Thursday, August 20, 2009

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၁)

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ်

(ဝမ်းမနည်းပါနဲ့လေ….ငါအသက်ရှင်ခဲ့ဖူးတယ်၊ နင့်အတွက် ငါမျက်ရည်ကျခဲ့ဖူးတယ်
နင့်ကိုငါ ချစ်ခဲ့ဖူးတယ်၊ ဘောက်ဖတ်ကလေး လိပ်ပြာဖြစ်သွားသလို ပါပဲလေ…………..
နင့်ရဲ့အချစ်က ငါ့ကိုလူ့လောကထဲမှာ တောင်ပံဖြန့်…..က…လှ………စေခဲ့ဖူးတယ်)


အခန်း (က)
ဝက်ဝံ နှင့်ဆုံတွေ့ခြင်း

(၁)

၁၆ နှစ်ရဲ့ နွေရာသီ ၊ ကျမ စာရွက်ငယ်ပိစိလေးကိုလှန်ပြီးတော့ စာရေးနေတယ်၊ မေမေနဲ့ ကျမ စာရွက်တွေနဲ့ စကားပြောတာ တလ တောင် ပြည့်တော့မယ်။ သူမ အလုပ် မသွားခင် က “ဒီနေ့ ထမင်းပြန်မစားဘူး ကိုယ့်ဘာသာ အပြင်မှာ စားနှင့်” ဆိုတဲ့စာကြောင်း နှင့်အတူ ထမင်းစားဖို့ ပိုက်ဆံ ကို စားပွဲပေါ်မှာကျမ အတွက် ထားခဲ့ပေးတယ်။ ကျမ ကလဲ ညက အိပ်ရာမဝင် ခင်က “မနက်ဖြန် စာမေးပွဲအတွက်စာအုပ်ဝယ်စရာရှိတယ် ပိုက်ဆံပေး ခဲ့ပါ” ဆိုတဲ့စာလေးထားထားပေးတယ်လေ။ ကျမတို့ အဲ့လိုပဲ အရင်တုံးကလဲ ခဏခဏ စိတ်ကောက် လေ့ရှိကြပါတယ်။ တယောက်နဲ့တယောက် စကားလုံးဝမပြောကြဘူး စာတို ပေစ လေး တွေနဲ့ပဲ ဆက်ဆံမှုလုပ်တယ်။ ဒီလို စိတ်ကောက်ပွဲလေးတွေ မကြာခဏ ကြုံဖူး ခဲ့ကြတယ်။ ကျမ မှတ်မိသလောက်ကတော့ ဘယ်တုံးကမှ တပတ်ထက်မပိုခဲ့ကြဘူး။

