Sunday, March 14, 2010

တီချမ်းရဲ့ တပတ်တာ ဝခ်ကန်း ဟော်လီးဒေး

တီချမ်းရဲ့ တပတ်တာ ဝခ်ကန်း ဟော်လီးဒေး

ဟူး……………………………………………….
တကယ်ပါပဲ သက်ပြင်းရှည်ရှည်နဲ့ စရမယ့်လပါ (သက်ပြင်းက တော်တော်ရှည်ပါတယ် နှာခေါင်းနဲ့ဘယ်လိုဆန့်သလဲမသိ-ဒါကိုတာရာ့ စကားပါ ခဏယူသုံးတယ်)

လအစကတည်းက သေသေချာချာ ကောင်းကောင်းနားရတယ်ဆိုတာ မရှိသလောက်ပါပဲ။ ဆက်နေလိုက်တဲ့အလုပ်တွေဆိုတာ တရုတ်ပြည်က မဟာရံတံတိုင်းအလားမှတ်ရပါတယ် (အတိသယဝုတ္တိပါ။) ခုလဲ နှစ်ပတ်ဆက်တိုက် တော်တော်ကို အလုပ်များပါတယ်။ ခုတပတ် ပိတ်ရက်ပဲ သေသေချာချာ နားရပါတယ် (အနီတွေကိုတောင် ကြံဖန်ကျေးဇူးတင်ရမလိုပါပဲ) သူတို့ကြောင့် သောကြာနေ့ကတည်းက ရုံးပိတ်ပေးပါတယ်။ ကိုယ်တို့ရုံးက သူတို့ ချီတက်ဆန္ဒပြကြမယ့်နေရာနဲ့နီးနေလို့ပါ။ (တယ်ကောင်းနော် တနင်္လာပါဆက်ပိတ်ရင် ပိုကောင်း ကောင် ကောင့် ကောင်းပဲလို့တွေးနေပါတယ် အောင်မြင်ပါစေ ဝေးဟေးဟေး) ဒါပေမယ့် ပြောသာပြောတာပါ ကိုယ်က အခု ယူအန် ကို UN CARE programme အရ သင်တန်းပေးနေပါတယ် (ဂျပန်မ တယောက်နဲ့တွဲပြီးတော့ ကဲရေခဲတောင် တီ့အလုပ်အကြောင်းသိချင်တယ်ဆိုလို့ အရိပ်အမွက်နော်) အဲ့တော့ သောကြာနေ့က ရုံးပိတ်ပေမယ့် နေ့တဝက် လုပ်ရပါတယ်။ ညနေကျတော့ နားရတာနဲ့ အနှိပ်ကောင်းကောင်း သွားခံလိုက်ပါတယ် thai traditional massage က နှစ်နာရီနဲ့ aroma therapy massage က တနာရီပါ (ဟုတ်ကဲ့ တုံးလုံးချွတ်ရပါတယ် ဆီတွေနဲ့လေ ခိခိ ဤကား စာရှုသူများအတွက် ဗဟုသုတ ရစေခြင်းအလို့ငှာ စကားချပ်) ပြီးတော့ အိမ်ပြန်လာပါတယ်။ နောက် အိမ်ရောက်တော့ သားနဲ့သမီး (မွေးစားများက) စီယံပါရာဂွန် (ရှော့ပင်းမော ဖြစ်ပါတယ်) သွားမယ်ဆိုလို့ သွားကြပါတယ် ပြန်လာတော့ ဘာဝယ်လာတယ်ထင်ပါသလဲ? SONY home theater system ပါ ဟုတ်ကဲ့ sound box 5 လုံးနဲ့ပါ။ ပုံကိုရှုလော့အဆွေ စာဖတ်သူ။ (ကြွားကြွားကြွား တီတီချမ်း ငကြွား)



အသံရေရေလည်လည်ကောင်းပါတယ် တုန်နေပါတယ် (အိမ်ပြောတာပါ) တဒုံဒုံနဲ့ပါပဲ။ တို့ ရွာက အော်လံကြီးတောင် သတိရမိသေးတယ်တော့။

