Friday, July 16, 2010

စိတ်မပြောင်းတတ်တဲ့ချစ်သူ

စိတ်မပြောင်းတတ်တဲ့ချစ်သူ

ကိုယ်တို့ ကိုယ့်ချစ်သူကို အမြဲလိုလိုမေးတတ်တဲ့မေးခွန်းလေးတခုရှိတယ်။

“တချိန်မှာ မင်း ပြောင်းလဲသွားမှာလား?”

ကိုယ်တို့တွေ သူ့စိတ်ပြောင်းလဲသွားမှာ ကြောက်မိတယ်၊ စိုးရိမ်မိကြတယ်၊ အချစ်တွေ ပြောင်းလဲသွားမှာ ကြောက်တယ်။

ဒါပေမယ့် များသောအားဖြင့်ပြောင်းလဲသွားတတ်ကြတာ လူတွေရဲ့ စိတ်မဟုတ်ပါဘူး။ ကိစ္စရပ်တခု အဖြစ်အပျက် တခုအပေါ်မှာထားရှိတဲ့ မြင်တဲ့ သူ့အမြင် သာပြောင်းလဲ သွားတာမျိုးပါ။

လူနှစ်ယောက်ချစ်နေကြတဲ့အချိန်တွေတုံးကတော့ ကိစ္စတရပ် အဖြစ်အပျက်တခု အပေါ်မြင်တဲ့အမြင်တွေဟာများသောအားဖြင့် ထပ်တူမကျတောင် နီးစပ်လေ့ရှိပါတယ်။
အမြင်တွေတူတတ်တဲ့အတွက် တယောက်အပေါ်တယောက်ပိုနားလည်တယ်၊ ပိုတန်ဖိုး ထားတယ်၊ ပိုဝေမျှခံစားလို့ရတယ်။ သူနဲ့ချစ်ရတာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလို့ ကိုယ့်ကိုကိုယ်ထင်တတ်ကြ သာယာကြ ပီတိဖြစ်ကြရပြီး သူနဲ့ချစ်ရတာကိုတန်ဖိုးထား တတ်ကြတယ်မဟုတ်လား။ အသွင်မတူ အိမ်သူမဖြစ်ဆိုသလို အမြင်မတူရင်လဲ အိမ်သား မဆိုသာပါဘူး။ လိုက်လဲလိုက်တဲ့ နှစ်ယောက်လို့သာအပြောရှိကြတာပဲလေနော်။

ဒါပေမယ့် နှစ်ယောက်ထဲမှာ တယောက်ကို ပိုမြင်တတ်လာမယ်၊ တာဝန်ပိုယူရတာတွေပိုများ လာမယ်၊ ရင့်ကျက်လာမယ် ဆိုရင် နှစ်ယောက်ကြားကကိစ္စရပ်တခုကို ရှူကြည့်ပုံ၊ သုံးသပ်ပုံ အတွေးအမြင်လဲပြောင်းလဲ ကွာခြား လာတော့ တာပေါ့။

အရင်တုံးက တကယ်လို့ သူကများ ကိစ္စ တခုကို “ကိုယ်တော့ ဒီကိစ္စမှာ..ဒီလိုမြင်တယ်ကွာ…” လို့ပြောခဲ့ရင် သူမကလဲ ခေါင်းကိုအမြန်ညိမ့်ပြီးတော့ “ဟုတ်တယ် ကျမလဲ ဒီလိုပဲ သဘောရ တယ်”…လို့ ဖြေပြီးသား။

အခုတော့ သူက ကိစ္စတခုကို “ကိုယ်ကတော့ ဒီလိုထင်တယ်ကွ…”လို့ပြောလာတဲ့အခါမှာ သူမက “ဟင့်အင်း…..ကျမကတော့ ရှင့်အမြင်ကို သဘောမတူဘူး…” လို့ ခေါင်းခါပြီး ပြန်ပြော တတ်လာပြီလေ။

