Tuesday, January 18, 2011

တောင်းဆိုမှုများ နဲ့ ဝက်သားမှို

ဟင်းမချက်တာ ကြာပါပြီ၊ နေမကောင်းတာလဲ ပါပါတယ်။ ခုတလောတော့ ဖွယ်ဖွယ်ရာရာလေး မစားရတာ ကြာတာရယ် လူကလဲ ခံတွင်းတောင်းတာရယ် ကြောင့် တနေ့ က တခုခု ချက်စားကြမယ် စဉ်းစားပါတယ်။ ရေခဲသေတ္တာ (အသစ်) ထဲ ဘာရှိသလဲ ကြည့်တော့ ဝက်သား သုံးထပ်သား (ပါရာဂွမ် က ဝယ်လာတာရယ်) ဝက်ချင်း တတွဲရယ် တွေ့တာနဲ့ ဝက်သားမှို ချက်စားဖို့ အကြံရပါတယ်။ အရင်ကလဲ ကြက်သားမှို ချက်ဖူးပါတယ် ဒီမှာ ကြည့်ပါ။ နောက်တခုက အန်တီချမ်း ကိုဆိုရင် လူတွေက ဟင်းချက်တာနဲ့ပဲ တွဲမြင်နေကြပါတယ် တကယ်က ကိုယ်ချက်တတ်တာက မီးဖိုချောင် မလုလု တို့၊ တီတီဆွီ တို့ ၊ ရသာချို တို့ လောက်တောင် မချက်တတ်ပါဘူး။ ဒါပေမယ့် ကိုယ် က ပုံလှလှလေးတွေ နဲ့ သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး တင်တတ်လို့ ဖြစ်မယ် လူတွေ က ကြိုက်ကြတယ် (ကိုယ်ထင်တာပါ တောင်းဆိုတာကလဲ ဟင်းချက်ပါလို့ ချည်းပြောကြတာကိုးနော်) အဲ့တာနဲ့ပဲ ချက်ရပြန်ပါတယ်။ တီချမ်းကတော့ ဘာပဲ ချက်ချက် တီ့ မိုတို ဖြစ်တဲ့ “လွယ်ကောင်း သက်သာ မြန်ဆန် အရသာရှိ” နဲ့ညီအောင် ချက်ပါတယ်။ လိုက်ချက်ရလွယ်အောင်လဲ ပုံလှလှလေးတွေ နဲ့ သေချာ တင်ပေးပါတယ်။ ကဲ အပြောနဲ့ အလုပ် ညီရဲ့လား လို့ ကြည့်လိုက်ကြရအောင်နော်။





ပထမဆုံး ဝက်သား နဲ့ ဝက်ချင်း ကို ရေစင်စင်ဆေးပြီး ဆားအချိုမှုန့် တို့ နဲ့ နယ်ထားပါတယ် မောင်က ငြီမှာ စိုးလို့ ဆိုပြီး နနွင်း နည်းနည်း ပါ ထည့်နယ် လိုက်ပါသေးတယ် တီံ သဘော အရတော့ တရုတ်ချက် ချက်မှာ ဖြစ်တဲ့ အတွက် နနွင်း ကိုမသုံးလိုပါဘူး နည်းနည်း အော်လိုက်ပါသေးတယ် မောင့် ကို (အသုံး ကိုမကျဘူးဆိုပြီးတော့ ချစ်စနိုးနဲ့) ပြီးရင် ဘေးမှာ ပြထားတဲ့ မှိုခြောက်ကို ရေနွေး ဆူဆူနဲ့ စိမ်ပါမယ် မှိုခြောက်တွေ စိုပြီး ပွလာပြီဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း ကပ်ကြေးနဲ့ နှစ်ပိုင်းစီ ညှပ်ပါမယ် မှို နည်းနေရင် လေးပိုင်းညှင် လဲရပါတယ် တီကတော့ ကိုက်ကိုက်စားရတာ ကြိုက်တဲ့ အတွက် ၂ ပိုင်းပဲညှပ်လိုက်ပါတယ်





ပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း မင်းသားနဲ့ မင်းသမီး ကိုရောသမကြိတ်ထားပါမယ် ပြီးရင် ဆီအိုးကို မီးပူပေါ်မှာ ပူလာအောင် တည်ပါမယ် (သိလ္လာစိုး လေသံအတိုင်းပေါ့နော်) ဆီ ကိုအိုးထဲထည့်ပြီးတာနဲ့ တပြိုင်နက်တည်း ဒီဟင်းရဲ့ အဓိက အခရာဖြစ်တဲ့ သကြား (ဟုတ်ကဲ့ ရှုးဂါးပါ) ကိုတခါထဲထည့်ပြီး တော့ ဆီမပူလာခင်မွှေပေးနေပါ။ ဆီတဖြည်းဖြည်းပူလာတာနဲ့အမျှ သကြားတွေက မည်းပြီး တခုနဲ့ တခု ကပ်လာပါမယ် ပြစ်ခဲခဲ ဖြစ်လာပါမယ် ကိစ္စမရှိပါဘူး ဆက်မွှေပါ။ နောက်တော့ ခုနက ကြိတ်ထားတဲ့ ကြက်သွန်ဖြူနီ ကို ခုနက သကြားဆီသတ်ထဲထည့်ပြီး ဆက်လက် ဆီသတ်ပါမယ်။ ပြီးရင် ပုံမှာပြထားတဲ့ အတိုင်း ဝက်သား နဲ့ ဝက်ချင်းကိုတူတူ ထည့်ပြီး လုံးပါမယ် ရေမထည့်ပါနဲ့အုံး ဝက်က ရေနဲ့ဆီထွက်အုံးမှာဖြစ်တဲ့အတွက် ဝက်သားဆီနဲ့ဝက်သားကြော်ရပါအုံး မယ် ဒုတိယပုံနဲ့ တတိယပုံမှာ ပြထားတဲ့အတိုင်း ဆီပျံပြီး မွှေးလာတဲ့ အထိ ကြော်ပေးရပါမယ် ဝက်သားက ဆီတော်တော်ထွက်ပြီဆိုမှ နောက်တပုံမှာ ပြထားတဲ့ အတိုင်း ခုနက ရေနွေးနဲ့စိမ်ပြီး ညှပ်ထားတဲ့ မှိုခြောက် တွေထည့်ပြီး ထပ်လုံးပါမယ် ဒီအချိန်မှာ လိုအပ်တဲ့ ဆား အချိုမှုန့်တွေ ထည့်ပါမယ် တီက ခရုဆီ ပါနည်းနည်းထည့်လိုက်ပါသေးတယ် မွှေးအောင်ပေါ့ (အမှန်ကတော့ ရှည်တာပါ) တရုတ်ပဲ ငံပြာရည် အကြည်နည်းနည်းခပ်လိုက်လဲရပါတယ် အနံ့ကလေး မွှေးနေအောင်ပါ။ ပြီးရင် ခုနက ပြောထားသလိုပဲ မွှေးလာတဲ့အထိ ဆီပျံပါစေ။ မတူးအောင်တော့ သတိထားပြီး အိုးကို ခဏခဏ မွှေပေးနေပါ။ လုံးလိုက်လှည့်လိုက်ပေါ့၊





ပြီးရင် တော့ အောက်မှာပြထားတဲ့အတိုင်း ခုနက မှိုရောပြီးလို့ ဆီပျံပြီး မွှေးလာပြီဆိုရင် ဝက်သားနဲ့ မှိုမြုပ်ရုံ ရေထည့်လိုက်ပါမယ်။ ပြီးရင် ဘေးကပုံတွေ မှာ ပြထားတဲ့ အတိုင်း ရေခန်းတဲ့အထိ နောက်တဆီပျံလာတဲ့ အထိ တည်ပေးလိုက်ရင် မွှေးကြိုင်ပြီး စားချင်စဖွယ် အရသာရှိလှတဲ့ ဝက်သားမှို တရုတ်ချက်တခွက် ကိုရပါပြီ။ သကြားတွေရော ဆီတွေရော ဝက်သားတွေ ကော အကုန်အအီစာတွေချည်းပဲဖြစ်နေတဲ့ အတွက် အအီပြေ အချဉ်လေးတခုခုထပ်လုပ်ဖို့ လိုပါမယ်





အအီပြေအချဉ်အတွက်ကတော့ သိပ်လွယ်ပါတယ် (တီ့မိုတိုအတိုင်းပေါ့နော်) ကြက်သွန်နီလေးတွေ ကို ပါးပါးလှီး ပြီး ရေစင်စင် ညစ်ထားပါမယ် နောက် ငရုတ်သီး စိမ်း နံနံပင်လေးတွေ ပါးပါးလှီးပြီး ဆားအချိုမှုန့် သံပရာသီး တို့နဲ့ ရောနယ်ပါမယ် ခုနက ဝက်သားမှိုနဲ့ အင်မတန်လိုက်ဘက်တဲ့ တရုတ်ကြက်သွန်ချဉ်သုပ်ပါ (အရင် တီဝက်သားချဉ် သုပ်နေကျအတိုင်းပါပဲ ဝက်သားချဉ်ပါတာနဲ့မပါတာဘဲကွာတာပါ) ပုစွန်ချဉ် ကိုလဲဒီအတိုင်း သုပ်စားလို့ရပါတယ် မြန်မာ သုပ်နဲ့ ကွာတာက ဆီမပါတာပါ