ညကျတော့ ရုပ်ရှင်ကြည့်ပြီး ပွဲခံကြပါတယ် သားနဲ့သမီးလဲပါတာပေါ့ ဝယ်လာတဲ့ စက်ကို စမ်းတဲ့အနေနဲ့ ရုပ်ရှင်ကြည့်ကြတာပေါ့ jhonny depp ရဲ့ the ninth gate ပါ။ ကိုယ်ကတော့ ကြည့်ရင်းနဲ့ အိပ်ပျော်သွားပါတယ်။ မနေ့ညက ကောင်းကောင်းမအိပ်ရပေဘူးကိုး။ မနက်ကျတော့လဲ သင်တန်းသွားပေး။ ပြီးတော့ အနှိပ်ခံဆိုတော့ မအိပ်ရဘူးလေ။
ဒါက တဇာတ်လမ်းပါ။



နောက်တနေ့ မနက်ကျတော့ အိပ်ရာစောစော ထပါတယ် ၁၁ နာရီထင်တယ် (ဟုတ်ကဲ့ အဲ့တာ စောပါတယ် စနေ၊ တနင်္ဂနွေ အတွက်ဆို တကယ့်ကို တော်တော်စောတဲ့ တော်တော့ စောပါ။ တီက စနေ တနင်္ဂနွေဆိုရင် များသော အားဖြင့် ညနေအထိအိပ်ပါတယ် တလောကဆို အိပ်တာ ဘယ်အချိန်မှ ထလဲဆိုတော့ ည ၈ နာ၇ီ ခွဲပါ ဟုတ်ကဲ့ ပုံမှန်ကတော့ ညနေ ၄ ၅ နာရီပေါ့။ အဲ့လိုပါ။ ကောင်းကောင်း အိပ် ကောင်းကောင်းစားပါတယ် ပြောဖူးတယ်လေ စားတာနဲ့ အိပ်တာက သာ ကိုယ့်အတွက်ပါလို့ နော့။
ထားပါတော့ စနေ နိုးတော့ အိမ် နဲ့ ရထား တမှတ်တိုင်သာဝေးတဲ့ Victory Monument က Century plaza ကို သွားပါတယ် မနက်စာစား ဟိုကြည့် သည်ကြည့်ပေါ့လေ။ အဲ့မှာ ဘာလုပ်ခဲ့လဲဆိုတော့ ငါးတွေ နှိပ်တာ ခံခဲ့ပါသေးတယ်။ အဲ့တာပြောပြချင်တာပါ။ အဲ့ဒီ fish massage က တွေ့နေတာ ကြာပါပြီ။ စိတ်ကူးထဲမရောက်ပါဘူး။ အဲ့နေ့က တော့ လူက ပျင်းပျင်းရှိနေတာနဲ့ အနှိပ်ကလဲ ဘယ်လိုအနှိပ်မျိုးမဆို ကြိုက်ပါတယ် (discriminate မလုပ်တတ်ပါဘူးလေ) ကဲနှိပ်ကြည့်လိုက်အုံးမယ်ဆိုပြီး နှိပ်ကြည့်တာပါ။ မဆိုးပါဘူး။ အမှန်တော့ သူက