Friday, August 21, 2009

ငါ မင်းကို မိုးတိမ်တွေပေါ်မှာ ချစ်မယ် (အခန်း-က-၂)

(၂)

အဲ့ဒီနှစ်ရဲ့ နွေရာသီမှာ မေမေနဲ့ ကျမ တို့နှစ်ယောက် ရဲ့စစ်အေးတိုက်ပွဲ တလ နား နီး လာပါပြီ။ ပြောရမယ်ဆိုရင် ဇာတ်လမ်း အစကလည်း အဲ့ဒီ “ကြောင်မွှေးစာအုပ်ဆိုင်” က ငှားလာတဲ့ စာအုပ်တအုပ်ကြောင့်ပါပဲ။ အဲ့ဒီနေ့ညက ကျမ က ကိုယ့်အိပ်ခန်းထဲ မှာသေချင် စရာကောင်းတဲ့ ကျောင်းပိတ်ရက်အိမ်စာတွေလုပ်နေခဲ့ပါတယ်။ ကျမ က သင်္ချာ မှာ သိပ်ညံ့ တယ်လေ၊ သင်လေချာလေ ဆိုတာ ကျမ မှအစစ်ပါ။ သင်္ချာ စာမေးပွဲရှိတဲ့ရက်တိုင်းဆို ကျောင်းပြေးလိုက်ရရင် သိပ်ကောင်းမှာပဲ လို့ကျမအမြဲတွေးလေ့ရှိတယ်။ ကျမ တကယ်ကို နားမလည်ပါဘူး၊ တကယ်လို့များ လူတယောက်ဟာ သင်္ချာဆရာ၊ဆရာမ သို့မဟုတ် သင်္ချာ ပညာရှင် ဖြစ်ဖို့မရည်ရွယ်ထားဘူးဆိုရင် အပေါင်း အနှုတ် အမြှောက် အစား ကလွဲပြီးတော့ အဲ့လောက်များများ သိတတ်လေ့လာနေစရာလိုလို့လား။
ဥပမာ ဒီမေးခွန်း တပုဒ်ကိုပဲကြည့်လေ…
ဆပ်ကပ်ပြပွဲတခုရဲ့ ပိုင်ရှင်လူငယ်လေးတဦးဟာ ပင်လယ်ဖျံ အကောင် ၆၀ နဲ့ လှေစီးပြီး မြစ်ကိုဖြတ်ကူးဖို့ကြံနေပါသတဲ့။ လှေပိုင်ရှင်ကလဲ အလွန်လှပ ပညာဥာဏ် ကြီးမားတဲ့ မိန်းမလှလေးပါတဲ့။ လှေပိုင်ရှင်မိန်းမလှလေးက ဆပ်ကပ်ပိုင်ရှင် ကိုပြော တယ်…သူမ တောင်းတဲ့ မြစ်ကူးခ က မြစ်ကိုကူးမယ့် ပင်လယ်ဖျံ အကောင် အရည် အတွက်ရဲ့ တဝက် ပါတဲ့။ အဲ့တာဆိုရင် ဆပ်ကပ်ပိုင်ရှင်လေးဟာ ပင်လယ်ဖျံ ဘယ်နှစ် ကောင် ကို လှေနဲ့တင် ခေါ်သင့်ပြီးတော့ ဘယ်နှစ်ကောင် ကို လှေနဲ့ မြစ်ကူးခအတွက် လှေရှင် မိန်းမ လှလေး ကိုပေးခဲ့သင့်ပါသလဲတဲ့။
ကဲ ကျမမပြောလား မရှုပ် ရှုပ်အောင်လုပ်တာ။ တကယ်ပဲပင်လယ်ဖျံ ဆိုရင် ဘာလို့ သူ့တို့ဘာသာ ရေမကူးသွားနိုင်ရမှာလဲ။ ဘာလို့များလှေနဲ့တင်နေရအုံးမှာလဲ။ ပြီးတော့ လှေ ပိုင်ရှင် လှတာမလှတာ ယောက်ျားဖြစ်တာ မိန်းမ ဖြစ်တာ ကကော ဘာများဆိုင်လို့လဲ?
အဲ့လိုအချိန်မှာပဲ အစက ဟိုဘက်အခန်းမှာ စာဖတ်နေတဲ့မေမေက စာအုပ်တအုပ်ကိုင်ပြီး ကျမအခန်းကိုရောက်လာတယ်။ တံခါး ကိုမှီရပ်ပြီးတော့ မျက်လုံး တွေ စိုစိုရွှဲလို့
“ဂျင်းနီ…ဒီဝတ္ထုရဲ့ ဇာတ်သိမ်း က အရမ်းသနားဖို့ကောင်းတာပဲ သိလား? မင်းသမီး က သွေးကင်ဆာနဲ့တဲ့ သေတော့မယ်။ အချိန်မှာမှ မင်းသားက တိုက်တိုက်ဆိုင်ဆိုင် ထူးဆန်း တဲ့အတိတ်မေ့ရောဂါတမျိုးရတယ်တဲ့။ အဲ့ဒီရောဂါမျိုးက တနေ့ပြီး တနေ့ တဖြည်းဖြည်းချင်း မေ့မေ့ သွားတာတဲ့ မင်းသမီး သေတဲ့အချိန်မှာ မင်းသားက မင်းသမီး ကို ဘယ်သူမှန်း တောင်မသိတော့ဘူးတဲ့……………….” လို့ပြောလာပါတယ်။
