Friday, September 10, 2010

၁၈-၂၄

၁၈-၂၄

တနေ့က အသက် ၅၀ လောက်ရှိနေပြီ ဖြစ်တဲ့ ဘိုးတော်တပါး နဲ့ စကားစမည် ပြောဖြစ်တယ်။ ဘိုးတော် ဆိုတာ ဒီနေရာမှာ အဖိုးကြီး ကို ဆိုလိုတာပါ။ သူ့လို့ အသက်အရွယ် ရောက်ပြီဆိုရင် အကောင်းဆုံးကတော့ အသက် ၁၈ ကနေ ၂၄ နှစ်ကြားရှိတဲ့ မိန်းကလေးတွေကို ရှာပြီး ရည်းစားထားသင့်တယ်တဲ့။ ပြောရဲတယ်နော်။

အဲ့တာနဲ့ ကိုယ်က “ဘာလို့ ၁၈ ကနေ ၂၄ ကြားလို့ ပြောရတာလဲ” လို့မေးတော့ သူက… (ရှေးလူကြီးတွေ ပြောထားတဲ့ ဒွေးချိုး လေးတိုး လို့ ပြန်မဖြေပါဘူး) “ဒီအသက်အပိုင်းအခြားမှာ ရှိတဲ့ ကောင်မလေးတွေက လူကို အရမ်းမတွယ်ကပ်တတ်ဘူး” လို့ ဆိုပါတယ်။ ရှင်းပါ့မယ်။ လူကို မတွယ်ကပ်တာ မဟုတ်ပါဘူး ပြောချင်တာ က နှစ်ယောက်တဘဝ အတူတူ ပေါင်းဖက် ကြရမယ့် အနာဂတ်တို့၊ အိမ်တဆောင် မီးတပြောင်တို့၊ ဘာဘာ ညာညာ တို့ ကို မတောင်းဆို တတ်ဘူး၊ သူတို့ရဲ့ ကမ္ဘာက ပန်းချီဆရာတယောက် လက်စွမ်းပြ ထားတဲ့ ပန်းချီကား တချပ်လို အရောင်စုံတွေနဲ့ ပြည့်နေသေးတယ်။ သူက သူမ ကိုစွန့်ပစ်မယ့် အခွင့်အရေးထက် သူမက သူ့ကို စွန့်ပစ်မယ့် အခွင့်အရေးက ပိုများနေသေးတယ်။ သူ့အနေနဲ့ ဘာမှ တာဝန်ယူ စရာ မလိုဘူး။

ဒါပေမယ့် အသက်၂၅နှစ်ကျော်သွားတဲ့ မိန်းမတွေ အနေနဲ့ကျတော့ လွယ်လွယ် နဲ့ ခါထုတ်ဖို့ ခက်သွားပြီ။ အဲ့လောက်မလွယ်တော့ဘူး။ ယောက်ျားတယောက်ကို ချစ်မိပြီဆိုရင် သူမတို့ တွေက ကတိကဝတ်တွေ ဘာတွေ လိုချင်လာကြတယ်။ တောင်းဆိုလာကြတယ်။ အိမ်ထောင် ပြုဖို့ ရည်ရွယ်လာကြတယ်။ အဲ့ဒီယောက်ျားက သူတို့လိုချင်တာ၊ တောင်းဆိုတာတွေကို မလိုက် လျောနိုင်တဲ့ အခါကျရင် အနေအထားက တခါတခါ သူမ အပေါ်မတရားသလို ဖြစ်သွားတတ်တယ်။ ဒါကြောင့် ဒီအသက်အရွယ် ရှိတဲ့ မိန်းမတွေကခွာထုတ်ဖို့၊ ပစ်ဖို့ ပိုခက် တယ်။

