Tuesday, February 2, 2010

ဗီနို နဲ့ ဘွေးတုတ် (သို့) ဘုတ်ဆုံ နဲ့ တီချမ်း

ဗီနို

သူကြွယ်တွေတီးတဲ့ ဗုံသံ
ပါတီလို့ ခေါ်ကြတယ်။
ဖိတ်စာမပါလည်း ၀င်လို့ရပါတယ် . . . တဲ့
ခေါင်းကိုတော့ နည်းနည်းလေး ငုံ့ထားပေါ့ . . .

နင့်ရဲ့
မှိန်မှောင်မှောင်အပြုံးတစ်ဝက်ကပြောတယ်
ငါတို့နှစ်ယောက်ကလွဲရင် အားလုံး သူဌေးတွေ . . . လို့။

နင်ကြားနိုင်ဖို့ ငါ့အဖြေက
"I'm yours" သီချင်းသံနဲ့
ထွေရာလေးပါးလွင့်
“ငါတို့ နှစ်ယောက်က စိတ် ချမ်းသာတယ်လေ” . . . ။

မိုးပေါ်က ကြည့်သူတွေကြောင့်
အိပ်မက်တွေ မခြောက်ခြားခဲ့သလို
မြေပြင်က အကြည့်တွေကြောင့်လည်း
စိတ်ကူးတွေ မမျောခဲ့ဘူး . . .
ပြုံးတတ်တဲ့ သာမန်ရိုးကျ အကြည့်ရဲ့မေးခွန်းက
ငါ့ဆုံးဖြတ်ချက်တွေကို အမွမွအစိတ်စိတ်ချေခွဲ . . .
လူဆိုတဲ့ အတန်းအစားတွေ ကွဲကြတယ် . . . တဲ့။
ငါမောင်းတဲ့စက်ဘီး
နင်စီးတဲ့ကား
အသိုင်းအ၀ိုင်းတွေ ခြားထားတယ်။

နင်လိုချင်တဲ့
အတောင်ပံတွေရဖို့
ခုန်ချခဲ့တဲ့ ချောက်ကမ်းပါးမှာ
ငါ့ရဲ့ လက်ဆောင်လေး
အားငယ်နေရှာပေါ့။

ဒါနဲ့ပဲ
ကံတရားကို
သားချော့တေးဆိုပြရင်း
မနက်ဖြန်မှာ
နင်နဲ့ငါ
Second Hand အိတ် သွားဝယ်ကြမယ်လေ။ ။

BS
19:55
2 January 2010
Black Canyon, CM

ဘွေးတုတ်

သူဆင်းရဲတွေ မှုတ်တဲ့ပုလွေဝိုင်းက
လမ်းထိပ် ကစော်ဝိုင်းလေးပေါ့
ဝင်သောက်ချင်ရင်လာလေ
နည်းနည်းတော့ မိုက်ရဲရတယ်

လင်းချင်းနေတဲ့
ငါ့ရဲ့အပြုံးလေးကိုကြည့်ရင်းပြောတဲ့နင်
ငါတို့လောက်ချမ်းသာတာ ကမ္ဘာပေါ်မှာ
ဘီလ်ပဲရှိတော့တယ်တဲ့

ငါ့ကိုပြောတဲ့ နင့်စကား
မလင်ဒါတော့ဘယ်လိုထင်မယ်မသိ
ပြုံးပြုံးလေးနဲ့ သူက မက်ဒေါနားရဲ့
“ပစ္စည်းသည်မလေး” သီချင်းကိုညည်းလို့…..။

နင့်အသိုင်းအဝိုင်းက
ပိုက်ဆံမပေးခဲ့သလို
ငါ့အသိုင်းအဝိုင်းကလည်း ငွေမပို့ခဲ့ဘူးပါဘူး
တွေ့ရင်တော့ မေးနေ ပြောနေကြ အပြုံးတုတွေက
“အဆင်ပြေရဲ့လား?”…………တဲ့လေ
အိမ်ဖော်တွေအဆင်မပြေဘူးညည်းတဲ့ သူကလဲ
ဆိုက်ကနက်ကားကြီးစီးလို့
ငါတို့မှာတော့ ဆိုက်ကားတောင် ခပ်နက်နက်မစီးရဲဘူး
ငါစားတဲ့ မုန့်ဟင်းခါး
နင်ကြိုက်တတ်တဲ့ အုန်းနို့
အကြော်တွေအခါခါမဲ့
ငရုပ်သီးမှုန့်နဲ့
နံနံပင်လေးသာ
ပကာသန အမည်ခံနိုင်လေမလား…..???

ငါ့ကိုပေးခဲ့တဲ့
လမ်းထိပ်ကစွယ်တော်ပင်ရွက်ကလေးတောင်
ခြောက်သရောင်းလို့ပေါ့
လိပ်ပြာတောင်ပံတုတစုံအလား

ဒီလိုနဲ့
မနက်ဖြန်တွေမနက်ဖြန်တွေအတွက်
နင်နဲ့ငါ နင်နဲ့ငါ အိုး……………
အိုး……………
အိုး……………..
နင်နဲ့ငါနဲ့
အိုး တွေဖုတ်ကြမလား
ဒီနှစ် ဘုရားပွဲကြရင် တူတူရောင်းကြတာပေါ့။ ။

A
Chen
8: 59 pm
1st January 2010
Starbucks, Bkk.

4 comments:

  1. မိုက်တယ်။ တို့လဲရေးဦးမယ် စုတုပြူပေါ့။ခွင့်ပြု။

    ReplyDelete
  2. လုပ်လေ ကြာသလားလို့
    ခွင့်ပြုချက်တောင်းစရာမလိုပါဘူး
    နာမည်ကြီးမှ တရားစွဲမယ် အဟေးဟေး

    ReplyDelete
  3. နင်ကြားနိုင်ဖို့ ငါ့အဖြေက
    "I'm yours" သီချင်းသံနဲ့
    ထွေရာလေးပါးလွင့်
    “ငါတို့ နှစ်ယောက်က စိတ် ချမ်းသာတယ်လေ” . . . ။
    Love is sweet.

    အိုး တွေဖုတ်ကြမလား
    ဒီနှစ် ဘုရားပွဲကြရင် တူတူရောင်းကြတာပေါ့။ ။
    Love is power.

    BINO

    ReplyDelete