့ဟာမျိုး)စားချင်တယ်။

    ReplyDelete
  7. မပြောနဲ့တော့ ဒေါ်အီဗီရေ
    ဟင်းထုပ်ကို ကြည့်ပြီး စားချင်နေတာ
    တလောကလဲ ဘယ်သူလဲမသိဘူး လုပ်တင်သေးတယ်လေ

    ဒီတခေါက်ရန်ကုန်ပြန်ရောက်မှ နဝဒေးလမ်းက ရည်းစားဟောင်းဆီမှာ သွားသင်အုံးမယ်

    ReplyDelete
  8. T Chan .....
    (tu) ka (2) chaung ...phit nay tal....(ae dar ko pyaw tar ma hote lar ?..) :)....
    .....JULY.......

    ReplyDelete
  9. မဟုတ်သေးဘူး ဂျူလိုင်ရေ

    တူပါဆိုမှတော့ နှစ်ချောင်းပေါ့ တကယ်ပဲ

    ဒါပေမယ့် အဖြေ မမှန်သေးပါဘူးကွယ်

    ပါဝင်ဖြေဆိုတာကိုတော့ ကျေးဇူးပါနော်။ လက်ဆောင်နဲ့ တော့ မနီးစပ်သေးဘူး

    ReplyDelete