Tuesday, July 20, 2010

တက္ကစီ ခရီးသည်

အသည်းကွဲ တက္ကစီ ခရီးသည်

မြို့တော်ကြီးမှာ နေတဲ့ ကိုယ် မကြာခဏ ဆိုသလို တက္ကစီ ကိုစီးဖြစ်ပါတယ်။ စီးဖြစ်တဲ့ အကြောင်းတွေ အများကြီးရှိသလို အခြေအနေ (ကွန်ဒစ်ရှင်) တွေလဲအများကြီးရှိလို့ပါ။ မီတာ တက္ကစီ တွေကို စီးရတာ စိတ်ချမ်းသာပါတယ်။ လမ်းထိပ်ရောက်တာနဲ့ လက်ကလေးပြ (မိန်းကလေးဆိုရင် ပေါင်ကလေးထုတ်) တားလိုက်ရုံပါပဲ။ အဲကွန်း ပါတယ်၊ ဈေးစစ်စရာ မလို ဘူး၊ သွားချင်တဲ့နေရာ ကိုပြော တန်းဝင်ထိုင်လိုက်ရုံပါပဲ။ တနေ့က သူငယ်ချင်းတယောက်နဲ့ စကားပြောနေရင်းနဲ့ အကြောင်းအရာ က မြို့တော်ကြီးမှာ တက္ကစီ စီးတဲ့ လူတန်းစားတွေ အကြောင်းကိုရောက်သွားပါတယ်။ အသုံးစရိတ်တွေအရမ်းများနေတဲ့ ကိုယ့်ကိုကိုယ် မသိစိတ် က ပြန်သုံးသပ်တာလဲဖြစ်နိုင်ပါတယ်။

မြို့တော်ကြီးမှာ လူတယောက် တက္ကစီ စီးတယ်ဆိုတာ အောက်မှာ ရေးထားတဲ့ အကြောင်းပြ ချက်တွေထဲက မထွက်ပါဘူး။ ဥပမာ…

• လောနေလို့
• နောက်ကျနေလို့
• တခါမှမရောက်ဘူးသေးတဲ့နေရာ ဒေသစိမ်းမို့လို့
• သွားရမယ့်နေရာက တခြားရောက်နိုင်စရာ မုတ်အောဖ့်ထရမ်စပို့တေးရှင်း (လမ်းပမ်း ဆက်သွယ်ရေး ဆိုင်ရာ ရွေးချယ်စရာ) မရှိလို့
• ပျင်းလို့ (ဝါ) ယောင်ချာချာဖြစ်နေလို့ (ဘာလုပ်ရမှန်းမသိလို့) (ကိုယ့်အမေ ဆိုရင် ရန်ကုန်မှာ သူပျင်းတဲ့အခါတိုင်း အဲကွန်းဘတ်စ်တွေကို ဂိတ်စ ဂိတ်ဆုံး ပတ်စီးပါတယ် ကိုယ်တို့က ကိုယ်ပိုင်ကားမှမရှိတာဘဲလေနော်…)
• အသည်းကွဲနေလို့

အောက်ဆုံးတခုကလွဲရင် အပေါ်က အကြောင်းပြချက်တွေတိုင်းမှာ သွားရမယ့် လမ်းက ဝေး လေလေ မျက်လုံးက ပြေးနေတဲ့မီတာပေါ်ရောက်လေလေ နှလုံးခုန်သံက မီတာနဲ့ အပြိုင်မြန် လေလေပါပဲ။ (ပြောချင်တာကို တက္ကစီ စီးနေကျ လူများသိပါလိမ့်မယ် ဝန်ခံချင်တာ ဝန်မခံချင် တာကတော့ တပိုင်းပေါ့လေ)

ဒါပေမယ့် အသည်းကွဲနေတဲ့အခါ ဝမ်းနည်းနေတဲ့အခါ ဘယ်သူကများ မီတာ ဘယ်လောက် ကျမှာ ကို ဂရုစိုက်နေအုံးမှာလဲနော်။

မနက် ရုံးတက်ချိန်… စိတ်ကညစ်နေတယ်ဆိုရင် ဓါတ်ရထားက အိမ်ကနေ ၃ မိနစ် လောက်ပဲ လျောက်ရတာတောင် စိတ်ထဲက လမ်းထိပ်အရောက်မှာ လက်ကလေးလှမ်းပြပြီး ကားထဲကို စိတ်နဲ့ လူနဲ့မကပ်တဲ့ကိုယ်ကို ထိုးသွင်းလိုက်ချင်တာပဲ။