သရပီ တမျိုးပေါ့ ကိုယ့်တို့ ခြေထောက်မှာ ကြမ်းကြမ်းလေး ဖြစ်နေတဲ့အပိုင်းတွေရှိတယ်မှလား။ dead cells တွေလေ။ ဥပမာ ခြေမျက်စိနား ခြေမျက်စိ တည့်တည့် ခြေခုံ ခြေဖနှောင့် စသဖြင့်ပေါ့။ အဲ့ဒီ မာနေတဲ့အရေပြားတွေကို ငါးလေးတွေက ကိုက်ပေးတာပါ။ ဘာငါးလေးတွေလဲတော့ ကိုလဲ သေချာမသိဘူး။ တက်ထရာလေးတွေနဲ့တူသလိုလို ငါးကြင်းပေါက်စလေးတွေနဲ့လဲတူပြန်ပါတယ်။ ဒါပေမယ့် နှစ်မျိုးလုံးမဟုတ်တာတော့လဲ သေချာနေပြန်ပါတယ်။ ထားပါတယ် ဘာငါးလဲက အရေးမကြီးပါဘူး။ အရေးကြီးတာက ဇိမ်ရှိတာပါ။ ရေရေလည်လည် မိုက်ပါတယ်။ အစပိုင်းကတော့ အသေယားပါတယ်။ လူက တဟိဟိ ဖြစ်နေပါတယ်။ (ဆရာသော်တာဆွေရေးတဲ့ ဝတ္ထုဖတ်နေရသလိုပါပဲ) ပြီးတော့ အစပိုင်းမှာ စူးသလိုလဲခံစားရပါသေးတယ်။ အပ်သေးသေးလေးတွေနဲ့ တပြိုင်တည်း ထိုးနေသလိုမျိုးပါ။ အရမ်းနာနာကြီးတော့လဲ မဟုတ်ဘူးလေ ယားရုံပေါ့။ အဲ့လိုပါ။ မိုက်ပါတယ်။ ကြုံရင် စမ်းကြည့်ကြစေချင်ပါတယ်။ ၁၅ မိနစ်ကို ဘတ် ၉၉ပါ။ ၃ ဒေါ်လှပေါ့။ ပြီးသွားတော့ ခြေထောက်က တော်တော်သန့်သွားတယ်လို့ ထင်ပါတယ်။ တကယ်ပါ။ တကိုယ်လုံးတောင် လုပ်ချင်တာ လူမြင်ကွင်းမှာဆိုတော့ မကောင်းတတ်လို့ ဟိဟိ။ တကိုယ်လုံးသာ လုပ်ရင်လဲ အော်ရယ်နေရမှာလို့တွေးမိပြီး မျက်နှာက ပြုံးစိစိဖြစ်နေပါသေးတယ်။ သူက ရှော့ပင်းမော အလယ်ကောင်မှာဆိုတော့ လူတွေဖြတ်သွားဖြတ်လာရှိနေပါတယ်။ ကိုယ့်မျက်နှာက ယားလို့ ပြုံးစိစိဖြစ်နေတာ လူတွေကတော့ (အော်သူသွားရှာပြီလို့ထင်နေတော့မှာပဲ)။ ပုံတွေလဲရှုပါအုံးလေ။