သူက အဲ့လိုပြောတော့ ကိုယ်က သူ့ကို ဟာသ ဖောက်ပါတယ်။
“အဲ့တာဆို ဦး ဘေးနားမှာ ဘာလို့ အသက် ၃၀ ကနေ ၄၀ ပတ်ဝန်းကျင် ရှိတဲ့ မိန်းမကြီးတွေ ကိုပဲတွေ့နေရတာလဲ? ၁၈ နဲ့ ၂၄နှစ်ကြားက ကောင်မလေးတွေရော်?” လို့မေးတော့ သူက “ဟ ပြောပြီးပြီလေ ငါ့ကောင်ရ။ အသက် ၃၀ ကျော်တဲ့ မိန်းမတွေက ပစ်ရခက်ပါတယ်လို့” လို့ပြန် ဖြေပါတယ်။ သူ့ဟာနဲ့ သူကတော့ တော်တော်ဟုတ်နေတဲ့ ဘိုးတော်ပါပဲ။

ဟုတ်တော့ ဟုတ်ပါတယ်။ ၁၈ ကနေ ၂၄နစ် ကြားဆိုတာ တော်တော့်ကို လှပခဲ့တဲ့ နေ့ရက် တွေပါ။ အဲ့အချိန်တွေတုံးက လူတယောက် ကိုချစ်တယ်ဆိုတာ ချစ်ချင်လို့ ကိုချစ်တာပါ။ လက်ထပ်ဖို့ ချစ်တာမဟုတ်ပါဘူး။ တကယ်လို့ ယောက်ျားတယောက်ကို နှစ်နှစ်ကာကာ နက်နက်ရှိုင်းရှိုင်း ချစ်နေမိတယ်ဆိုရင်တောင် မိန်းကလေး အနေနဲ့ အဲ့သူနဲ့သာ သေတပန် သက်တဆုံး ပေါင်းဖက်ကြရမယ် လို့တထစ်ချ မတွကထာ်းကြပါဘူး။ (အဲ့ဒီ အသက်အရွယ် တုံးကပြောတာနော် ချွင်းချက်တွေ ဓလေ့ထုံးစံတွေ ဆိုတာထက် အရှိကိုအရှိအတိုင်း မြင်စေ ပြောစေ၊ ဝန်ခံစေချင်ပါတယ်) အဲ့ဒီ အသက်အရွယ်မှာဆိုရင် ကလေးဆန်လို့လဲ ရသေးသလို အချစ်ဆိုတဲ့ ကစားပွဲမှာ ရှုံးနိမ့်လို့လဲရသေးတယ်။ မချစ်သင့်တဲ့ သူတယောက်ကို ကိုယ်က မှား ချစ်မိတယ်။ ချစ်မိလို့ ကိုချစ်မိ တယ်။ မသင့်တော်ဘူး မအပ်စပ်ဘူး ဆိုတာ ကို သိသိရက်နဲ့ ကိုချစ်မိတယ်။ မှားတယ် ဆိုတာ သိတယ်။ ချစ်တယ်။ ဘာဖြစ်သေးလဲ။ မှား နိုင်သေးတယ်။ မှား နိုင်တဲ့ အရင်းအနှီး ရှိနေသေးတယ်။ နုပျိုမှုရှိသေးတယ်။ နောက် တယောက်ကို ထပ်တွေ့ဖို့ ထပ်ချစ်မိဖို့ ထပ်ချစ်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေသေးတယ်။ ကျန်နေသေးတယ်။ အချိန်တွေ ရှိနေသေးတယ်။ တကယ် ပြောတာပါ။ နုပျိုနေသေးသ၍ ပျိုမျစ်နေသေးသ၍ အစကနေ ပြန်စလို့ ရသေးတယ်။ ဘဝ လက်တွဲဖော် ကို နောက်တယောက် ထပ်ရှာနိုင်သေးတယ်။ အဲ့ဒီ အသက်အရွယ်မှာဆိုရင် မိန်းကလေးတွေက သူမရဲ့ဘဝမှာ အချစ်ဇာတ်လမ်းလေးတွေကိုသာ ဖြစ်နိုင်ရင်နောက်ထပ် အကြိမ်ခပ်နည်းနည်းလောက်ပဲဖြစ်ဖြစ် ထပ်တွေ့ကြုံမြည်းစမ်းကြည့် ချင်သေးတာပါ။ နောက်ထပ် ယောက်ျား နည်းနည်းလောက်ဖြစ်ဖြစ် ထပ်သိချင်သေးတယ်။ ဒီလောကကြီးအကြောင်းကို ထပ်စူးစမ်းချင်သေးတယ်။ မာယာတွေကိုလေ့လာချင်သေးတယ်။

