Sunday, July 18, 2010

Are you smart or NOT?

Are you smart or NOT?
တော်သလားမတော်ဘူးလား?

တလောက လေ့လာမှုစစ်တမ်းတခုကိုဘတ်လိုက်ရတယ်။ စစ်တမ်းက ဘာပြောထားလဲဆို တော့ ကျောင်းနေအရွယ်ကလေးတွေက ကိုယ့်ကိုကိုယ် “မတော်ဘူး” (not smart လို့သုံးထားပါတယ် stupid လို့မသုံးထားပါ မတော်တာ တုံးတာမဟုတ်ပါ) လို့ထင်ကြတဲ့ အတွက် မိမိကိုယ်ကို ယုံကြည်မှုတွေပျောက်ကုန်တယ်တဲ့။ ကိုယ်တခုတွေးမိတယ် ကိုယ်တို့ လို အရွယ်ရောက်လူကြီး တပိုင်းတွေက ရော အဲ့လို မဟုတ်လို့လားလို့လေ…နော်။ (၂၉ နှစ် ပြည့်တော့မှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် လူကြီးတပိုင်း လို့တွက်ပါတယ် ဘရစ်တနီ လှံ လိုပြောရရင်တော့ ကောင်မလေးမကျ မိန်းမကြီးမကျပေါ့လေ။)

ကိုယ်တို့တွေဟာ သူများထက်တော့ ငါ က ပို တော် တာပဲ ပိုသိတာပဲ ပိုတတ်တာပဲ ပိုစမတ် တာပဲ လို့ ထင်ချင်ကြတယ် မျှော်လင့်ကြတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ကိုယ်ဟာ သူများ တွေလောက် မတော် ပါလားလို့ (တခါတခါ နည်းနည်းတောင် တုံးတဲ့ဘက်ရောက်နေတဲ့ အခါ)
ကိုယ့်ကိုကိုယ် သိလာတဲ့အခါ ဘယ်လောက်များ ခံစားရသလဲလို့နော်။

ကိုယ်တို့တွေဟာ တသက်လုံး ကိုယ်ဟာ တော်တဲ့လူအုပ်စု ထဲမှာပါတယ်လို့ မကြာခဏ သက်သေပြဖို့ အမြဲလိုလိုကြိုးစားနေခဲ့ကြတယ်။ ကိုယ်တို့ ပါးစပ်ဖျားမှာ အမြဲ လိုလို ရေရွတ် နေတတ်တဲ့ စကားတခွန်းက….
“ငါ့ကို ငတုံး ငအ လို့များထင်နေသလား” ဆိုတာပါပဲ။

ကိုယ်တို့ ဘယ်လောက်တော်တယ်ဆိုတာ လူတွေမသိကြမှာ ကို ကိုယ်တို့တွေ ဘယ်လောက် များ စိုးရိမ်ကြပါလိမ့်နော်။ လူတယောက် တော်တယ်မတော်ဘူးဆိုတာကိုရော ဘယ်လိုလူမျိုး က ဝေဖန် ပိုင်းခြားခွင့် သတ်မှတ်ခွင့် ရှိတာပါလိမ့်?