နောက် ညဘက်ကျတော့ မအိပ်ပါဘူး။ ခုတလော အာရုံတွေ ပြန်လာနေလို့ တီချမ်းရဲ့ အချစ်ဒဿန များ ပြန်ရေးနေပါတယ် နေ့တိုင်း တင်တင်နေတာ လေး ငါးရက်လောက်တောင် ရှိုပြီ။ အပိုင်း-၂- ဆိုပြီးတော့ပါ။ အဲ့တာလဲဆက်တင်ဖို့ရှိပါတယ်။ အဲလက်စ် နဲ့ ရိုစီ ကိုလဲ ပြစ်မထားပါဘူး။ ဂျီတော့ကနေ တဂျီဂျီ လာလာ ဂျီတိုက်နေတဲ့ စာဖတ်သူတွေကို တော့ အားနာပါတယ်။ (အဲ့တာကြောင့်တခါတည်း ပြောလိုက်တယ် ဝတ္ထုသာ ဝယ်ဖတ်ပေတော့ လို့ သူ့ English လို အော်ရီဂျင်နယ်လေ။ ပြောပါတယ် အီး လိုဖတ်ရတာ ပျင်းတယ်တဲ့။ (ဒေါ်ရီတာ့ အမျိုးများလားမသိ….^^) အဲ့တာဆိုလဲ စောင့်ပေတော့ ပေါ့နော်။ နောက် အကြွေးတခုကတော့ ငါမင်းကို တိမ်တွေပေါ်မှာ ချစ်မယ်ဆိုတာပါ။ မေ့ကုန်ကြပြီလားတောင် မသိ။ စာရေးတာနဲ့သာ ထမင်းစားရရင်တော့ တကယ်ငတ်မှာပါပဲသေချာပါတယ်။ ခုတလော ဆရာသော်တာဆွေ ရဲ့ ဘဝ ဇတ်လမ်း ၅ အုပ်တွဲ ဖတ်နေပါတယ်။ ဝယ်ထားတာကြာလှပြီ။ ခုမှ ဖတ်ဖြစ်တာ။ အပိုင်း ၄ မရှိပါဘူး။ နောက် လပြန်ရင် သွားရှာရပါမယ်။ ခု ဖတ်တာ က အပိုင်း ၂ ပဲရှိသေးတော့ အိုကေပါပဲ။ ထားပါတော့ ခုနက ပြောနေတာ ပြန်ကောက်ရရင် အချစ်ဒဿန များ ပြန်ရေးနေပါတယ်။ နောက် ကျတော့ ပိတ်ရက် ထုံးစံအတိုင်း မနက်ကျမှ အိပ်ဖြစ်ပါတယ်။ ၄ နာရီ လား ၅ နာရီလား မသိပါဘူး။ မအိပ်ခင် ကြက်သားတွေ ခဲနေတာ ပျော်အောင် ရေခဲသေတ္တာထဲက ထုတ်ထားလိုက်သေးတယ်။ နိုးလာရင် ချက်မယ်ပေါ့။ အော် မေ့လို့ ဘာချက်မလဲဟုတ်လား။ ဘာမှမချက်တာကြာပြီလေ။ အဲ့တော့ စာလေးလဲ ရေးဖြစ်အောင် (ခုရေးနေတာကိုပြောတာပါ) နောက် လျာရင်းလဲ မျက်မျက်လေးစားရအောင်ဆိုပြီးတော့ အုန်းနို့ခေါက်ဆွဲချက်မယ်ကြံပါတယ်။ မချက်ဘူးပါဘူး တခါမှ။ အရင် ၂ လပိုင်းထင်တယ် ရန်ကုန်ပြန်တုံးက အော် ၁ လ ပိုင်းတုံးက ဟုတ်တယ်။ သင်တန်းပြန်ပေးတုံးက အမတယောက်က ချက်နည်းရေးပေးလိုက်ပါတယ် (ကျေးဇူးပါ မသီတာ)။ အဲ့တာနဲ့ ကြက်သားချထားပြီး အိပ်လိုက်တာ ပြန်နိုးတော့ ၄ နာရီပါ။ ၁၀နာရီခွဲ တုံးက ဆေးထ သောက်လိုက်တာ မှတ်မိသေးတယ်။ ပြီးတော့ အမ တယောက် အိမ်မှာ နှစ်ရက်လောက်လာနေမယ်ဆိုတာ ရောက်လာလို့ တံခါးထဖွင့်ပေးတယ်။ ပြီးတော့ သူရှော့ပင်းသွားမယ် ဆိုပြီး ထွက်သွားတော့ ကိုလဲ ပြန်အိပ်တော့တာပဲ။ ၄ နာရီနိုးတော့ ကိုယ့်ကြက်သားတွေ အကုန်ပုရွက်ဆိတ်တွေတက်နေတာပါ။ မဲနေတာပဲ။ ပုရွက်တွေအုံနေတာ။ အဲ့တာနဲ့ ရေဆေးချလိုက်ရပါတယ်။ပြီးတော့ မှ အောက်မှာ မြင်ရတဲ့အတိုင်း အဆင့်ဆင့်ပေါ့ ချက်ထားတယ်။ စားလို့ (ဟင်း…………………ခေါင်းမှခေါင်း) မာမီး ခေါက်ဆွဲမဟုတ်ပါဘူး။ တီချမ်း အုန်းနို့ခေါက်ဆွဲပါ။ ရှုလော့ အသင်။
ကဲထုံးစံအတိုင်း ပုံလှလှလေးတွေနဲ့ စချက်လိုက်ကြရအောင်နော်....