ဟော အသက် ၂၅ လဲ ရောက်ရော မိန်းကလေး စိတ်ထဲမှာ ရုတ်တရက် ထိန်းထိန်းသိမ်းသိမ်း နေချင်စိတ်တွေဖြစ်လာတယ်။ သူဘဝကို အလေးထားတတ် လာပြီလေ။ သူလေးနက်တတ် လာပြီပေါ့။ ဘဝ ဆိုတာကို သူစတင်တွေးတောလာပြီလေ။ သူရင့်ကျက်လာပြီလေ။

ဒီအချိန်မှာ ချစ်သူရှာတာ ချစ်သူထားတာ ဆိုတာ လက်ထပ်ဖို့ အတွက် အခြေခံ အုတ်မြစ် ပေါ့။
ဒီလိုအသက်အရွယ်မှာ သူနဲ့တဘဝလုံး တသက်လုံး လက်တွဲပါ့မယ် လို့မရည်ရွယ်ဘဲနဲ့တော့ ဘယ်သကောင့်သား ယောက်ျားတယောက်ကမှ သူ့ ဘဝလမ်းကြောင်း ကိုမနှောင့်ယှက်လေနဲ့။ ကလေး ဆန်လို့ ရတဲ့၊ အချစ်မှာ ရှုံးနိမ့်လို့ ရတဲ့ အသက်အရွယ်က လွန်သွားခဲ့ပြီလေ။

ဒီအရွယ်က တကယ့်ကို ရင်းနှီးရတော့မယ့် အရွယ်။
ကဲ အခုက စပြီနော်။

1:08 AM
10th September 2010
Friday
Home
Bangkok


5 comments:

  1. ပြောရင်လည်း ခံရမှာပဲ။
    ကိုယ်က အကုန် ပြောင်းပြန်တွေဖြစ်နေတယ်။

    အရင်က မြနန္ဒာကို ဒေါက်တာ ခင်အေးရီကို စိတ်ဝင်စားခဲ့မယ် ဆိုရင် ခုတော့ မစ္စမာတင်ပဲ စိတ်ဝင်စားတော့တယ်။

    အရင်က လူတစ်ယောက်ကို ကိုယ့်နားမှာ တသက်လုံး၊ ကိုယ်ကလည်း သူ့နားမှာ တသက်လုံး ဆိုတာတွေ ရှိခဲ့ပေမယ့် ခုတော့ Sartre နဲ့ Beauvoir အကြောင်းကို ပိုစိတ်ဝင်စားလာတယ်။

    ReplyDelete
  2. ဒါဆို မမက ခုမှ အချစ်ကို များများ ခံစားကြည့်ချင်နေတာပေါ့
    အသက် ၃၅ ကျော်လာမှာလေ
    ဟိ

    ReplyDelete
  3. ကလေး ဆန်လို့ ရတဲ့၊ အချစ်မှာ ရှုံးနိမ့်လို့ ရတဲ့ အသက်အရွယ်က လွန်သွားခဲ့ပြီလေ။

    Pleasure reading, yet in serious sense.

    ReplyDelete
  4. ဒီအတိုင်းပါပဲ ...

    ReplyDelete
  5. မှတ်သားလောက်ပါတယ်..... :D

    ReplyDelete