“ကျမကတော့ သနားစရာကောင်းတယ် လို့မထင်ပါဘူး။ သိပ်ကို “ငတုံးဆန်တာ”ပဲ” လို့ကျမ က သူမ စကားကိုဖြတ်ချလိုက်ပါတယ်။
သူမ တချက်တိတ်သွားပါတယ်။ ကျမ က ခေါင်းငုံ့ပြီးတော့ ခုန က ပင်လယ်ဖျံ ဘယ်နှစ်ကောင် ကိုလှေနဲ့တင်ခေါ်သွားပြီး ဘယ်နှစ်ကောင်ချန်ထားခဲ့ရ မလဲ လို့တွက် နေ ပါတယ်။ အဲ့တာကြောင့်ကျမ သူမရဲ့ မျက်နှာ ပေါ်မှာ ဖြစ်ပျက်သွားတဲ့ ခံစားချက်တွေ ကို မမြင်လိုက်ပါဘူး။ ရုတ်တရက် သူမ ရဲ့လေသံပြောင်းသွားပြီး အေးစက်စက်နဲ့ …
“နင်က တလျှောက်လုံး “ကျန့်ဟော်” ကိုငါ့ထက်တော်တယ်လို့ အမြဲထင်နေခဲ့တာပဲ”
“ကျန့်ဟော်” ဆိုတာ တရုတ်နန်းတွင်းက ပညာရှိကဝိကြီးမဟုတ်ပါဘူး။ ကျမဖေဖေ ရဲ့နာမည်ပါ။ ဖေဖေ့ နာမည်အရင်းက “ကျန့်ကြွိဟော်” ပါ။ သူ့သူငယ်ချင်းတွေအကုန်လုံးက ကျန့်ဟော်လို့ပဲခေါ်ကြတယ်။ မေမေ စိတ်ဆိုးတဲ့အခါတိုင်း ဖေဖေ့ ကို မိသားစု နာမည် ပါ တတ်ပြီး ခေါ်တတ်လေ့ရှိပါတယ်။ သူမ တို့ ကွာရှင်းပြတ်စဲ ပြီးတဲ့နောက်မှာ တောင် ဒီ အကျင့် က မပြောင်းလဲခဲ့ပါဘူး။
“ ငါက ငါ့ထက်ပိုတော်တဲ့ တတ်တဲ့ ယောက်ျား ကိုယူမှ ဖြစ်မှာပေါ့” သူမက ပြောပါတယ်။
ကျမ ခုနင်က ပြောတဲ့ “ငတုံးဆန်လိုက်တာ” ဆိုတာ သူမ ကိုဆိုလိုတာ မဟုတ်ဘဲ အဲ့ဒီ ဝတ္ထု စာအုပ်ရဲ့ဇာတ်သိမ်း ကိုသာဆိုလိုတာ ဖြစ်ကြောင်း ရှင်းပြဖို့ ကျမတော်တော် စိတ်ကုန်သွားပါတယ်။ ပြီးတော့ ဟိုသောက်သုံးမကျတဲ့ ဖျံမြစ်ကူးတဲ့ ပုစ္ဆာ ကိုရောပေါ့။ ဒါပေမယ့် တကယ်က “ငတုံးဆန်တယ်” ဆိုတဲ့ စကား က မေမေ့ အရှိုက် ကိုထိသွားတာပါ။ ဖေဖေ့ ရဲ့ မေမေ့ နောက်မှထားတဲ့ ရည်းစားက အမှန်တော့ ဖေဖေ့ ရဲ့ ငယ်ချစ်ဟောင်းပါ။ သူတို့ နှစ်ယောက် ကွဲသွားကြတုံးက သူမ က နိုင်ငံရပ်ခြားမှာ ပညာသင်သွားဖို့ အတွက် ဖေဖေ့ ကို ထားခဲ့ တာလေ။ ဖေဖေမင်္ဂလာဆောင်ပြီး နောက်ပိုင်း မှာမှ သူမက နိုင်ငံခြား ကနေ ပြန် လာတာ။ ဒီ ငယ်ချစ်ဦး နှစ်ယောက်ဟာ ဒီလိုနဲ့ နှစ်တွေ အများကြီးခွဲခွာနေခဲ့ရ ပြီး အခုမှ ပြန်တွေ့ကြတာပါ။ ပြန်တွေ့တာနဲ့ တပြိုင်နက် ငယ်ငယ် က ချစ်ခဲ့တာတွေ ဟာ ကောက်ရိုး မီး လို ဟုန်းကနဲ ပြန်တောက်လောင်လာတော့တာပေါ့။ အဲ့ဒီ မိန်းမ က လှပ ထက်မြက် ပြီး ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ ပညာတတ်မိန်းမလေ။ ကျမ မေမေက အဲ့အချက် ကိုအရမ်း စိတ် နာပါတယ်။ ဘာလို့လဲဆိုတော့ မေမေ က အလယ် တန်းလောက်ပဲ အောင်ခဲ့တဲ့ ကျောင်းသူ တယောက်ပဲ ဖြစ်ခဲ့တာလေ။
