Tuesday, February 9, 2010

Me Missing You

ဒီနေ့ ကိုယ့်အထက် အရာရှိ အိမ်ကိုလှမ်းဖုန်းဆက်မှ နိုးပါတယ်။ အကြောင်းက ဒီလိုလေ ပြီးခဲ့တဲ့ တနင်္ဂနွေက မောင် ပြန်မယ့် ရက် မို့လို့ စနေညက စပြီး မအိပ်ပါဘူး။ အလွမ်းသယ် ကြတယ်ပေါ့။ ပြီးတော့ တနင်္ဂနွေ တနေ့လုံး အိပ်ပါတယ်။ ညကျတော့ မအိပ်ဖြစ်တော့ ပြန်ဘူး။ မျက်လုံးတွေက တနေ့လုံးအိပ်ထားတော့ ကြောင်နေပြီလေ။ တနင်္လာနေ့ ကျတော့ ရုံးအစော ကြီးသွားလိုက်ပါတယ်။ တနေ့လုံး အလုပ်လုပ် (တော်တော်တောင်ပြီးသွားတယ်) ဒါပေမယ့် ညနေကျတော့ တခါတည်း အိမ်ရောက်တာနဲ့ အိပ်လိုက်တာ (အင်္ကျီတောင် မလဲနိုင်) အိမ်ဖော် အိမ်လာရှင်းတာလဲ မသိလိုက်။ တချိုးတည်းပါပဲ။ black out ဆိုတာကို မေ့လဲတယ်မသုံးပဲ ဒီနေရာမှာလဲ သုံးလို့ရရင် သုံးချင်ပါတယ်။ တကယ်ကို တခါတည်း “အသိစိတ်မဲ့” အိပ်ပျော် ခြင်း အဖြစ်ကိုရောက်သွားတာပါ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဘာဆိုဘာမှမသိ။ အရာရာ နတ္ထိ။ မေ့ မှောက် မိုက် လဲ။

ပြန်ကောက်ရရင် မနက်ကျတော့ အထက်အရာရှိ ဖုန်းဆက်မှ နိုးပါတယ် (အဆူမခံရပါဘူး တော်သေးတယ်) သူက ကိုယ့်ကို သတိလှမ်းပေးတာပါ။ ဒီနေ့ ကိုယ့် အလုပ် ပါမစ် နဲ့ ဗီဇာ သက်တမ်း တိုးဖို့ရှိတယ်လေ။ သတိကရပါတယ် မနိုးတာ။ လူက တနေ့လုံး တညလုံး ကြောင် နေ၊ အူနေ၊ အူကြောင်ကြောင် ဖြစ်နေတာ။ မောင် ပြန်သွားကတည်းပါ။ အအိပ်လဲမမှန်၊ အစားလဲမမှန်၊ ရေတော့ မှန်မှန်ချိုးနေသေးလို့တော်သေးတယ် ဆိုရမယ်။ မဟုတ်ရင်တော့…။

အဲ့တာနဲ့ သွားနှင့်ပေါ့ အက်မင်ကို ကိုယ်တက္ကစီ (တက်ကစီ လို့ရေးရတာထက် ကကြီး နှစ်လုံး ဆင့်ရေးရတာ ပိုကြိုက်ပါတယ် ထားပါ) နဲ့လိုက်လာမယ်ပေါ့။ ပြီးတော့ ကျော်ပိုးအိတ်ကိုကြည့်တော့မှ မနေ့ က ပတ်စ် ပို့က အစက နီပေါလ် သွားမယ်ဆိုပြီး ဗီဇာ သွားယူခိုင်းထားတော့ ရုံးမှာ ကျန်နေတယ်။ သေရော။ အဲ့တာနဲ့ မထူးပါဘူး နောက်နေ့မှ သွားမယ်ဆိုပြီးတော့ ဖုန်းလှမ်းဆက်၊ တလက်စတည်း နေ့လည်တောင်ရောက်တော့မှာ ထမင်းစားပြီးမှ ရုံးသွားမယ်ပေါ့။ အဲ့တာနဲ့ လမ်းခုလတ်မှာ ရထားပေါ်ကဆင်းပြီး ပါရာဂွန် ဝင်ပါတယ်။ ဖူဂျီ ကိုမရည်ရွယ်ပဲ လျောက်သွားမိတယ်။ တခါမှ ဒီလို အသိမဲ့ လမ်းလျောက်ပြီး ရောက်သွားတာမျိုးမရှိဘူးဘူး။ (sleep walking) လဲမဟုတ်။ ကိုယ်လဲ အဲ့လိုရောဂါမရှိပါဘူး။ ခေတ်မှီအောင် သူများတွေလို ဘိုင်ပိုလာ တော့ရှိလားမသိ။