၁၉ နှစ်ထဲနဲ့ကျမ ကိုမွေးခဲ့တဲ့ မေမေဟာ အလှပြင်ပစ္စည်းအရောင်းဆိုင်တခုရဲ့ မန်နေဂျာပါ။ မေမေ့ရုပ်ရည်က အလှကြီးဆိုတဲ့အထဲမှာ မပါပါဘူး၊ ဒါပေမယ့် သေသေ ချာချာပြင်လိုက်ရင် ချက်ချင်းကြီးကို တောက်ပပြီး အလှတက်လာတတ်ပါတယ်။ သူမ မှာ တလက်လက် တောက်ပနေတဲ့ မျက်ဝန်း နက်နက်ကလေးတွေနဲ့ ပုခုံးကျော်ကျော် ဖြောင့်စင်းနေတဲ့ ဆံနွယ် အိအိလေးတွေရှိပါတယ်။ အသားအရေ က ဖွေးဖွေးကြီး ဖြူ မနေပေမယ့် ဝင်းဝင်း လေးနဲ့ လှပါတယ်။ ကြည့်လိုက်ရင် တကယ့်ရှိရင်းစွဲအသက်ထက် တော်တော်လေး ငယ် တယ်ထင်ရပါတယ်။ မေမေက လူကောင်သေးသေးလေးပါ ဒါပေမယ့် ကိုယ်ခန္ဓာ မှာ ဆိုလဲ အသားရှိရမယ့်နေရာမှန်သမျှတော့ ပြည့်ပြည့်တင်းတင်း ရှိလှပြန်ပါတယ်။ သူမက ကျမ ကိုအမြဲနောက်ပြောင်တဲ့သဘောနဲ့ “ဒီနေရာ မှာတော့ မင်းအမေ့ရဲ့ အမွေ မရလိုက်ဘူး” လို့ စလေ့ရှိပါတယ်။
မေမေ့ ဆိုင် က ဖောက်သည်တွေမှန်သမျှ မေမေ့ ရဲ့ ကိုယ်လုံးအလှကိုအားကျ ကြပါတယ်၊ ပြီးတော့ မေမေ ကောင်းတယ် ပြောတဲ့ ရင်သားအလှ အပ ဆိုင်ရာ ပစ္စည်း မှန်သမျှအားပေး ဝယ်ယူကြပါတယ်။ မေမေကိုယ်တိုင်ကတော့ ဘာတခုမှမသုံးပါဘူး။ သူမ အလုပ်က ဆင်း ပြီး အိမ်ပြန် ရောက်ပြီ ဆိုတာနဲ့ နောက်တယောက်ဖြစ်သွားတော့တာပါပဲ။ အိမ်မှာဆိုရင် မေမေက ဝတ်သွားဝတ်လာလဲ အဲ့ဒီ ညအိပ်ဝတ် အင်္ကျီ သုံး၊ လေး ထည်ပါပဲ။ ရင်ဘတ်ရှေ့ မှာဘယ်တော့မှလျှော်လို့မပြောင်တဲ့ အစားအသောက်စွန်းကွက်တွေနဲ့၊ ခေါင်း မဖီးဘာမဖီး ကလစ်ကြီးကြီး တခုနဲ့ခေါင်းထိပ်က ဆံပင်တွေကိုအကုန်စုပြီး စည်းထား လေ့ ရှိပါတယ်။ မျက်စိထဲ မဝင်အောင်ပါ။
ပြောရမယ်ဆိုရင် အလှပြင်ပစ္စည်း အရောင်းဆိုင်မှာ သာ အလုပ်လုပ်နေတာပါ အလှအပ လဲ နည်းနည်းမှမမက်မောပါဘူး။ စိတ်ပါလက်ပါ ရှိလွန်းလှတဲ့ တခါတလေမှသာ မျက်နှာ လေး ဘာလေး ပေါင်းတင်တတ်ပါတယ်။ တခါတခါများဆိုရင်မျက်နှာတောင်မသစ် တော့ပဲ ကုတင်ပေါ်တက် ပြီး တန်းထိုးအိပ်တတ်ပြန်ပါတယ်။ ဆိုင်မှာ အားတက်သရော အလှကုန် တွေကို ဝင့်ဝင့် စွင့်စွင့် ကလေးရောင်းနေတဲ့ သူမ နဲ့တခြားစီပါပဲ။