စိတ်ကြည်နေတယ်ဆိုရင်တော့ …. ရထားပေါ်က လူတွေ ကြီးကြီးငယ်ငယ်တွေရဲ့ အပြင် အဆင်တွေ မနက်ရုံးသွားတော့မယ့် အနံ့အသက်မွှေးမွှေးကြိုင်ကြိုင်လေးတွေကို အချိန်ပေး ခံစားဖို့ အာရုံကလာမှာလေနော်။ နောက်ပြီးတော့ တမှတ်တိုင်ပြီး တမှတ်တိုင် အိပဲ့အိပဲ့နဲ့ ရပ်နေမယ့် ဓါတ်ရထားကိုလဲ စိတ်ရှည်ရှည်နဲ့ စောင့်စီးနိုင်မှာပေါ့။

လောလောလတ်လတ် ရည်းစားနဲ့ ရန်ဖြစ်လာတယ်။ ခုပဲ သူ့အိမ်ကနေ ဝုန်းဒိုင်းကျဲ ထွက်လာခဲ့ တယ်။ လမ်းပေါ်ရောက်တာနဲ့ တွေ့တဲ့တက္ကစီ တစီး ကို လက်ပြတား တက်။ မိုချစ်ကနေ အွန်နွစ် ကိုပဲဖြစ်ဖြစ် ဘန်ကောက်ကနေ ပထရားကိုပဲဖြစ်ဖြစ် တောင်ဝင်ရိုးစွန်းကနေ မြောက် ဝင်ရိုးစွန်းကိုပဲ ရောက်ရောက် မီတာက ဘယ်လောက်ပဲကျကျ မီတာပြေးတာ ဘယ်လောက်ပဲ မြန်မြန် ဘယ်သူကများ ဘာကို ဂရုစိုက်နေအုံးမှာလဲနော်….
ကိုယ်လုပ်ချင်တာ ကိုယ်လုပ်မယ်လေ ဘယ်သူကမှ ကိုယ့်ကို၊ ကိုယ့်စိတ်ခံစားချက်တွေကို ဂရုမစိုက်တော့တဲ့ ဘဝမှာ ကိုယ်ကကော ဘယ်သူ့ကို ဘာတွေကိုများ…ေ-ာက်ဂရုစိုက်နေရအုံးမှာလဲ။

ရည်းစားနဲ့ လမ်းမှာ သွားနေရင်းကနေ ရုတ်တရက် ရန် ထ ဖြစ်တယ်။ စကားများတယ်။ သူက အိမ်လိုက်ပို့မယ် ပြောတာ ကို မလိုချင်ဘူး။ သူ့ မျက်နှာကိုလဲမမြင်ချင်ဘူး။ စိတ်လဲအရမ်းဆိုး တယ်၊ သူ့ကို ကိုယ်စိတ်ကောက်နေတာ ကိုလဲသိစေချင်တယ်…. တွေးနေစရာတောင်မလိုဘူး သိပ်သေချာတာပေါ့ တွေ့ကရာ တက္ကစီ တစီးကိုလှမ်းတားပြီး စောင့်တက်ပလိုက်မှာဘဲ။ အဲ့လိုမှ မလုပ်ရင် ကိုယ့်ကိုကိုယ် ဒုက္ခ ခံပြီးတော့ ဘတ်စ် ကားစောင့်ရအုံးမှာလားနော်….ဟွန့်ဝေးသေး

ကိုယ့်ရှေ့ မျက်နှာချင်းဆိုင်မှာ ရည်းစားက နောက်တယောက်နဲ့ ပြုံးပျော်ကြည်နူးနေတာ လှမ်းတွေ့လိုက်ရတယ် ဘာလုပ်ရအုံးမှာလဲ တွေ့တဲ့ တက္ကစီ ပေါ်ပြေးတက်ရပြန်တာပဲပေါ့….ကားပေါ်ရောက်တာ တောင် ဘယ်ကိုသွားမယ်ဆိုတာ တော်တော်နဲ့ ပြောမထွက်ဘူး…..ဘယ်သွားရမလဲဆိုတာလဲ စဉ်းစားလို့မရဘူး။ (ဘလောခ်ဂါတယောက်ပြောသလို ဒန်းပဲသွားစီးရမလား ရေပဲ သွားကူးရမလား၊ မိုးရေထဲပဲပြေးရမလား?….)