“နင့်ကို နင်ပြန်ကြည့်စမ်း” မေမေ က ကျမ ကိုလက်ညှိုးထိုးပြီးတော့ လေသံ ကလဲ ခပ်ချဉ်ချဉ်လေသံ နဲ့ မေးပြောပြောပါတယ်။
“ဘယ်အချိန်တုံးကများ နင့်ခေါင်း ကိုနင် ဒီလိုပုံစံ ဖြစ်အောင်လုပ်ထည့်လိုက်တာလဲ?”
တကယ်က ကျမအဲ့ဒီ ခေါင်းပုံစံ ဖြစ်နေတာ ရက်တော်တော်ကြာပါပြီ။ သူမ က သာအရင်က ဘာမှမပြောခဲ့တာ။ အဲ့ဒီအချိန်က ကျမ တို့ လူငယ်တွေကြားမှာ အဆိုတော် ရီလု က အရမ်းလန်းပါတယ်။ ကျမကလဲ ရီလုကို ရေလည်ခိုက်တယ်လေ။ ရီလု က သီချင်းဆိုကောင်းရုံတင်မဟုတ်ဘူး ဖက်ရှင်မှာလဲ အရမ်း ခေတ်ဆန်ပါတယ်။ ဝတ်တာ စားတာ ပုံစံအရမ်းကျပါတယ်။ Taste ရှိတယ်လေ။ အဲ့တလောတုံးကလဲ ရီလုက သူ့ တခေါင်းလုံးမှာ ရှိတဲ့ဆံပင် တိုစိစိတွေ ကိုအကုန်ကောက်ကွေးပစ်ပြီးတော့ အမဲရောင် တွေဆိုးပစ်ပါတယ်။ ဆံပင် တပင်စီဟာ ကောက်ကောက်ကွေးကွေးနဲ့ ငှက်သိုက်က အမွှေး လေးတွေကျနေတာပဲ။ ပြီးတော့ တမင်ကို မွဲချောက်ချောက် နဲ့ ဂျစ်ကန်ကန် ပုံစံ လုပ်ထား တာ။ ရေရေလည်လည် လန်းတယ်လေ။ ကျမလဲ ဆံပင်ညှပ်ဆိုင်အမြန်ပြေးပြီးတော့ အဲ့လိုဆံပင် ပုံလိုချင်တယ်ပြောညှပ်တာပေါ့။ (နန်းညီ အတိုင်းပဲ) ဒါပေမယ့် ကျမ က ရီလု ရဲ့ ဂျာနယ်ပေါ်က ပုံကို ကျမ ကိုညှပ်ပေးတဲ့ ဆံပင် ညှပ်ဆရာ ကိုယူသွားပြီး မပြမိဘူးလေ။
အဲ့လိုလုပ်ရင်ဂွမ်းမှာပေါ့။ ကျမ က တတ်နိုင်သလောက်တော့ အဲ့လိုပုံလိုချင်တာ ကို သူမြင် အောင်ကြိုးစားပြောပြပါတယ်။ ရလဒ်ကတော့ ကျမ ပြောတာကပဲ မရှင်းလို့လား၊ ဒါမှ မဟုတ် သူ့ ရဲ့နားလည်နိုင်စွမ်းရည် ကပဲနိမ့်လို့လား ကျမ ရဲ့ “ရီလုကေ” က ဂေါ်ဖီထုပ် ခြောက်ကို ပုံပြီးတော့ ခေါင်းမှာ တင်ထားသလိုဖြစ်နေခဲ့ပါတယ်။
“နင့်ကြည့်ရတာ ဖုန်းကြားကျန်နီး ပုံပေါက်နေပြီ” မေမေက ပြောရင်းနဲ့ လေသံကပိုပို အချဉ်ပေါက်လာပါတယ်။ ကျမ မေမေက အဲ့လိုပါပဲ ရန်ဖြစ်ရင် ဘယ်တော့မှာ အားကစား သမား စိတ်ဓါတ် (sport men spirit) မရှိပါဘူး။ ကျမတို့ တကယ်က ဟိုစာအုပ်ကြောင့် စတဲ့ ရန်ပွဲ ပါ။ နောက်ဆုံးတော့ သူမဟာအမြဲပဲ မဆိုင်ရာလေပင့်တတ်ပါတယ်။
“မေမေ မှ ဖုန်းကြားကျန်နီး ကိုမမြင်ဘူးဘဲနဲ့”
“အေး…နင်မရှည်နဲ့ ငါသူ့ ကိုတွေ့ရင်မေးလိုက်မယ်”
“သူ့ ဆံပင် က အဲ့လောက်မရှည်ပါဘူး”