အလုပ်ပိတ်ရက် အိမ်မှာများနားရလို့ကတော့ သူမဟာ တကယ့်ကို အပျင်းကြီး လှတဲ့ ကြောင်မကြီး တကောင်လိုပါပဲ။ တနေ့လုံး အိမ်ရှေ့ က အစိမ်းရောင်ဖျော့ဖျော့ ဆိုဖာကြီး ကိုမောင်ပိုင်စီး ထားပြီးတော့ အဲ့ဒီ ဆိုဖာ ကြီးပေါ်မှာ အားယားကြီး မှောက်လိုက် လှန်လိုက် အစား စားလိုက် တီဗီ ကြည့်လိုက် လုပ်လေ့ရှိပါတယ်။ ဒါမှမဟုတ်ရင်လဲ ပါးစပ် ကြီးဟရက် နဲ့ အိပ်ပြီး ပါးစပ်ကတောင် အာပုတ်ရည်တွေကျနေတတ်ပါတယ်။ တကယ်လို့ များ ကံမကောင်းလှစွာနဲ့ ကျမ ကလဲအိမ်မှာရှိတာနဲ့ ကြုံပြီ ဆိုရင်တော့ ဘာပြောကောင်း မလဲ သူမ ဟာ အဲ့ဒီ ဆိုဖာ ကြီးပေါ်ကနေ တုတ်တုတ်မလှုပ် ကျမ ကို ဟိုဟာ လုပ်ပေးအုံး ဒီဟာလုပ်ပေးအုံး နဲ့ တရစပ် ခိုင်းနေတော့တာပါပဲ။
“ဂျင်းနီ မေ ရေခဲမှုန့် စားချင်တယ် ရေခဲသေတ္တာထဲမှာ မေ့ ကိုယူပေး”
“ဂျင်းနီ နည်းနည်းအေးလာသလိုပဲ မေ့ကိုစောင်လေးတထည်လောက်ယူပေး”
“ဂျင်းနီ မေ အခွေကြည့်ချင်တယ် လမ်းထိပ် ဆိုင်မှာ သွားငှားပေးမလား..ဟင်”
“ဂျင်းနီ ဒီရုပ်သံ လိုင်းက ကြည့်မကောင်းဘူး လိုင်းလာပြောင်းပေး..”
“ရီမုဒ် ကွန်ထရိုး ရှိတယ်မှလား…” လို့ ကျမ ပြန်အော်တော့…..
“ဘယ်ထားမိမှန်းမသိတော့ဘူး” လို့ပြန်ပြောလေ့ရှိပါတယ်။
သူမ ဟာ မိခင်ကောင်းကောင်း မလုပ်တတ်သေးပါဘူး။ တနင်္ဂနွေ ပတ်ပေါင်း တော်တော် များများ ကြာမှတခါ ဆိုသလို အင်မတန် အစားရခက်တဲ့ ဟင်းမျိုး ကို မီးဖို ချောင်ဝင်ပြီး စိတ်မပါလက်မပါ ချက်ပြုတ်တတ်ပါတယ်။ ကျမ ၃ တန်း တက်တဲ့ နှစ်က ဆိုရင် အတန်း ထဲမှာ ရှိတဲ့ ကျောင်းသားတော်တော်များများ က အိမ်ကနေ ထမင်းဗူး ယူ လေ့ရှိပါတယ်။ အဲ့နှစ်က သူမ ဖေဖေ နဲ့ကွာရှင်းပြီးကာစပေါ့………. တယောက်တည်း ကျမလက်ကိုတွဲလို့။ ကျမ စိတ်အားငယ်မှာစိုးလို့ နေ့တိုင်း စားသောက်ဆိုင် ကိုသွားပြီး ဆိုင်ကအသင့်ချက် ပြုတ် ပြီးသားမွှေးကြိုင်နေတဲ့ ဟင်းတွေဝယ် ပြီးတော့ ထမင်းဗူး တခုထဲ ပြောင်းပြီး ထည့်ပေး တတ် ပါတယ်။ အဲ့လိုနဲ့ နေ့လည်ထမင်းစားဆင်းချိန်ရောက်ရင် ကျမ ရဲ့ ထမင်းဗူးက အတန်းထဲမှာ အမွှေးကြိုင်ဆုံးနဲ့ စားချင်စရာအကောင်း ဆုံးဖြစ်နေ တတ် ပါတယ်၊ သူတို့အမေချက်တာတွေပဲ အမြဲစားနေရလို့ငြီးငွေ့နေတဲ့ အတန်းဖော်တွေဆိုရင် အမြဲဘဲ ကျမရဲ့ ထမင်းဗူး ကိုကြည့်ပြီး သွားရည်ကျကြပါတယ်။ ကျမကလဲ အားရဝမ်းသာပဲ သူတို့နဲ့လဲစားလေ့ရှိပါတယ်။ အဲ့လိုနဲ့ ကျမလဲနေ့တိုင်း အိမ်ထမင်း အိမ်ဟင်းစားရတာပေါ့။