ကျောင်းနေတဲ့အရွယ်တုံးကတော့ ကိုယ်တို့တွေဟာ အတန်းထဲမှာ အဆင့် (၁) ရအောင် ဖြေ နိုင်ရင် တော် တယ်လို့ ထင်ခဲ့ကြဖူးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကိုယ်တို့ ဘာကို နားလည်လာလဲဆိုတော့ အဆင့် ၁ ရတဲ့သူတွေဟာ ကိုယ်တွေထက် ပိုတော် လို့ မဟုတ်ဘဲ ပိုကြိုးစား လို့ သာပဲ ဆိုတာ သဘောပေါက်လာခဲ့တယ် (တကယ်ပြောတာ ပြန်စဉ်းစား ကြည့် ကြ အခု အဲ့ဒီအဆင့် ၁ တွေ က ကိုယ့်လောက် ပေါက်ပေါက်ရောက်ရောက်မရှိသလို ကိုယ့် လောက်လဲ လခ မကောင်းကြဘူး။ ခုဆို ဘယ်ရောက်နေကြမှန်းတောင်မသိဘူး။ တလောက နှစ်ပိုင်းတွေတုံးက အရင် အထက်တန်းကျောင်းတုံးက အတန်းထဲမှာ ကိုယ့်ထက် စာတော် အဆင့်ကောင်းတဲ့ သူတွေက ကိုယ့်ဆီမှာ အလုပ်လာတောင်းတာ ကြုံဖူးတယ် သံသရာ လို့ ကိုယ်မတွေးမိဘူး အခုလိုပဲ တွေးမိတယ် သူတို့က ပိုတော်တာ မဟုတ်ဘူး သူတို့ က ကိုယ့်ထက် ပိုကြိုးစား တာ ဝိရိယ ပိုကောင်းတာ ကိုယ် တလ စာ ၇ ရက် ကျက်ရင် သူတို့က ရက်ပေါင်း ၂၀ လောက်ကျက်တာကိုးလေနော် တော်တာကတော့ ကိုယ်ကပိုတော် တာသေချာပါတယ် ရိုက်ပေါက်တွေရေးနေမိပြန်ပြီ ဒါပေမယ့် တွေးကြည့်ပါ စာဘတ်သူ အခု အရင်တုံးက စာဘတ်သူနဲ့ ကျောင်းတုံးက အတူတူ တက်ခဲ့ကြတဲ့ အဆင့် ၁ တွေ ဘယ်ရောက်နေကြပြီလဲလို့) တကယ်တန်းကျတော့ တကယ်တော်တယ်ဆိုတဲ့ လူတွေဟာ ဘယ်တော့မှ အဆင့် ၁ မရကြဘူး (ကိုယ့်လိုပေါ့) ။ ကိုယ်တို့တွေက စိတ်သိပ်များတယ် ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ သိပ်များတယ် ဟိုစပ်စပ် ဒီစပ်စပ် သိပ်လုပ်တတ်ကြတယ် တခုတည်းကိုပဲ အာရုံစိုက်လို့မရကြဘူး။ အဲ သင်္ချာမှာတော့ တော်တတ်ကြတယ် ကိုယ်ဆိုရင် ၁၀ တန်း တုံးက ၁၀၀ (ရဖို့ ၃ မှတ်ပဲလိုတာ) (ဟိဟိ ကပ်ကြွား)

ဟော ဒီလိုနဲ့ အရွယ်ရောက်လာလို့ လုပ်ငန်းခွင်ထဲရောက်လာကြပြန်တော့ ကိုယ်တို့တွေဟာ လူတွေ တော်လားမတော်လားဆိုတာကို သူတို့ ရဲ့ အောင်မြင်မှု ရာထူး အရာရောက်မှုတွေနဲ့ တိုင်းတာကြပြန်ရော်။ ဒါပေမယ့် မကြာခင်မှာဘဲ ဘာကို ကိုယ်တို့ ထပ်တွေ့လာရလဲဆိုတော့ အဲ့တာတွေကလဲတကယ်တော်လို့ မဟုတ်ဘဲ “ကံ” ဆိုတာရယ် “အဆင်အသွယ်” ဆိုတာတွေ ရယ် ပါနေသေးပါလားလို့ သဘောပေါက် လာရပြန်ပါတယ်။ (၁၀၀% လို့တော့မဆိုလိုပါ) အဲ့တော့ ကိုယ်တို့လဲ လူဆိုတာ ပိုတော်ဖို့ထက် ပိုကံကောင်းဖို့ လိုပါလားလို့ တွေးမိလာကြ ပြန်တာပေါ့လေ။

ဟော ………………..

အချစ်ထဲမှာကျတော့ အရာအားလုံးက မျှတပါတယ်။ မင်းဘာသာ မင်း ဘယ်လောက်ကြီး ပဲ တော် နေနေ အချစ်နဲ့ပတ်သက်လာရင်တော့ မင်းလဲ အသည်းကွဲနိုင်တာပဲ ထားခဲ့တာ ခံရနိုင်တာပဲ ကျန်နေခဲ့ရနိုင်တာပဲ။ တကယ်တန်း တော် လှပါချည်ရဲ့ဆိုတဲ့ လူတွေကလဲ အချစ်နဲ့ပတ်သက်လာရင်တော့ တုံး လွန်းနေပါလား နူံ လှချည်လား လို့ ဖြစ်နိုင်ကြတာပဲ။

တော်တယ်မတော်ဘူးဆိုတာ တကယ်တော့ ကိုယ်တို့တွေရဲ့ စိတ်အစာတမျိုးပါပဲ။ အဲ့လို ကိုယ့်ကိုကိုယ် ငါတော်တယ် ဆိုတဲ့ အသိလေးရှိတော့ ကိုယ့်ကိုကိုယ်ကျေနပ်တာပေါ့။ ဒါပေမယ့် တော်တယ်ဆိုတဲ့ လူတိုင်းလဲအောင်မြင်တာ မဟုတ်ပါဘူး။ တော်တယ်ဆိုတဲ့ လူတိုင်းလဲ သူတို့ဘဝ ကိုသူတို့ ပျော်ရွှင်ကျေနပ် နေကြတာမဟုတ်ပါဘူး။ တမျိုးပြောင်းပြောရရင် တော်တယ်ဆိုတဲ့ လူတိုင်းလဲ ပျော်ရွှင်ကျေနပ်ဖွယ် ဘဝ ကိုရနေကြတာ မဟုတ်ပါဘူး။ ကိုယ့်ကို ကိုယ် ငါသိပ်မတော်လှပါဘူး လို့ ထင်နေကြတဲ့ လူတွေနဲ့ သူတို့ က ဘာမှပိုမသာနေပါဘူးလေ။ သူလိုကိုယ်လိုပါပဲ။……………….တွေးမိတာလေးတွေပေါ့ တွေးစရာလေးတွေပေါ့………………