“နင်ကျောင်းစာ ကိုပဲ ကောင်းကောင်းအာရုံစိုက်သင့်တယ် ဘာလို့များ “ဖုန်းကြားခေါင်း” ပြေးညှပ်ရတာလဲ?”
“ကျမ ခုန က စာလုပ်နေတာ မေမေပဲ လာနှောင့်ယှက်တာ”
“ဟင် လက်သည်းတွေလဲ ဆိုးလို့ပါလား” သူမ က ကျမ ကိုဝေ့ဝိုက်ကြည့်ပြီးတော့ နဲနဲ မှကြည့်လို့ မရတဲ့ပုံစံနဲ့ပြောပါတယ်။
ပြောရမယ် ဆိုရင် အဲ့ဒီ လက်သည်းဆိုးတဲ့ကိစ္စ ကလဲ ရီလု ကြောင့်စီးမျောလာရတဲ့ ဖက်ရှင် ရေစီးကြောင်းအသစ်ပါပဲ။ သူက လက်သည်း ကိုတိုတိုလေးတွေညှပ်ပြီးတော့ လက်သည်းတိုင်း ကိုစိတ်ကူးပေါက်ရာ အရောင်လေးတွေ တို့ထားတတ်ပါတယ်။ ရုတ်တ ရက် ကြည့် လိုက်ရင် ဆိုးထားတဲ့ လက်သည်းတွေ ပျက်နေတဲ့ပုံစံလေးလေ။ အရမ်း မိုက် ပါတယ်။
ကျမ လက်သည်းတွေ ကိုအနည်းငယ် ကိုက်လိုက်ပြီးတော့ လေသံပျော့ပျော့နဲ့ …
“ဒီဟာ က ကျမ ကျောင်းစာ ကိုမှမထိခိုက်တာပဲ”
သင်္ချာ ကလွဲပြီးတော့ ကျမ ရဲ့ ကျောင်းသင်ခန်းစာဟာ အခြေအနေတော်တော်ကောင်း တဲ့ အထဲမှာ ပါပါတယ်။ ဒီကျောင်းစာ ကိစ္စ နဲ့ပတ်သက်လို့ကတော့ မေမေ ကျမ ကိုအပြစ် မရှာ နိုင်ပါဘူး။
သူမ ကြည့်ရတာ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိဖြစ်သွားပုံရပါတယ်။ ဒုန်းဒုန်း ဒိုင်းဒိုင်းနဲ့ ပဲ သူမအခန်းကိုပြန်သွားပါတယ်။ နောက်တနေ့လဲ ကျရော သူမ က ကျမ ကို ကိုယ်ပျောက်လူသား အဖြစ်သတ်မှတ်လိုက်ပုံရပါတယ်။ အဲ့တာ အပြင် စာရွက်တွေနဲ့ စပြီး စကားပြောတော့တာပါပဲ။ အဲ့တာ သူမ က ကျမ ကို “ငတုံးဆန်လိုက်တာ” ဆိုတဲ့စကား အတွက် လက်စားချေနေတာပါ။
မေမေနဲ့ ကျမ စာရွက်အတိုလေးတွေနဲ့ စကားပြောနေကြရုံနဲ့လဲ တူတူ တအိမ် တည်း အသက် ရှင်လို့ ရ နေတာပါပဲ။ အဆင်ပြေနေပါတယ်။ တကယ်ဆို ကျမတို့ တယောက်နဲ့ တယောက် စကားတောင် ပြောဖို့လိုမယ် မထင်ပါဘူး။ တခါတခါ တော့ လဲ နည်းနည်း ပျင်းတာ၊ အထီးကျန်ဆန်တာဘာညာ တော့ရှိမှာပေါ့။ အဲ့တာ ကလွဲရင် ကျမ က စာရွက်တွေနဲ့ စကားပြောရတာ ကိုပိုကြိုက်ပါတယ်။ အနည်းဆုံးတော့ သူမ စာရွက်တွေကို သုံးပြီး ပြောရုံနဲ့ ကျမ ကိုရန်မလုပ်နိုင်ဘူးလေ။
စာရွက်တွေနဲ့ စကားပြောပြီးနေ့ရက်တွေ ကိုကျော်ဖြတ်ရတာ ကောင်းပါတယ်။ ဒါပေမယ့် တချို့ လျှို့ဝှက်ရမယ့် ကိစ္စ တွေ ကိုယ်ရေးကိုယ်တာ ဆန်လွန်းတဲ့ ကိစ္စ တွေ ကျတော့ ကျမ က စာရွက်နဲ့ မပြောချင်ဘူုးလေ။ ဥပမာ “ကျမ ရဲ့ ဘရာစီရာ ကြယ်သီး ပြုတ် သွားလို့ အသစ်ဝယ်ပေးပါအုံး” ဆိုတဲ့ စာရွက်ငယ်မျိုးက အရမ်း ကိုယ်ရေးကိုယ်တာ