တခါတခါ မြို့တော်ကြီးမှာနေရတာ မွန်းကျပ်လွန်းတယ်၊ အထီးကျန်ဆန်လွန်းတယ်၊ စိတ်ဓါတ် အရမ်းကျတယ်၊ လမ်းကို လျှောက်ဖို့ တလှမ်းတောင် လှမ်းနိုင်မယ့် အားအင်ဆိုတာ နတ္ထိ ဘာလုပ်ရအုံးမှာလဲ…..? တက္ကစီ ကိုတား တက် ကားဆရာ ကို ရောက်ရာပေါက်ရာ လျှောက် မောင်းခိုင်းလိုက်ရုံပဲလေနော်။

တခါကများဆို တက္ကစီပေါ်မှာ စီးလာတယ် ကိုယ်သွားချင်တဲ့နေရာကလဲရောက်နေပြီ။ ဒါပေမယ့် ကားပေါ်မှာ ရေဒီယိုကလာနေတဲ့ သီချင်းက ကိုယ်သိပ်ကြိုက်တဲ့သီချင်းဖြစ်နေ တယ်။ သွားမယ့်နေရာက ရောက်နေပြီ သီချင်းက မဆုံးသေးဘူး။ အဲ့ဒီတော့ ကားဆရာကို ရှေ့နည်းနည်းပတ်မောင်းပါအုံး ပြီးတော့ ဒီနေရာ ကိုပြန်ကွေ့လာပေးပါလို့ ပြောခဲ့ဖူးတယ်။

အဲ့တာကြောင့် မြို့တော်ကြီးရဲ့ ထောင်သောင်းမကတဲ့တက္ကစီ ကားတွေပေါ်မှာ ယူကြုံးမရတဲ့ မျက်နှာပေါ်က မျက်ရည်တွေ၊ သက်ပြင်းတွေ၊ ညိုးငယ်မှုတွေနဲ့ အသည်းကွဲခရီးသည် ပေါင်း များစွာ လိုက်ပါစီးနင်းခဲ့ကြဖူးတယ်။

A Chen
2:43 pm
20 July 2010
Tuesday
Bangkok

4 comments:

  1. ကောင်းရှာသား။
    တကယ် ကွဲတဲ့ အသည်းနဲ့ ရေးလို့လားတော့ မသိ။

    ReplyDelete
  2. naydanalynn: ဖတ်ပြီးပြီ တီ.. ကိုယ်စိတ်ပါတဲ့ တစ်ယောက်ယောက် စောင့်နေတဲ့အခါ ၊ စိတ်ဆိုးလွန်းလို့ ပါးရိုက်ဖို့ သွားမဲ့အခါ တွေများမှာပဲ တက္ကစီစီးဖို့ စိတ်ကူးရတယ်။ :P
    စိတ်ညစ်ရင် ကိုယ်ချစ်ရက်နဲ့ စိတ်ပါရက်နဲ့ သူများပစ်သွားလို့ စိတ်မကောင်းနေချိန်မှာတော့ တွေ့တဲ့ ဘတ်စ်ပေါ် ငေါင်ငေါင်လေး စိတ်နဲ့ကိုယ် မကပ်ပဲ တက်လိုက်သွားတာ
    ဘယ်ရောက်မှန်းတောင် မသိ
    Sent at 4:44 PM on Tuesday

    ReplyDelete
  3. ဘုရားရေ
    အဘွားကြီး
    ဘာရေးရေးတကယ့်အဖြစ်အပျက်ကိုရေးတယ် ပဲထင်နေတော့တာပဲ
    စာရေးခြင်းအနုပညာစွမ်းလို့ ဘာလို့မတွေးတာလဲ
    ဒွတ်ခေါ

    ReplyDelete
  4. David Aye Myat - ဒီ ပို့ စ်ရေးပြီးတဲ့အချိန်က ရုံးချိန်ကြီးနော်။ တက်စီပေါ်ရောက်နေတာလား။ မွန်းကျပ်ရင် အတင်းလှမ်းတုပ်လို့ ရပါတယ်။7:38 pmDeleteUndo deleteReport spamNot spam

    Hnin Su - သယ်ရင်း . . . နင် အသည်းကွဲတဲ့နည်းနဲ့သာ ကွဲရမယ်ဆိုရင် အီစကိုတို့တော့ သေပြီ . . . တက္ကစီ ခ အလုံအလောက်ရှိမှရမှာ . . . ဘာပဲပြောပြော နင်အဲလို အသည်းကွဲခွင့်ရတာ တော်တော်ကံကောင်းတယ် :)8:58 pm

    ReplyDelete