Sunday, July 26, 2009

မျက်လုံးပေါ်က ကြယ်နဲ့လ (စ ဆုံး)




မျက်လုံးပေါ်က ကြယ်နဲ့လ

တနေ့ က ခေါင်းအုံးလေးတလုံးဝယ်လိုက်တယ်။ ခေါင်းအုံးလေးက သေးသေးလေး ကိုယ့်လက်ဖဝါးထက်နည်းနည်းလေးပဲ ပိုရှည်တယ်။ ပြီးတော့ မျက်လုံးကိုအုံးရတဲ့ခေါင်းအုံးလေး။ မျက်အုံးလို့ခေါ်လို့ရမယ်ထင်တယ်။

မျက်လုံးမှာလဲ သူ့အတွက်သီးသန့်လုပ်ထားတဲ့ ခေါင်းအုံးရှိလိမ့်မယ်လို့မထင်ဘူးမှလား?

မျက်အုံးလေးက ပိုးချည်ထည်လေးနဲ့ချုပ်ထားတာ။ အထဲမှာတော့ ရေမွှေးပန်းခြောက်လေး (Lavenders) တွေထည့်ထားတယ်။ အိပ်ခါနီးဒါမှမဟုတ် မျက်လုံးတွေ ညောင်းနေပြီလို့ခံစားရရင် မျက်အုံးလေး ကိုမျက်လုံးပေါ်မှာ တင်ထားလိုက်ရုံပဲလေ။ ပြီးတော့ မျက်အုံးကို ပိုးထည်လေးနဲ့ချုပ်ထားတဲ့အတွက် မျက်လုံးထောင့်စွန်းနားမှာ ကျီးခြေထောက်လိုမျိုး အရေးအကြောင်းတွေပေါ်လာမှာမျိုးမပူရတော့ဘူးလေ။ ပြီးတော့ အထဲမှာ ထည့်ထားတာက လဲပန်းခြောက်လေးတွေပဲဆိုတော့ မျက်လုံးကိုဝန်ပိစေလောက်တဲ့အလေးချိန်မရှိတော့ဘူးပေါ့။ မျက်အုံးလေးကိုလဲ ပေါ့ပေါ့လေးနဲ့ မျက်လုံးပေါ်တင်ထားရင် ဇိမ်တမျိုးရှိစေတယ်လေနော်။ ပြီးတော့ မျက်အုံးလေးက အပူအအေး နှစ်မျိုးလဲသုံးနိုင်သေးတယ်လေ။ အအေးလေး သုံးချင်ရင် မသုံးခင် ရေခဲသေတ္တာထဲခဏ ထည့်ထားပြီး သုံးရင် မျက်လုံးရောင်တာ ဘာညာ သက်သာစေနိုင်တယ်လေ။ အပူပေးပြီးသုံးရင်တော့ အကြောအချင်တွေပြေစေတာပေါ့။

တရက်တုံးက ညီမလေးတယောက်က ကိုယ်စာတွေရေးလိုက်၊ အလုပ်တွေများ၊ အိပ်ရေးတွေပျက်နေတာ မြင်လို့ ဒီမျက်အုံးလေး ကို မိတ်ဆက်ပေးတာ။ အစကတော့ ကိုယ်လဲ ယုံတဝက် မယုံတဝက်ပါပဲ။ တနေ့ကတော့ စိတ်ပါတာနဲ့ သွားဝယ်ပြီးအိမ်မှာ အစမ်းသုံးကြည့်တာ တကယ်ကိုဇိမ်ရှိတာပဲ။ မျက်လုံးက မျက်အုံးရှိပြီးကတည်းက ပိုပြီးကြည်လင်လာသလိုပဲ။ အညောင်းအကိုက်လဲ တော်တော်သက်သာသွားတယ်။

ကိုယ်ဝယ်ခဲ့တဲ့ မျက်အုံးလေးက မစ်ကီမောက်စ်ပုံလေးနဲ့ တခြားရွေးစရာလဲမရှိဘူးလေ။ ဘူးလေးထဲမှာ လာဗင်ဒါး ပန်းရဲ့ ရေမွှေးဆီပုလင်းလေးလဲပါတယ်လေ။ လိုအပ်တဲ့အချိန်ကျရင် မျက်အုံးလေးထဲ နည်းနည်းထည့်လို့ရတာပေါ့။

တကယ်လို့သာရွေးချယ်ပိုင်ခွင့်ရှိမယ် ဆိုရင် မျက်အုံးကို အရောင်အမျိုးမျိုး အနံ့အမျိုးမျိုးနဲ့ ပုံအမျိုးမျိုး ရှိစေချင်သေးတယ်။ အဲ့တာမှ မျက်လုံးပေါ်တင်ထားတဲ့အချိန်ကျရင် မမြင်ရပေ မယ့် မျက်အုံးပေါ်က ပုံတွေက တကယ်လို့များ လ နဲ့ ကြယ်တွေ ဖြစ်မယ်ဆိုရင် ကိုယ်ထင် တယ်လေ အဲ့ဒီ အိပ်စက်ခြင်းကလေးတခုက ပိုပြီးပြည့်စုံသွားမှာလို့။