မေမေနဲ့ကျမ တခါတလေ ကျမတို့ အိမ်ဝန်းနားကရှန်ဟိုင်းစားသောက်ဆိုင်လေးမှာ သွားစားလေ့ရှိကြပါတယ်။ ဆိုင်ရှင် က လင်မယားစုံတွဲတတွဲပါ။ ဆိုင်ပေါက်ဝ က သံပြား ပေါ်မှာ ကြွတ်ကြွတ်ကလေးကြော်ထားတဲ့ ဖက်ထုပ်ပုံရှိပါတယ်။ မေမေ က ဆိုင်ရှင်မိန်းမကို သူတို့ဆိုင်က လက်ဆောင်ပေးတဲ့ အလှပြင်ပစ္စည်းတွေ လက်ဆောင်ပေးလေ့ရှိပါတယ်။ အဲ့တာကြောင့် ဆိုင်ရှင် အန်တီ က ကျမတို့အပေါ်မှာ အရမ်းကောင်းပါတယ်။ ဟင်း ထူးထူး ဆန်းဆန်းလေးတွေလဲချက်ကျွေးလေ့ရှိပါတယ်။ တကယ်လို့ ရှန်ဟိုင်းအစားအစာတွေ ကို စားရတာ အီလာပြီဆိုရင် အဲ့ဒီ အနီးနားဝန်းကျင်မှာ ဆိုင်လေးတွေ ရှိပါသေးတယ်။ တဆိုင်က အိမ်တိုင်ရာရောက်လိုက်ပို့ပေးတဲ့ ဟမ်ဘာဂါနဲ့ ပေါင်မုန့်ဆိုင်ကလေးပါ၊ အမြဲမွှေးပျံနေတဲ့ ပေါင်မုန့် ဖုတ်တဲ့အနံ့တွေ ပတ်ဝန်းကျင် မှာ သင်းနေတတ်ပါတယ်။
ကျမတို့နေတာ တိုက်နှစ်လုံးတွဲနေတဲ့ အခန်းမှာပါ။ အဲ့ဒီအခန်းက မေမေ ဖေဖေနဲ့ ကွာရှင်းတုံးက ရလိုက်တဲ့ ပိုင်ဆိုင်မှုဆိုပါတော့။ ဒီ ပန်းနုရောင် သုတ်ထားတဲ့ တိုက်နှစ်လုံး တွဲက စုစုပေါင်း ၅လွှာရှိပါတယ်။ တံခါးဝမှာ ဝရံတာလေးတွေတွဲရက်နဲ့ပါ။ ကျမတို့ က တတိယအလွှာ မှာနေပါတယ်။ ကျမ မွေးကတည်းက ဒီမှာနေလာခဲ့ကြတာပါ။ အိမ်ရှေ့ ဟိုဘက် လမ်းပေါ်မှာ ရှိတဲ့ ဗာဒံ ပင်က အရင်တုံးက တထပ်စာအမြင့်ပဲရှိပါတယ်။ ခုတော့ ကျမတို့နေတဲ့ တတိယအလွှာနဲ့ အမြင့်ညီနေပါပြီ။ ဗာဒံသီးတွေ အများကြီး သီးလို့။
ကျမတို့ အိမ်ဝန်းနားမှာ ပန်းခြံလေးတခုရှိပါသေးတယ်။ ပန်းတွေအများကြီး စိုက် ထားတယ်။ ပန်းခြံထဲမှာတော့ ကျောက်တုံးကြီးတွေနဲ့ ကာထားတဲ့ အမိုးအကာနဲ့ ရေကန် ငယ်လေးရယ် အစိမ်းရောင်သုတ်ထားတဲ့ စီးလျှော်တွေနဲ့ ဒန်းတွေရှိပါတယ်။ ကျမ ငယ်ငယ်တုံးက ဒန်းပေါ်ကနေ မကြာခဏ လိမ့်ကျဘူးပါတယ်။ ပြေးခုန်ပစ် အားကစား သမား တယောက် က ၃၆၀ံရှိတဲ့ ဂျွမ်း ထိုးလိုက်သလိုမျိုးပဲလေ။ ပါးစပ်နဲ့အပြည့် သဲတွေလဲ စားလို့၊ မေမေ ဆိုတာ လန့်သွားလိုက်တာ အသက်ပါ ပါသွားမတတ်ပဲ။ အဲ့အချိန်တုံးက မေမေ က ပန်းခြံလေးနား ရှေ့တလမ်းကျော်က စာအုပ်ဆိုင်လေးမှာ ဝတ္ထုတအုပ်ငှားပြီး၊ ပန်းခြံထဲ က ခုံတန်းရှည်ပေါ်မှာ မှီပြီး စာဖတ်လေ့ရှိပါတယ်။ ကျမ ကိုတခြားကလေးတွေနဲ့ ဆော့ချင်သလောက်ဆော့လို့ရအောင်ပေါ့။ သူမ က အချစ်ဝတ္ထု သရဲလေ။ အဲ့လိုတောင်စဉ် ရေမရရေးထားတဲ့ အချစ်ဝတ္ထုတွေ ဖတ်လေ့ရှိတယ်။ အသက်သာ ၃၀ ပြည့်သွားရော သူမ ရဲ့ အကြိုက်ကတော့ ရင့်ကျက်မလာခဲ့ပါဘူး။