အဲ့အခါမှာ သူက သူမ သူ့ကို အရင်လို အထင်မကြီးတော့ဘူး၊ သူ့အမြင်တွေကို မလေးစား တော့ဘူး၊ သူ့အတွေးအခေါ်တွေကို တန်ဖိုးမထားတော့ဘူး၊ အရင်လိုသူ့ကို မချစ်တော့ဘူး လို့ခံစားလာရတယ်။ အမှန်တကယ်တော့ သူမက သူ့ကိုချစ်နေဆဲချစ်နေမြဲပါ။ သူမရဲ့ အချစ် တွေက ပြောင်းလဲကုန်တာမဟုတ်သလို သူမကလဲမပြောင်းလဲသွားပါဘူး၊ ကိစ္စတခုကို မြင်တဲ့ သူမအမြင်ကသာ ပြောင်းလဲသွားတာပါ။ သူကတော့ ကိစ္စ တခုကို အရင်လိုပဲမြင်နေတုံး၊ အမြင် မပြောင်းလဲသေးဘူးပေါ့။ ဒီလိုနဲ့ လူနှစ်ယောက်ကြားက ကွာခြားချက် ခြားနားမှု က တဖြည်းဖြည်း ပိုများလာ ပိုကွာခြားလာ ပိုဟလာ၊ တယောက်နဲ့ တယောက် ပိုဝေးသွားသလို၊ ကိစ္စ တွေကို ရှူမြင်သုံးသပ်ပုံတွေလဲ ကြာလေလေ အမြင် မတူတူလေလေ ဖြစ်လာတော့တာ ပေါ့။ ဒီလိုနဲ့ သူမက လဲတဖြည်းဖြည်း သူဟာ သူမနဲ့ ဘဝ လမ်းကို အတူတူလျောက်ရမယ့် သူ ဟုတ်ပါတော့မလားလို့ တွေးမိလာတော့တာပဲ။ သူမ ရဲ့ သူ့အပေါ်မှာထားရှိတဲ့ အချစ်တွေက တဖြည်းဖြည်း ပြောင်းလဲလာသလို သူမကိုယ်တိုင်လဲ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီလေ။

ဒါပေမယ့် ပထမဆုံး ကနဦးမှာ စတင်ပြောင်းလဲတာက “အချစ်” မဟုတ်ပါဘူး။ “အမြင်” ပါ။ တကယ်လို့သာ ကိုယ့်ချစ်သူ ကို မပြောင်းလဲဘဲ ထာဝရ ချစ်နေစေချင်တယ်ဆိုရင် ကိုယ်ကလဲ ပြောင်းလဲလာတဲ့ ချစ်သူရဲ့ အမြင်အတွေးတွေ ကို သိအောင်လုပ်ရပါမယ်။ ပြောင်းလဲလာတဲ့ ချစ်သူကိုလဲ အသစ်လို့ သဘောာထားပြီး လိုက်သိအောင် တဖန် ရင်းနှီးမှု ယူရပါမယ်။ သူ့ရဲ့ ပြောင်းလဲမှု အတွေးအမြင်တွေကိုလဲ ပြောင်းလဲတဲ့အတိုင်း လိုက် တန်ဖိုးထားတတ်ရပါမယ်။

A Chen
3:10 am
16 July 2010
Best Western Vientiane Hotel
Laos


PS

သူမ ရဲ့ သူ့အပေါ်မှာထားရှိတဲ့ အချစ်တွေက တဖြည်းဖြည်း ပြောင်းလဲလာသလို သူမကိုယ်တိုင်လဲ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီလေ။

ဒီစာကြောင်းမှားနေတာ ကိုသိတယ်
အမှန်ဆို ဒီလို......................ဖြစ်ရမှာ.........ကိုလဲသိတယ်
ဒါပေမယ့် မပြင်ချင်တော့ဘူး
ဖြည့်ဘတ်လိုက်ကြပါ
ထပ်စဉ်းစားမိတာတခု
ပြင်ရေးလိုက်ရင်တောင် အခုလောက်စာတွေ ရိုက်နေရမှာ မဟုတ်ဘူးလေနော်
အော် လူ့စိတ်ဆိုတာကလဲ ခက်သားလား
ပြင်လိုက်တာထက်
အများကြီး ထပ်ရေးပြီး မပြင်ချင်တဲ့အကြောင်း ကိုပဲ
ပိုပြောချင်မိတာ
ပိုပြောချင်နေမိတာ
ပိုပြောချင်နေတာ

