Monday, July 27, 2009

ရာသီပျက်အလွမ်း (မိုး Trio Version)

ထုံးစံအတိုင်းပါပဲ မရေးတာကြာလို့ မိဘုတ်နဲ့ ကဗျာတပုဒ်ရေးပါတယ်
တီက စရေးတာပါ ပြီးတော့ မိဘုတ်က ရေးပါတယ်
ပြီးတော့ တီ နဲ့တူတူနေနေတဲ့ တီ့မောင် က လာကြည့်ပြီး သူလဲတပိုဒ်ရေးမယ်ဆိုပါတယ် အဲ့တာနဲ့တီကလဲရေးပေါ့နော်
အဲ့မှာ ဒင်းကရေးပါတယ် တွေ့တဲ့အတိုင်းပါပဲ တီ့ကိုစောင်းရေးပါတယ်
ဖတ်ကြည့်ကြပါ တီကလဲသူရေးရင်ရေးစရာပါပဲ တီက သူ့ကိုဘေးမှာထားပြီး
တခြားကောင်လေးတွေ ကိုကြည့်ပါတယ် ကြည်ရုံတင်လား ဆိုတော့ မကပါဘူး
သိတော်မူကြတဲ့အတိုင်းပါပဲ တီတလောက တင်ထားတဲ့ပုံတွေ က သူ့ရှေ့မှာဖြစ်တာပါ သူက ပြောပါတယ် သူခံစားရတယ်တဲ့ ဟုတ်မှာပါ တီကတော့ မသိဘူး တီက ချစ်မှမချစ်တတ်တာလေနော် .............ကဲခင်ဗျားတို့ပဲပြောကြပါအုံး ပရိတ်သတ်တို့ရေ..........
ကဗျာလေးကိုသာဖတ်ကြည့်ကြပါတော့.........................

ရာသီပျက်အလွမ်း

Addy:

မိုးတွေညို့နေတယ်
မှုတ်သုန်လာပြီလား
ငါ့မှာတော့…
အလွမ်းတွေဝေလို့
ဆောင်းအကြွင်းအကျန်တွေနဲ့လေ
ရွက်ကြွေတွေလွင့်ကုန်ပြီ
နွေရေ...သွားတော့မလား
မြက်ခင်းတွေစိမ်းမြမြ
မိုးရေ…လာတော့မလား
ရာသီတွေမှားတာများ
နွေ မိုးနဲ့ဆောင်းတောင်ရှေ့နောက်တွေလွဲ
အခါများစွာ ငါဟာရူးသွပ်
နင်မရှိတော့တာတော်တော်ကြာပြီလေဟာ
စက်ဝိုင်းကိုနောက်ပြန်တွေဆွဲလဲပဲ
၃၆၀ ဒီဂရီကတော့ ရှိမယ်

မိဘုတ်:

မိုးစက်တွေလေအဝေ့မှာ
ကသောင်းကနင်းလွင့်နေကြသလို
ငါ့ရဲ့ ရှေ့ရေးတွေ
အကင်းမသေသေးတဲ့
ချစ်ခြင်းတရားအဝေ့မှာ
ဗရုတ်သုတ်ခ လွင့်ကျလို့ . . .
အိပ်မက်ရဲ့အရောင်ကို
ဓာတ်ပုံရိုက်ယူဖို့
ငါ စိတ်ကူးမိတယ်
အဲဒီမနက်က
နင်နဲ့ငါ
အိပ်မက်ရောင်မှိုင်းမှိုင်းမှာ
စကားတွေ ဖောင်ဖွဲ့နေခဲ့ပေါ့ . . .
မမျှော်လင့်ဘူး
မိုးစက်တွေ လွင့်နေပါစေ . . .
အနာဂတ်တွေ ပဲ့ကျနေပစေ . . .
ချစ်ခြင်းတရားအလယ်မှာ
ထိန်ထိန်ညီးလောင်ကျွမ်းလို့
ငါ . . . နေပျော်နေပါတယ်။

မင်းမင်း:

ရွာနေတဲ့မိုးစက်တွေအောက်မှာ
ပြေးလွှားနေတဲ့လူတချို့
ဘာအတွက်လဲ
ငါကိုယ်တိုင်ကရော
ပြေးလွှားနေတဲ့စိတ်ထိန်းချုပ်ဖို့ခက်လိုက်တာ
တိတ်သွားတဲ့မိုးစက်တွေအောက်
လူတွေပုံမှန်ပြန်ဖြစ်
သဘာဝနဲ့ အလိုက်သင့်
ပုံမှန်မဖြစ်သေးတဲ့ ငါ့ရဲ့စိတ်
မိုးရွာနေတုန်းပါလား
ချစ်သူကိုလွမ်းတဲ့အလွမ်း
ဘာနဲ့နှိုင်းရပါ့မလဲ
ချစ်သူကကော
မိုးနဲ့ အပြိုင်လွမ်းနေမယ်ထင်ရဲ့
လွမ်းနေတဲ့ သူ့ချစ်သူ…
ငါမှဟုတ်ရဲ့လား?
အချစ်ဆိုတာ ပြောင်းလဲတတ်တဲ့အရာတဲ့
မတည်မြဲတဲ့လောကကြီးမှာ
သစ္စာတရားကကော
ဘယ်လောက်တောင့်ခံနိုင်မှာလဲ
သဘာဝ ကိုအံတုဖို့ကြိုးစားတဲ့ငါ
သင်္ခါရဆိုတာ မေ့နေတယ်

BS, A Chen Vs Min Min
5:16 pm
26th July 2009
Wrote online via gtalk
Bkk and Ygn

5 comments:

  1. ကျေနပ်တယ်။ ကျေနပ်တယ်။ ကျေနပ်တယ်။
    ကိုမင်းမင်းလဲ voiced လာပြီပေါ့။ ဟုတ်လား။
    တော်သေးတာပေါ့။ ကိုမင်းမင်း စကားမပြောတတ်ဘူးထင်လို့။

    ReplyDelete
  2. ကဗျာဖတ်သွားတယ်တီတီ..
    အရင်လိုပဲ အတွေးတွေကောင်းတုန်းပဲနော်...

    ReplyDelete
  3. လာဖတ်သွားတယ် တီ. ပျော်ရွှင်ပါစေ။ :)

    ReplyDelete
  4. တီရေ နေကောင်းလား။ ကဗျာလေး ဖတ်သွားတယ်။ တီက အဲလိုကဗျာလေးတွေ စပ်ပေးတပ်တယ်နော်။ တီရဲ့ အတွေးတွေကိုလည်း နှစ်သက်တယ်။
    တီပျော်ရွှင်ပါစေ

    ချစ်တူမ မိရောင်

    ReplyDelete
  5. A good one, my dear. Perhaps I am also in the right frame of mind to really read it (you know, not with the eyes but with the heart).

    love,
    mkxx

    ps. As I can't get onto your blog, I can't praise you in public. Feel free to post the above if you want.

    ReplyDelete