ဆန်သွားပြီလေ။ နည်းနည်းတောင်းပန်တဲ့ပုံစံပေါက်ပြီး စစ်ကျေအေးတဲ့လေသံ ပါနေတယ်။
ကျမဘယ်တော့မှ အဲ့လိုမျိုး မရေးဘူး။ ကျမရဲ့ ဘရာတွေ ကိုအမြဲ မေမေပဲ ဝယ်ပေးနေကြ။
အဲ့လိုနဲ့ မေမေ့ ကိုခေါင်းငုံ့ အရှူံးမပေးချင်တဲ့ အတွက် အဲ့ဒီရက်ပိုင်းက ကျမ သေသေချာချာ မခြောက်တဲ့ ဘရာ နဲ့ ပဲကျောင်းတက်နေရတယ်။ တနေ့လုံး လိုလိုရင်သားတွေ က ယားနေ သလိုလိုခံစားရတယ်လေ။ ဒီလိုပစ္စည်းမျိုးဆိုတာ ကလဲ သူများဆီက ငှားဝတ်လို့ရတာ မျိုး မဟုတ် ဆိုတော့။
ဒီလိုနဲ့တမနက်မှာတော့။ အဲ့ဒီနေ့က မေမေ အလုပ်မဆင်းဘဲ အိမ်မှာ နားရတဲ့နေ့ပေါ့။ ကျမ ရေချိုးခန်း ထဲမှာ သွားတိုက်နေတုံး မေမေက ရေချိုးခန်းတံခါးရှေ့မှာ ပေါ်လာပြီး သူမ ခါး ကို လှည့်ကာ လှည့်ကာ နဲ့ တချက် နှစ်ချက်လောက် ချိုးလိုက်ပြီးတော့ မှ ဘာမှမဖြစ်ခဲ့ သလို ပုံစံမျိုးနဲ့…
“မနက်စာ အပြင်မှာ သွားစာကြစို့” လို့ပြောလာပါတယ်။
လက်စသတ်တော့ သူမက လောလောလတ်လတ်လေးကမှ စားသောက်ဆိုင် အသစ် တခုရဲ့ ဒစ်စကောင့် ကဒ်လျှောက်လာတာကိုး။ ပရိုမိုးရှင်းကာလအနေနဲ့ လူနှစ်ယောက် သွားစားရင် တယောက်စာပဲ ပေးရတယ်လေ။ တကယ်လို့သာ ကျမ ကိုခေါ်မသွားရင် အလကား သက်သက် တယောက်စာ နစ်နာနေမှာပေါ့။
ကျမ တို့ အကြားက စစ်အေးတိုက်ပွဲ က အဲ့နေ့ က ဘူးဖေး စားရင်းနဲ့ နိတ္ထိတံ သွားပါတယ်။
သူမ က ကျမ ကို ခုမှ ဖွင့်ချလိုက်တဲ့ ရေဘုံဘိုင်ခေါင်းတခု လိုပဲ စကားတွေ အဆက်မပြတ် အမျှင်မပြတ် တောက်လျှောက်ပြောပါတော့တယ်။ အဲ့ဒီ အခိုက်အတန့်လေးမှာ ပဲ ကျမ အရင် စာရွက်တွေနဲ့ ဆက်သွယ်ခဲ့ကြတဲ့နေ့တွေ ကိုဘယ်လိုလွမ်းမှန်းမသိ လွမ်းလာ ပါ တော့တယ်။
“ကျမ ဘရာဝယ်ဖို့လိုပြီ” လို့ ကျမ ကပြောလိုက်ပါတယ်။
“စားပြီးရင် တူတူသွားဝယ်မယ်လေ” လို့ မေမေက ဝမ်းသာအားရပြောပါတယ်။ ပြီးမှဖရဲသီး ဖျော်ရည် ကိုပိုက်နဲ့တချက်စုပ်လိုက်ပြီးတော့
“၃၂ အေ မှလား?” လို့ ကျမ ကို ရယ် ဟဟနဲ့ မေးပြောပြောပါတယ်။
“ဘယ်မှာ အဲ့လောက်သေးလို့လဲ” လို့ ကျမ က ပြန်ချေပပါတယ်။
မေမေ က ဟက်ဟက် ပက်ပက် ရယ်ပြီးတော့ ကျမ ခေါင်း ကို ငှဲ့ကြည့်ရင်း
“ဒါ “ရီလုကေ” မှလား? ငါလဲ ဒီပုံစံ သွားညှပ်ချင်တယ်” လို့ပြောလာပါတယ်။
ကျမ ခေါင်း ကိုတအား ရမ်းခါ လိုက်မိတယ်။ ကျမ မေမေနဲ့ ညီအမ လိုလို ဘာလိုလို ဆံပင်ကအစ ပုံစံတွေ မတူနေချင်ပါဘူး။ သူများတွေ နဲ့တူရတာ ကျမ မကြိုက်ဘူး။