အဲ့ဒီ စာအုပ်အငှား ဆိုင်ကလေးက “လက်အိတ် မမ” ဖွင့်ထားတာပါ။ လက်အိတ် မမရဲ့ လက်အိတ်က လက်ပေါ်မှာ စွတ်ထားတာ မဟုတ်ဘူးလေ၊ သူမ ကိုကြည့်လိုက်ရင် အသက်ကတော့ မေမေ့ထက်နည်းနည်း ပိုကြီးမယ် ၊ အသက်နဲ့ မလိုက်တဲ့ ပုခုံးမထောက် တထောက် ဆံပင်တိုကောက်ကောက်လေးနဲ့ အင်္ကျီ ဆိုအမြဲ အမဲရောင်ပဲ ဝတ်လေ့ရှိတယ်။ ဆောင်းရာသီရောက်ရင် သူမက လက်အိတ်တစုံ ကိုခေါင်းမှာ ပတ်ပြီး ခေါင်းဆောင်း အဖြစ် ဆောင်းထားလေ့ရှိတယ်။ သူမ မှာလက်အိတ်တွေက အရောင်စုံကိုရှိတာ…အနီ၊ အစိမ်း၊ ခရမ်း၊ ပျော့ပျော့ပြောင်းပြောင်းလေးခေါင်းပေါ်မှာ ပတ်လို့…။
“လက်အိတ်မမ” က များသောအားဖြင့် စကားများများ ပြောလေ့မရှိပါဘူး။ ပိုက်ဆံ သိမ်းတဲ့စားပွဲမှာ စာထိုင်ဖတ်ရင်ဖတ်၊ မဟုတ်ရင်လဲ အဲ့ဒီစားပွဲနောက်က အခန်းငယ်လေး ထဲမှာ ပုန်းပြီး ဘာတွေလုပ်လို့လုပ်နေမှန်းမသိ ရှုပ်နေတတ်ပါတယ်။ သူမ ဆိုင်က ဘယ်တော့မှပိတ်ရက်မရှိပါဘူး၊ စာအုပ်အမျိုးအစားကလဲတော်တော်စုံတယ်။ စာအုပ် အသစ်တွေလဲထွက်တိုင်းရှိတယ်။ ကျမကတော့ အဲ့ဒီမှာ သွားသွားပြီးကာတွန်းရုပ်ပြ ငှား ဖတ်လေ့ရှိပါတယ်။ ဆိုင်ထဲမှာ အမွှေးရှည်ရှည်နဲ့ စပိန်ကြောင်ဖြူကြီး တကောင် မွေး ထားပါတယ်။ အဲ့ကြောင်ကြီးက အမြဲပဲ စာအုပ်စင်တန်းထဲ မှာဝင်ဝင်ပြီး အိပ်နေ တတ် ပါ တယ်။ ပြီးတော့ စာအုပ်အဖုံးတွေပေါ်မှာလဲ အမြဲလိုလို ချယ်ရီပန်းပွင့်ဖတ်တွေ နဲ့တူတဲ့ သူ့ခြေရာတွေ တင်တင်ထားတတ်ပြန်ပါတယ်။ ပြီးတော့ သူ့ကြည့်ရတာ ဘယ်တော့မှ ကျွတ်လို့ မကုန်မယ့်အမွှေးတွေရှိနေသလိုပါပဲ။ ဆိုင်မှာ ရှိသမျှစာအုပ်တွေပေါ်မှာ ဘယ် တော့ ကြည့်ကြည့် သူ့အမွှေးတွေနဲ့ ကပ်လို့။ မေမေနဲ့ ကျမ နှစ်ယောက်သား တိတ်တိတ် ကလေး အဲ့ဆိုင် ကို “ကြောင်မွှေးစာအုပ်ဆိုင်” လို့နာမည်ပေးထားကြတယ်။ တဆက်တည်း ကြောင်မကြီး ကိုလဲ “မွှေးဖြူမကြီး” လို့ နာမည်မှည့်ခေါ်ထားကြတယ်လေ။

3 comments:

  1. good..
    looking forward another chapter...

    ;)
    TPT

    ReplyDelete
  2. တီရေ .. ဘန်နာက လန်းလွန်းတယ်ကွယ်
    ဟိ
    ကျောင်းမှာ ဖွင့်လိုက်တာ ကမန်းကန်းပြန်ပိတ်ရတယ်။း))

    ..
    နောက်ဆက်တွဲ အခန်းတွေ မျှော်နေကြောင်း ထပ်အော်သွားပါတယ်။

    ReplyDelete
  3. ဆက်ဖတ်သွားမယ်နော် ဖတ်လို့ ကောင်းတယ် တကယ်အဖြစ်လားဗျာ

    ReplyDelete