အရင်တုံးက လူ့ဘဝ မှာ ကိုယ့်ဆီက သူများတွေ ဘယ်လိုမှ လုမယူသွားနိုင်တဲ့အရာ (၃) ခုရှိတယ်လို့ ထင်ခဲ့တယ်။ အမှတ်တရတွေနဲ့အတိတ်ရယ်၊ အသိပညာရယ် နောက် ဗိုက်ထဲ ကိုရောက်သွားတဲ့ ကိုယ်စားလိုက်သမျှစားကောင်းသောက်ဖွယ်တွေရယ်ပေါ့။ ခုတလောမှစဉ်းစားမိတာ စတုတ္ထအရာ တခုရှိသေးတယ်… အဲ့တာက ဘာလဲ ဆိုတော့ ကိုယ့်ရဲ့ အိပ်မက်တွေပေါ့။

မင်း ကိုယ့်ဆီက အရာတော်တော်များများ ယူသွားလို့ရတယ်၊ ယူသွားနိုင်တယ် ဒါပေမယ့် ကိုယ့်ရဲ့ အိပ်မက်တွေ ကိုတော့ ယူမသွားနိုင်ဘူးလေ။

အိပ်မက်လှလှလေးပဲဖြစ်ဖြစ်၊ ခြောက်ခြားစရာ အိပ်မက် ပဲဖြစ်ဖြစ် ပေါ့။ ကိုယ့်ရဲ့ အချစ်ဆုံးသူ ဖြစ် နေရင်တောင် ဘယ်လိုမှ ကိုယ်နဲ့ အတူတူ အိပ်မက်တခုထဲ ကိုဝင်မမက်နိုင်ဘူးလေ။ ဘယ်လောက်ပဲ အရမ်းချစ်ပါတယ် ပြောပြောလေနော်။ တကုတင်တည်း အိပ် ပြီး တအိပ်မက်ထဲမက်တယ် ဆိုတာ စာအုပ်ထဲမှာပဲရှိတာ ကိုးနော်။

မင်းကိုဘယ်လောက်ပဲချစ်ချစ် အလွန်ဆုံး ကိုယ်ပေးနိုင်တာက မျက်အုံးလှလှလေး ဝယ်ပေးရုံပါပဲလေနော်။ ကိုယ့်မျက်လုံးပေါ်က လနဲ့ ကြယ်တွေ ကို မပေးနိုင်ဘူးလေနော်။
ဒါပေမယ့် ကိုယ်မင်းကိုချစ်ပါတယ်လေ။ ဒါမှမဟုတ် အနည်းဆုံးချစ်ခဲ့ပါတယ်ပေါ့…

အန်တီချမ်း
၈နာရီ ၀၉ မိနစ်
၂၂ရက် ဂျူလိုင်လ ၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်

7 comments:

  1. ရုတ်တရက်ကြည့်လိုက်တာ တစ်ခုခုနဲ့ တူတော့တူသားလို့
    တွေးမိသား
    ဟူး...
    မျက်အုံးဆိုတော့လည်း မျက်အုံးပေါ့

    ReplyDelete
  2. မောင်ပီအမ် ကလေးလေးက ဘာတွေတွေးနေတာလဲ
    အတွေးတွေ က အန်စီ အဆင့်ရှိလို့ ဆင်ဆာ ဖြတ်တယ်ကွယ်

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. မျက်အုံးက ဗျာစီယာလေး နဲ့တူတယ်နော်.. ဟိဟိ

    ReplyDelete
  5. အံမလေးလေး ကောင်းကြသေးရဲ့လားဟင်
    ဒေါ်မေ
    ရှင့် ဟိုတနေ့ က ကျုပ်ကိုပုံထည့်ခိုင်းလို့ထည့်လိုက်တာ
    ခုတော့ ဗျာဆီရာတဲ့
    အတွေးတွေ အတွေးတွေ
    ဆင်ဆာနော် ဆင်ဆာတွေ

    ReplyDelete
  6. သူတို့က အတွေးခေါင်တာပါကွယ်၊ ကိုယ်တော့ ရိုးရိုးလေးပဲ တွေးပါတယ်၊ ချမ်းက ဝက်ဝံလေးနဲ့ဟာ မတပ်ပဲ ဗြောက်ဟာ တပ်ပြတာကိုး....

    သူများယူလို့မရတဲ့ အရာ ၄ ခု ဆိုတာ ကြိုက်တယ်၊ တွေးတတ်တယ်

    ReplyDelete
  7. 4 comments:
    Mae said...
    လှတယ်၊ မျက်လုံးပေါ်တင်ပြီး ဓာတ်ပုံရိုက်လေ :p

    July 22, 2009 8:50 PM
    Rita said...
    ကောင်းသား
    ကိုယ်လဲ ရှာဝယ်မယ်
    စင်ကာပူမှာ ဘယ်မှာရလဲမသိ
    သိတဲ့သူများ ညွှန်သွားကြပါဦး

    July 22, 2009 10:39 PM
    jrlwinoo said...
    လိုချင်လိုက်တာ တီရဲ့။
    ကိုယ်က အဲလိုပစ္စည်းသေးသေးလေးနဲ့ cute ဖြစ်တာလေးတွေကြိုက်တယ်။

    July 23, 2009 1:30 AM
    sweetpeony said...
    အဲဒါမျိုးလိုချင်တယ် တီ..
    ဘယ်လောက်ပေးရတုန်း...
    စလုံးမှာရှိတာက အထဲမှာ ရေလိုလို ဂျယ်လီလိုလိုပဲတွေ့ဖူးတယ်
    ပြီးတော့ ပိုးနဲ့မဟုတ်ဘူး ရေလိုလို ဂျယ်လီလိုလိုဆိုတော့ ပလက်စတစ်လိုမျိုးကြီးနဲ့..
    ကြိုက်ဘူး..

    July 23, 2009 11:17 AM

    ReplyDelete