ပထမဆုံး ကြက်အသားတွေ ကော အရိုးတွေကော ဟင်းရည်ရအောင် အရင်ပြုတ်ပါတယ်။ ပြီးတော့ ပုံမှာ ပြထားတဲ့အတိုင်း ဆယ်ပြီး ခဏ အအေးခံထားပါမယ်။


နောက်တဆင့်အနေနဲ့ကတော့ ပုံထဲက အတိုင်း အသားမျှင်လေးတွေရအောင် နွှာထားပါမယ်။ ပထမပုံက အတောင်ပံ နွှာလို့ရတာနဲ့ ဒုတိယ ပုံက အရိုးက နွှာလို့ရတဲ့ အသားတွေပါ။ ပြီးရင်တော့ နွှာပြီး ကျန်တဲ့အရိုးတွေကို ဟင်းရည်အိုးထဲပြန်ထည့်လိုက်ပါ။ ပိုချိုတာပေါ့။



ပဲစိမ်းမှုန့်ရေဖျော်ပါ။ ရေအေးနဲ့ပဲဖျောရပါတယ် ရေနွေးမသုံးရပါဘူး။ ဘေးကတော့ နို့စိမ်းဘူးနဲ့ အုန်းနို့ဘူးပါ။ တီကတော့ လျာရှည်ပြီး နှစ်မျိုးစလုံးထည့်ပါတယ်။ တမျိုးထဲကို လုံလောက်အောင်ထည့်လဲရပါတယ်။ နှစ်မျိုးစလုံးထည့်လို့ရတယ်ဆိုတာ ပြောပြတာပါ။ တချို့က အုန်းနို့မှ ကြိုက်ပါတယ်။ နာမည်ကိုက အုန်းနို့ခေါက်ဆွဲကိုးလေနော်။ ဒါပေမယ့် ခေတ်ကာလ ပြောင်းလဲလာတော့ လူတွေခမျာ ရောဂါထူပြောလာပါတယ် အုန်းနို့က တက်တယ်။ သွေးတိုးတယ် ဘာညာ စသဖြင့်ပေါ့လေနာ်။ အဲ့တာနဲ့ တမျိုးထွင်ပြီးတော့ နို့စိမ်းခေါက်ဆွဲဆိုတာ ချက်လာကြပါတယ်။ တီကတော့ နှစ်မျိုးစလုံးပေါင်းထားတဲ့ အုန်းနို့ နို့စိမ်း ခေါက်ဆွဲပါ (ရှည်တာပေါ့အေ နော့ ချက်ရင်းနဲ့တောင် ဒေါ်ဒေါ် သစ်ကို သတိရမိသေးတယ် သူဆိုရင်တော့ကြိုက်လိုက်မယ့်အမျိုးလို့) နောက် ဘေးနားက ပဲသွေးပါ (ဟုတ်ကဲ့ ဘဲမဟုတ်ပါ။ သက်သတ်လွတ်ပါ ပဲနဲ့လုပ်ထားတာပါ တီကတော့ ကြိုက်လို့ များများထည့်ပါမယ် ကြိုက်တတ်ရင် ငါးဖယ်လေးတွေ ကြော်ထည့် ဘဲဥ ပြုတ် ဓါးနဲ့ ပါးပါးလှီး ပြီးထည့် ပိုကောင်းပါတယ် တီကတော့ ဘဲဥ ကို ဟင်းရည်ကျက်ခါနီးမှာ သတိရတဲ့အတွက် မထည့်လိုက်ရပါဘူး အင်း...............အသက်တွေလဲကြီးလာတော့ မှတ်ဥာဏ်တွေလဲမကောင်းတော့ပါဘူး အေတို့ရယ် တီတီချမ်းကနေ အဖွားချမ်းဖြစ်တော့မယ်ထင်ပါ့)



ဒါကတော့ ခုန က နွှာထားတဲ့ ကြက်သားတွေကို ကြက်သွန်နီ ဖြူ ကြိတ်ထားတာတွေနဲ့ ဟင်းချက် အစိမ်းမှုန့်လေးခတ်ပြီး ဆီပျံလာအောင် ကြော်ပေးပါတယ်။ မွှေးလာတဲ့အထိပေါ့။ တီက မြန်မာ ပြည်သား အထုပ်ကိုလဲ ထည့်တဲ့အတွက် အဲ့မှာ ပါတဲ့ ဟင်းဆီ အနှစ်ထဲကို မှ ကြက်သားထည့်ကြော်တာပါ။ သူ အထုပ်ကတော့ ရေဆူဆူထဲ ပါတာတွေ အကုန်ထည့်လိုက်ရင် ပြီးတယ်လို့ဆိုပါတယ်။ တီကတော့ အဲ့လို ဖြစ်ကတတ်ဆန်း မချက်တတ်တဲ့အတွက် အခုလို တမင် အလုပ်ရှုပ်ခံပါတယ်။ အရသာကောင်းကောင်းစားချင်ရင် တီချမ်းလို သေသေချာချာ ချက်ရမှာပေါ့နော့။ မြန်မာဟင်းတွေက ဘာပဲချက်ချက် မွှေးလာတဲ့အထိချက်ရမယ်ဆိုတာ သတိရပါ။ နောက်တခါဆို ထပ်ထပ်မပြောတော့ဘူးနော်။ တီ့စာဖတ်တဲ့သူဆိုတာ IQ မနိမ့်မှန်းသေချာပြီးသား (ရေးချင်တာတွေရေးနေတော့ ဖြည့်ဖြည့်ဖတ်ရတာကိုးနော်) မွှေးသွားရင် အောက်ကပုံလို ဖြစ်သွားပြီး လှလာပါမယ်။ မြည်းကြည့်ပါ ချိုချဉ်ငံပေါ့။ ကေတယ်ဆိုရင် ကေပါပြီ။ ခဏဖယ်ထားပါမယ်။