7 comments:

  1. better than first chapter...
    writing is v attractive..
    cheers!!!!
    TPT

    ReplyDelete
  2. သူသူရယ် စိတ်ရှည်မှပေါ့ အခန်းဆက်ဝတ္ထု ရှည်ပါဆို
    အစကတော့ အင်ထရိုပဲရှိသေးတာကိုး
    နည်းနည်းပါးပါး များများစားစား လဲဝေဖန်ပေးအုံးလေ
    မမတို့လို မပရိုသေးတော့
    ကြိုးစားဆဲပါကွယ်

    ReplyDelete
  3. i like it.v good.thanks.

    ReplyDelete
  4. မိုက်တယ်တီတီ... အခန်းဆက်က ??

    ReplyDelete
  5. ဖတ်လို့ ကောင်းတယ်၊ ဘရာက ကြယ်သီးနဲ့ ဆိုပါလား?....

    ReplyDelete
  6. ဟင် မရှိဘူးလား အဲ့လိုဘရာ
    ဂျိတ်နဲ့ လို့ပြန်ပြင်လိုက်မယ်လေ

    ReplyDelete
  7. ကျနော် မရင်းနှီးတဲ့ ဘ၀ တခုဘဲ စိတ်ဝင်စားဘို့ကောင်းတယ်

    ReplyDelete