ပိုစ့်စကရစ်ပ်

နန်းညီ ဘယ်သူ့အတွက်မှ ရည်ရွယ်ပြီးရေးပေးထားတာမဟုတ်ပါ ပြန့်ကျဲနေတဲ့အတွေးလေးတွေ သာဖြစ်ပါတယ်

A Chen
8:06 pm
18 July 2010
Sunday
Home
Bangkok

5 comments:

  1. "တကယ်တန်းကျတော့ တကယ်တော်တယ်ဆိုတဲ့ လူတွေဟာ ဘယ်တော့မှ အဆင့် ၁ မရကြဘူး (ကိုယ့်လိုပေါ့) ။ "

    ကြိုက်တယ် ဂျီးဒေါ်.. :)

    ခင်မင်လျှက်
    jr

    ReplyDelete
  2. ဒီပို့စ်လေးတွေးတော့ မနေနိုင် မထိုင်နိုင် မန့်ချင်လာတယ်။
    ဂျီတော့ခ်မှာ ပြောလဲ ကော်ပီ အန် ပေ့စ်က လုပ်ချင် လုပ်ဦးမှာ မဟုတ်လား။
    မထူးဘူး ဒီမှာပဲ ပြောလိုက်တော့မယ်။
    တော်တာ မတော်တာကို အရေးကြီးတယ်လို့ ထင်တာ လူတိုင်းတော့ မဟုတ်ဘူး ထင်တယ်။
    တလောလေးက ဖတ်လိုက်ရတာ ကိုယ့်ကိုယ်ကို မတော်ဘူးလို့ ထင်တဲ့သူတွေက ပိုကြိုးစားတယ်၊ ကိုယ့်ကိုယ်ကို ပြုပြင်တယ်၊ အဲဒီလိုနဲ့ အဆင်ပြေသွားကြတာ။
    တချို့သူတွေက ကိုယ် မတတ်လို့ မတတ်မှန်းတောင် မသိဘူးတဲ့။
    အဲဒီပို့စ်လေး ကြိုက်တယ်
    ဒီမှာ ဖတ်ကြည့်။
    http://positivepsychologynews.com/news/sherri-fisher/2010070512335
    ပြီးတော့ တွေးမိတာက ကိုယ်တော်ကြောင်း သက်သေပြရမှာ ဆိုးရွားတဲ့ သက်သေပြနည်းက သူများ မတော်ကြောင်း အပြစ် ထိုင်ရှာတာ။
    ပြီးတော့ ကိုယ့်ကိုယ်ကို ပိုတော်အောင် မကြိုးစားဘဲ တော်နေတယ်လို့ ထင်တဲ့သူတွေကို ဆွဲချ၊ ပြဿနာရှာ၊ အပြစ်လိုက်ရှာ အဲဒီလိုနဲ့ အချိန်ကုန်ခံနေတာ။
    အဲဒါမျိုးတွေ မြင်ရရင် အရမ်းကို စိတ်မကောင်း ဖြစ်မိတယ်။

    ReplyDelete
  3. ဒါမျိုးတော့ စိတ်ဝင်စား၏။
    ဘယ်သူတော်တော် မတော်တော် ကိုယ် စိတ်ချမ်းသာရင် ပြီးတာပဲ။ ကိုယ်ကတော့ မပင်မပန်း အိပ်ရေးဝဝ အိပ်နေရရင် စိတ်ချမ်းသာတယ်။

    ReplyDelete
  4. တီချမ်း
    အတွေးလေး ၁ ခု ရသွားတယ်။ ကျေးဇူးးးးးးးးးးး

    ReplyDelete
  5. Hnin Su - နင့်ရဲ့ ဒီပို့စ်က အတွေးလေးကို ငါ တော်တော်သဘောကျတယ် . . .
    အင်း . . . ငါ့လိုပေါ့ အရာရာမှာ တော်နေပြီး အချစ်ရေးမှာ မတရားတုံးအနုံချာနေတာ . . အဟိ အဟိ . . .9:04 pm

    ReplyDelete