ဟင်းရည် ဇာတ်လမ်းပြန်ဆက်ရမယ်ဆိုရင်တော့ ခုန ပထမဆုံး တည်ထားတဲ့ ဟင်းရည် နွှာပြီးသား အရိုးတွေပြန်ထည့်ပြီးတည်ထားတဲ့ ဟင်းရည် ဆီလေးတွေ ဝေ့တယ်ဆိုရုံလေး သန်းနေတဲ့ ကြက်သားဟင်းရည် စသဖြင့် နာမဝိသေသနတွေနဲ့ပြည့်စုံတဲ့ ဟင်းရည် (စကားမစပ် တီတို့ ဆွေမျိုးစဉ်ဆက် သုံးလာခဲ့ကြတဲ့ ဟင်းရည်ကြည်နေအောင်ချက်နည်းမဟာကို အရင် တခါ ပိုစ့်မှာဖော်ပြပြီးသားနော်) ကို ပြန်ဆူအောင်တည်လိုက်ပါမယ်။

ပထမပုံက ဟင်းရည်ရိုးရိုးပါ။ ဆူအောင်တည်လိုက်ပါ။ ပြီးရင် ဒုတိယပုံမှာ ပြထားသလိုပဲ အုန်းနို့နဲ့ နို့စိမ်းကို ထည့်လိုက်ပါ။ တခါတည်းမှာပဲ အစကနဦးက ရေအေးနဲ့ဖျော်ထားတဲ့ ပဲစိမ်းမှုန့်ကိုလဲထည့်ပါမယ်။ အအေးတွေထည့်လိုက်တဲ့အတွက် ဆူနေတာတွေခဏပြန်ကျသွားပါလိမ့်မယ်။ အဲ့တာကြောင့် ဆူလာအောင် ဆက်တိုက်တည်ထားပါမယ်။ ပြီးရင် တခါ ခုနက ချက်ထားတဲ့ ကြက်သား ကိုထည့်ပါမယ်။ အုန်းနို့ဆီတွေ ဝေ့တက်လာတဲ့အထိတည်ပေးပါမယ်။ ဆူလာပြီဆိုရင်တော့ ပဲသွေးတွေထည့်လို့ရပါပြီ။ တခါထပ်ဆူပြီးရင် အရည်နည်းနည်းကျအောင် မီးအေးလေးနဲ့တည်ပေးပါ။ ပြီးတော့ အချို ပေါ့ ငံ မြည်းလိုက်ရင် အောက်မှာ ပြထားတဲ့ အတိုင်း အရသာရှိတဲ့ အုန်းနို့ နို့စိမ်းခေါက်ဆွဲတအိုးရတာပေါ့။


တခုပဲ ပဲသွေးကို အိုးချခါနီးမှာ ထည့်ပါ။ သူက ကြာကြာ ချက်စရာမလိုဘူး။ တော်ကြာ ပျော်ပြီး ပျောက်သွားမှာစိုးလို့။


ဒါတွေကတော့ မြန်မာပြည်သား အထုပ်ထဲကပါတဲ့ မုန့်ကြွပ် အကြွပ်ကြော်တွေ ငရုတ်သီးတွေ ကြက်သွန်ကြော်တွေ နဲ့ မနေ့က ပါရာဂွန်က ဝယ်လာတဲ့ ခေါက်ဆွဲပါ။

ကဲ ကြည့်။ တီကတော့ ခုနက ပြောတဲ့ အကြော်တွေ မကြိုက်လို့ ရိုးရိုးပဲစားပါတယ်။ ဟင်း...............................ခေါင်းမှ ခေါင်း.................တီချမ်းခေါက်ဆွဲ..............
မြည်းချင်ရင်လာကြနော်။ မကုန်သေးဘူး တအိုး ကျန်သေးတယ်။ မနက်ဖြန်အတွက်….