ဇာတ်လမ်းက ခုမှစတာပါ။ ဖူဂျီ ဆိုတာ ဂျပန်ဆိုင်ပါ။ မောင်နဲ့ ခဏခဏ ထိုင်နေကျ။ အရင်ပိုစ့် တွေမှာလဲရေးဖူးပါတယ်။ ရောက်သွားတော့ ဘာမှာရမလဲမသိဘူး။

အဲ့တာနဲ့ မောင်စားနေကျ salmon stake set ကိုမှာလိုက်ပါတယ်။ ငါးပဲစားချင်တာ။



ကိုယ်ကတော့ ထမင်းထက် ဂျပန် ခေါက်ဆွဲပိုကြိုက်တဲ့သူဆိုတော့ ကိုယ့်အတွက် Zaru Soba ဆိုတဲ့ ခေါက်ဆွဲအေးတမျိုးမှာစား ပါတယ်။ သူက ခေါက်ဆွဲ အအေးကို ဇာရူးဆောထ် နဲ့ စိမ်စားရတာမျိုးပါ။ ဆော်ထ်ထဲမှာမှ ဝါဆာဘီ ရယ် ကြက်သွန်မိတ်လေးတွေရယ် ထည့်ဖျော်ရပါတယ်။ ဝါဆာဘီ ပါတော့ ပူရှရှ အရသာလေးနဲ့ ခေါက်ဆွဲအေးက စားလို့ကောင်းပါတယ်။ ဂျပန်စာ ကြိုက်မိမှပဲ ကိုယ်လဲ ခေါက်ဆွဲကို အအေးစားတတ်နေပြီ။ တရုတ်တွေကတော့ ပူပူပဲစားကြတယ်လေ။




မှာထားတာတွေရောက်မလာသေးတော့ ကော်ဖီတခွက်အရင်မှာသောက်ပါတယ်။ အဲ့မှာ ဇာတ်လမ်းက စတာပဲ။




အရင်ကဆို မောင်က ကိုယ်မနိုးခင်နိုးပါတယ်။ ပြီးတော့ ကိုယ်နိုးပြီဆိုရင် ရေချိုးခန်း ဘေစင်မှာ တိုက်စရာသွားတိုက်တံက ဆေးဖြည့်ပြီးသား အသင့်ပါ။
ကော်ဖီက ထမင်းစားစားပွဲပေါ်မှာ အရံသင့်။ နေ့လည်ဆိုရင် ဖုန်းဆက်ပြီး “သဲ ဒီနေ့ ဘာစား ချင်လဲ” လို့မေးတတ်တယ်။ ပြီးရင် အိမ်နားက ညနေဈေးလေးကိုသွားပြီး ကိုယ်ကြိုက်တတ် တာတွေ ဝယ်ချက်ထားပေးတတ်ပြန်ပါတယ်။ တခါတခါတော့လဲ လင်မယားနှစ်ယောက် တူတူ ဈေးဝယ်ထွက်တတ်ပါတယ်။ ရုံးကနေ ကိုယ် အိမ်ပြန်ရောက်ရင် ပထမဆုံး ကိုယ့်လက်က အိတ်ကို လှမ်းယူပါတယ်။ စားပွဲပေါ်မှာ ရေခွက်က အသင့်၊ ပြီးရင် ကိုယ်က ရေသောက်ပြီးတာနဲ့ အိပ်ရာပေါ်ကို လှဲအိပ်ပြီး “မောင်ရယ် ဒီနေ့ ရုံးမှာ ပင်ပန်းလိုက်တာ ခါး တွေကို ညောင်းကိုက်နေတာပဲ” လို့ ပြောလိုက်ရုံနဲ့ တက်နှိပ်ပြီးသားပါ။ ပြီးရင် ကိုယ်က ကွန်ပျူတာဖွင့် ပါလာတဲ့အလုပ်လေးတွေ လက်စသတ်။ ဘလောခ်လေး ဘာလေးရေး။ အဲ့အချိန်ဆို သူက အပြင်မှာ ကြော်လှော် ချက်ပြုတ် တကုတ်ကုတ်ပါ။ တခါတလေ ဘလောခ်တင်ချင်စိတ်၊ ချက်ချင်စိတ် ပေးလာမှ ကိုယ်က ချက်ပါတယ်။ များသောအားဖြင့် တော့ သူကချက် ကိုယ်က စားရုံပဲ။ စားပြီးရင်လဲ ကိုယ်က ဆေးစရာမလိုပါဘူး။ အကုန်ကို သူပဲလုပ်ပါတယ်။ maid က တပတ် ၃ ရက်ပဲလာတာဆိုတော့။ ပန်းကန်တွေကတော့ စားပြီး ရင် တခါတည်းဆေးလိုက်ပါတယ်။ ကိုယ်တယောက်တည်းနေလဲဆေးတာပါပဲ။ ကိုယ်က ညစ်ပတ်နေတာတွေရှိနေရင်မကြိုက်ပါဘူး။