10 comments:

  1. David: နားမလည်စရာတွေပဲရေးတတ်တဲ့ တီချမ်း ဒီတစ်ခါတော့ တကယ်ကို မှတ်သားစရာလေးတစ်ပုဒ် ရေးထားတာပါလား ဖတ်လို့ လဲကောင်း သင်ခန်းစာလည်းရတယ်ကွယ်။
    I comment on your post as it appeared in my buzz

    ReplyDelete
  2. တီရေ တကယ့်ကိုတန်ဖိုးရှိတဲ့အတွေးလေးတစ်စပါ။ ကျွန်တော့်ချစ်သူနဲ့လည်း အဲသလိုတွေဖြစ်တက်တယ်။
    နောက်ဆို တီတွေးမိသလိုစဉ်းစားပြီး သူ့ကိုနားလည်အောင်ကြိုးစားကြည့်မယ်။ တီရေ အမြဲတမ်းအသည်းကွဲနေတဲ့ တီ့ရဲ့လီယိုတစ်ယောက် အခုချစ်သူနဲ့အတူတူရှိနေပါတယ်။ တီဝမ်းသာတယ်မဟုတ်လား----။
    လာအိုကပြန်လာပြီဟုတ်------။

    ReplyDelete
  3. မပြန်လာသေးဘူးသားရေ ညနေမှ
    ညကျရင် အိမ်မှာ အာလူးထမင်းလုပ်စားမယ် အဟေးဟေး
    စားချင်ရင်လာ

    ReplyDelete
  4. naydanalynn: ကျေးဇူးပါ တီ..အတွေးတစ်ခုရတယ်..ကျေးဇူး

    ReplyDelete
  5. တီချမ်းရေ...
    မရောက်တာကြာလို့...
    လာလည်သွားတယ်...
    နေကောင်းတယ်ဟုတ်...
    ဟင်းလေးတွေ သွားရည်ကျသွားတယ်..း)

    ReplyDelete
  6. ဟင်းချက်တာတို့ ဘာတို့ညာတို့ ရီစရာတို့ပဲ ကြိုက်တယ်။
    ကိုယ် ကြိုက်တာကို ပြောတာပါ။ မရေးနဲ့ ပြောတာ မဟုတ်။

    ReplyDelete
  7. ဒီစာကို ကြိုက်တယ်.. ကိုယ်လဲ အဲ့လိုပဲ တွေးမိတယ်

    ReplyDelete
  8. ဘယ်သူ ဘယ်ဝါအတွက် ရေးပေးထားသလိုလိုပဲ
    သဘောကျတယ်

    ReplyDelete
  9. တချို့လူတွေက တီ့ကို ဟင်းချက်တာတွေ စားစရာတွေပဲရေးစေချင်ကြတယ်
    တချို့ကလဲ တီဒီလို ဆောင်းပါးမကျ ဘာမကျ အက်ဆေးလေးတွေ ရေးတာကြိုက်ကြတယ်
    အရင်တုံးက စာဘတ်သူု သမီးလေးတွေက ပေးစာတွေကြိုက်ကြတယ်
    ကဗျာရေးတာတော့ မကြိုက်ကြသလောက်ပဲ
    စိန်ကတော့ အမျိုးစုံအောင်ရေးစေချင်တယ်
    ပညာပေးတွေရောပေါ့
    ကိုကတော့ အကုန်လိုလိုရေးဖြစ်ပါတယ်
    ခုနောက်ပိုင်း ခရီးသွားတာလေးတွေတောင်ရေးသေးတယ်
    အာရုံလာရင်လာသလိုပါပဲ
    လူတိုင်းကတော့ အကုန်ဘယ်ကြိုက်ပါ့မလဲလေ
    အဲ့တာကြောင့် အစုံရေးရတာပေါ့
    လာလာအားပေးကြတာတော့ ကျေးဇူးတင်ပါတယ်

    ReplyDelete
  10. မှန်တယ်လို့ ကျွန်တော်သဘောပေါက်သွားတယ် ...
    တခြားမဟုတ်ဘူး ကျွန်တော့်ကို ဆုံးမနေသလိုပဲလို့ ခံစားရလို့
    (little brook)

    ReplyDelete