A Chen
1:39 am
15th March 2010
Home
Bangkok

10 comments:

  1. ဆုဆုငယ်: ငါးနှိပ်တာ ကြောက်ချာကြီး အသည်းယားတယ်တော့
    ခံတော့ ခံကြည့်ချင်သား
    Sent at 2:57 AM on Monday

    ReplyDelete
  2. ကိုယ့်ကိုလာကိုက်တဲ့ငါးကသူများကိုသွားကိုက်ရင်.........ဖြန့်ဝေသလိုမဖြစ်ဘူးလား.မရှင်းလို့မေးကြည့်တာပါ။ တစ်ခါကလည်းမေးဘူးတယ်ထင်တယ်။

    ReplyDelete
  3. မကြားဖူးတာတွေ တော်တော်များပါလား။

    ကိုယ် လုံးဝရှောင်တဲ့ထဲမှာ အနှိပ်ခံတာရယ် ဖဲရိုက်တာရယ် ပါတယ်။

    မကြိုက်လို့ မဟုတ်ဘူး။ စမိရင် စွဲသွားမှာ ကိုယ့်ဘာသာ သိနေလို့။

    ReplyDelete
  4. မမကွမ် မေးတာကောင်းတယ်
    ဒီမေးခွန်းနဲ့ ဆင်တူရိုးမှား အမေးများကြတာ က ခြင်ကိုက်တာပါ
    နောက် အိမ်မွေး တိရိစ္ဆာန်တွေဖြစ်တဲ့ ခွေးလေးတွေ ကြောင်လေးတွေ ကိုက်ရင်ကော ဆိုတာ တွေမေးကြပါတယ်
    ငါးကတော့ မေးခဲပါတယ် ခုဟာက ကြုံလို့ အမကလဲမေးတယ်ဆိုတာ သဘောပေါက်ပါတယ်
    ရှင်းပေးပါမယ်
    စာနည်းနည်း ပြန်ရှာဖတ်ရမှာမို့ အချိန်နည်းနည်းပေးပါ

    ReplyDelete
  5. စကားမစပ် မမကွမ်က ဆရာဝန်မလို့ တနေရာရာမှာ များဖတ်ဖူးသလားလို့

    ReplyDelete
  6. ဟုတ်တယ်။ အနှိပ်ခံသူတိုင်းကို ဒီကန်ထဲက ငါးလေးတွေပဲ ကိုက်ကြတာလား၊ အေ၊ဘီ၊စီ၊ဒီ၊ အီး၊အက်ဖ်၊ဂျီများ ကူးနိုင်ပါသလား။

    ပုံ။ ။ ဆြာဝဏ်မဟုတ်ပါ။ :)

    ReplyDelete
  7. ကိုယ်လဲ သိချင်မိပါတယ်။ မြန်မြန်ဖြေပါ။

    ပုံ အင်ဂြင်ဏီယာ

    ReplyDelete
  8. အုန်းနို့ ခေါက်ဆွဲ ပဲသွေးလေးနဲ့  စားချင်စရာ
    ဘယ်ကရလဲ ပဲသွေးက ဒီမှာရှိဘူး
    ချက်နည်းပါရေးပေးလို့ ကျေးဇူး ကိုယ့်ဖာသာချက် အို ရှုပ်ပါတယ် ဒေါ်ရွှေသစ်ကို ဖတ်ခိုင်းရမယ် ပြီးမှ သူ ဒီစာကို ဖတ်မဖတ် စာမွဲပြန်စစ်တဲ့အနေနဲ့  သူချက်တာ သွားစားမယ် အဟိ

    ReplyDelete
  9. ပဲသွေးက ဒီမှာ ရတယ် ဒေါ်မေ
    ပြီးတော့ ပြောလို့ပြောတာမှုတ်ဘူး
    တီချက်ထှာ ခေါင်းမှခေါင်းပဲ တကယ်
    လာလည်လေ
    ချက်ကျွေးမယ်

    ReplyDelete
  10. ကိုယ်က chinatown မှာလုပ်တော့ ရုံးအောက်မှာ အဲလိုအနှိပ်ခံဆိုင်တွေ အများကြီးပဲ။ ငါးလေးတွေနဲ့နှိပ်တာလည်းရှိတယ်။ ဈေးတော့မကြည့်မိဘူး။ တီချမ်းရေးတာဖတ်ပြီး ငါးလေးတွေနဲ့ အနှိပ်ခံကြည့်ချင်စိတ်ပေါက်သွားတယ်။ :)

    P.S. ပထမဆုံးလာလည်တာပါ။

    ReplyDelete