ပြောရင်းနဲ့ အရင်ချိန်တွေကို ပြန်တမ်းတ ဖြစ်နေပြီ။ တကယ်ကလဲ မောင့်ကိုလွမ်းတဲ့အကြောင်း တွေရေးချင်တာပါ။ ညဘက်ဆိုလဲ မအိပ်ခင်ကိုယ်က တခုခုသောက်လေ့ရှိတော့ သူက ကော်ဖီ ဖြစ် ကော်ဖီ၊ အိုဗာတင်းဖြစ် အိုဗာတင်း တခုခု အမြဲဖျော်ပေးပါတယ်။ ညအိပ်ခါနီး ကိုယ်က ရေချိုးပြီးမှ အိပ်တတ်ပါတယ်။ မအိပ်ခင်ကို ချိုးရပါမှပါ။ သူ့ကိုလဲ အတင်းချိုးခိုင်းတတ် ပါတယ်။ သူကတော့ အိမ်မှာတနေ့လုံးနေနေရတဲ့ သူဆိုတော့ ချွေးတွေ ဘာတွေမထွက်ရင် မချိုးချင်ပါ ဘူး။ နည်းနည်း ပျင်းတတ်ပါတယ်။ ကိုယ်ကတော့ မရဘူး ချိုးရမှာ အိပ်ပျော်တယ်။ မချိုးရင် သူ့ကို တူတူပေးမအိပ်ဘူး ဧည့်သည်တွေအတွက် အခန်းပိုမှာ သွားအိပ်လို့ပြောတော့မှ ချိုးတာ ပါ။ ထားပါတော့ ပြောပြချင်တာက ရေချိုးပြီးရင် သူက အမြဲလိုရှင်းလူးပေးပါတယ်။ တကိုယ်လုံးပါ။ (မိုးဟေကို ထက်တောင်သာပါသေးတယ်။ သူကမှသူ့ဘာသာ လိမ်းနေရသေး တယ်နော် ကိုယ်ကတော့ အိပ်ရာပေါ်မှာ မှောက်နေလိုက်ယုံပဲ) အဲ့လိုပါ။

ခုလဲမပြန်ခင်က ရှိရှိသမျှ အင်္ကျီတွေအကုန်လျော်ဖွတ်ပြီးတော့ မီးပူတိုက်ပေးသွားပါသေးတယ်။ ဘယ်မှာသွား ရှာမလဲနော် အဲ့လိုယောက်ျား။

ခုလဲကိုယ်နေမထိထိုင်မသာဖြစ်နေတာပါ။ မနေ့က ညနေဘက် ရုံးကမပြန်ခင် အွန်လိုင်းတက် လာပါတယ်။ လွမ်းလို့တဲ့လေ။ စကားပြောကြတာပေါ့။

အဆိုးဆုံးက အတူတူနေနေကျ လူတယောက် ကိုယ့်ဘေးကနေရုတ်တရက် ပျောက်သွားတဲ့ အခါ နေရထိုင်ရခက်တာပါ။ လူက အူနေ ကြောင်နေတယ်လေ။ လွမ်းနေတာမျိုးလားဆိုတော့ အဲ့လိုခံစားချက်မျိုးမဟုတ်ဘူး။ လိုအပ်နေတာ။ အဲ့လိုပြောရင် ပိုမှန်မယ်။ သူ့ရဲ့ အလိုက်သိ တတ်မှုလေးတွေက ကိုယ့်ကို ခုတော့ ပျင်းနေ အကျင့်ပျက်နေအောင် လုပ်သွားပြီလေ။

အဆိုးဆုံးကတော့ တယောက်တည်းထမင်းစားရတာပါ။ သိပ်ခက်ပါတယ်။ ဘာခက်လဲမမေး ပါနဲ့။ တယောက်တည်းဆိုတဲ့ အသိက လူကိုအနေရခက်စေတာပါ။ နေ့လည်က လဲထမင်းမှာ ပြီးတော့ လက်တဘက်က ဝတ္ထုနဲ့စားရပါတယ်။ ရိုစီနဲ့ အဲလက်စ် နဲ့တူတူစားတာပေါ့လေ လိုပ ကိုယ့်ကိုယ်ကို စိတ်ဖြေရပါတယ်။ မပြေပါဘူး။ မပြေလို့ ခုဒီပိုစ့်ရေးပြီး စာဖတ်သူတွေကို ကိုယ့် အထီးကျန်မှုတွေ မျှဝေနေတာပေါ့။

နေ့လည်က ထမင်းစားရင်းနဲ့ လူက ငိုချင်သလိုလိုဖြစ်လာတယ်။ သူငယ်ချင်းကိုတောင် message ပို့လိုက်သေးတယ်။ ပြီးတော့ ခေါင်းထဲကို စာလုံးတွေ စာလုံးတွေ ပလူပျံ သလို ရောက်လာတာနဲ့ ချရေးလိုက်တော့ ဒီလိုထွက်လာပါတယ်။

Me missing you

A favorite restaurant of us two
A single red rose in the vase
A vacant chair on the other side of the table
A very fine salmon stake
A delicious Zaru Soba (cold noodle)
A good start of with a warm coffee
A nice hot green tea
A crying moody minded
A longing me
A far away you
A hundreds miles apart
A lonely me
A missing you

A Chen
6:00 pm
9th February 2010
Office
Bangkok

5 comments:

  1. မအိပ်ခင်ကိုယ်က တခုခုသောက်လေ့ရှိတော့ သူက ကော်ဖီ ဖြစ် ကော်ဖီ၊ အိုဗာတင်းဖြစ် အိုဗာတင်း တခုခု အမြဲဖျော်ပေးပါတယ်။ ညအိပ်ခါနီး ကိုယ်က ရေချိုးပြီးမှ အိပ်တတ်ပါတယ်။ မအိပ်ခင်ကို ချိုးရပါမှပါ။ သူ့ကိုလဲ အတင်းချိုးခိုင်းတတ် ပါတယ်။ သူကတော့ အိမ်မှာတနေ့လုံးနေနေရတဲ့ သူဆိုတော့ ချွေးတွေ ဘာတွေမထွက်ရင် မချိုးချင်ပါ ဘူး။ နည်းနည်း ပျင်းတတ်ပါတယ်။ ကိုယ်ကတော့ မရဘူး ချိုးရမှာ အိပ်ပျော်တယ်။ မချိုးရင် သူ့ကို တူတူပေးမအိပ်ဘူး ဧည့်သည်တွေအတွက် အခန်းပိုမှာ သွားအိပ်လို့ပြောတော့မှ ချိုးတာ ပါ။ ထားပါတော့ ပြောပြချင်တာက ရေချိုးပြီးရင် သူက အမြဲလိုရှင်းလူးပေးပါတယ်။ တကိုယ်လုံးပါ။
    Oh! sound good.

    ခုလဲမပြန်ခင်က ရှိရှိသမျှ အင်္ကျီတွေအကုန်လျော်ဖွတ်ပြီးတော့ မီးပူတိုက်ပေးသွားပါသေးတယ်။ ဘယ်မှာသွား ရှာမလဲနော် အဲ့လိုယောက်ျား။
    He is great.

    အဆိုးဆုံးက အတူတူနေနေကျ လူတယောက် ကိုယ့်ဘေးကနေရုတ်တရက် ပျောက်သွားတဲ့ အခါ နေရထိုင်ရခက်တာပါ။ လူက အူနေ ကြောင်နေတယ်လေ။ လွမ်းနေတာမျိုးလားဆိုတော့ အဲ့လိုခံစားချက်မျိုးမဟုတ်ဘူး။ လိုအပ်နေတာ။
    Replace by another one.

    မပြေလို့ ခုဒီပိုစ့်ရေးပြီး စာဖတ်သူတွေကို ကိုယ့် အထီးကျန်မှုတွေ မျှဝေနေတာပေါ့။
    Sharing or releasing or relaxing?

    BINO

    ReplyDelete
  2. ဘာမှ မဟုတ်ဘူး ကိုဘီနိုကြီးရေ
    ယောက်ျား ရကံကောင်း လင်ကုန်မမှောက်ဘူးဆိုတာ ကြွားနေတာ

    ReplyDelete
  3. 10 Feb 10, 15:32
    ရွှေစူး: သူက ဘယ်ပြန်သွားတာလဲ .. ပြန်ခေါ်လိုက်လေ
    10 Feb 10, 15:31
    ရွှေစူး: လာလွမ်းသွားတယ်
    10 Feb 10, 12:40
    Glacier: ခေါက်ဆွဲအေးတို့၊ ရေခဲမုန့်ကြော်တို့၊ Ice tea တို့ဆိုတာ မခံစားတက်သေးဘူးဗျ။
    10 Feb 10, 12:39
    Glacier: စီဘောက်စ်မှာ မန့်ရင်လဲ တီကရွှေ့ရလို့ဆိုပြီးအော်မှာ ကြောက်ရသေးတာ။
    10 Feb 10, 12:38
    Glacier: တီရေ မန့်လို့မရဘူးခင်ဗျ။

    ReplyDelete
  4. ပြန်ခေါ်လိုက်လေ တီရဲ့
    ပိုစ့်ဖတ်ပြီး ဗိုက်ဆာသွားတယ် (ဟင် ဘာမှလည်းမဆိုင်ဘူး)

    ReplyDelete