သို့သော်လည်း ကိုယ်ကတရုတ်မဖြစ်ပေမယ့် မောင်က မြန်မာ ဖြစ်တဲ့အတွက် ကွန်ပရောမိုက်စ်အနေနဲ့ နောက်တမျိုးသုပ်ပါသေးတယ် ကိုယ်ကြိုက်ရာစားကြေးပေါ့နော်





ဒါကတော့ မောင့်ရဲ့ ကြက်သွန်သုပ်ပါ ကြက်သွန် ကို ပါးပါးလှီး ပြီး ရေဆေး ညစ်ထားတာ အပေါ် ကို ငရုတ်သီး စိမ်း ပါးပါးလှီး၊ ပဲမှုန့် အကြက်မှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီး အကြက်မှုန့် နည်းနည်းရယ် နောက်ပြီးတော့ မန်းကျည်းရည် အနှစ် အနည်းငယ်ရယ်ထဲ့ပါမယ်။ ပြီးတော့ မင်းသား နဲ့ မင်းသမီး ဖြစ်တဲ့ အချိုမှုန့် နဲ့ ဆား ထည့်ပါမယ်။ နောက် ကြက်သွန်ဖြုနီ ဆီချက် ကြိုက်နှစ်သက်ရာ ထည့်ပါမယ် အသင့်မရှိရင် ရိုးရိုးဆီ စိမ်း ကို ပူအောင် ချက်ပြီးထည့်လဲ ရပါတယ်။ ပြီးရင်တော့ လက်နဲ့ နယ်ဖတ်လိုက်ရင် စားချင်စဖွယ် ဗမာ ကြက်သွန်နီသုပ် ကိုရပါပြီ။ လက်နဲ့ နယ်တဲ့ အခါမှာ တခုသတိထားရမှာက ဖွဖွလေးနယ်ဖို့ပါပဲ မဟုတ်ရင် ပြဲသွားဖွယ်ရှိပါတယ်။ နောက် ရှောက်သီးစိတ်လေးတွေ ခွာထားတာ ရှိလို့ထည့်လိုက်မယ်ဆိုရင်တော့ ရှောက်သီးသုပ်ဖြစ်သွားတာပေါ့။ တီချမ်းရဲ့ ဟင်းချက်နည်း တွေ ရဲ့ မိုတို အတိုင်း “လွယ်ကောင်းသက်သာ မြန်ဆန် အရသာရှိ” ပါပဲ။





ပြီးရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း ထမင်းပူပူလေးပေါ်မှာ ဟင်းလေးတွေ နယ်ဘတ်ပြီး ငပိကြော် အချဉ်သုပ်တို့နဲ့ လွေးလိုက်ရင်တော့ ဖြင့် ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းတွေ ဘာညာတွေ တီချမ်း တွေ မောင်တွေ အကုန်မေ့ပြီးတော့ လျှာပေါ်မှာ ဆိမ့် ငြိမ့်ငြိမ့်လေး ဖြစ်သွားတော့တာပါပဲလေ။ တီကတော့ အငံပိုကြိုက်တဲ့ အတွက် ထမင်း ကို ဆားလေး နည်းနည်း ဖြူးပြီးတော့ မှ ဆီနဲ့ ထပ်နယ်ပြီး စားတာပါ ဂျပန်လိုပြောရရင်တော့ ဗဲရီးဗဲရီး အိုအိရှိပါပဲ





ဒါလေးတွေကတော့ ထမင်းစားပြီး အချိုတည်း ရအောင် သခွားမွှေးနဲ့ နာနတ်သီးပါ သုံးဆောင်ကြပါအုံးနော်
ဘန်ကောက်မှာနေရတာ တခုကောင်းတာကတော့ အသီးမျိုးစုံ ရာသီပတ်လုံး ကောင်းကောင်းရတာပါပဲ သခွားမွှေး ကိုတော့ သူ့အတိုင်းပဲစားတာပါ နာနတ်သီးလေးကိုတော့ ပျားရည်လေးဆမ်းပြီး ငရုတ်သီးနဲ့ ဆားနယ် လေးရယ် နဲ့ တို့တို့ ပြီးတော့ စားလိုက်တာပါပဲ

ဟင်း...........................ခေါင်း...မှ...ခေါင်း.............................

A Chen
4:45 AM
18th Jan 2011
Tuesday
Bangkok
Home

9 comments:

  1. Oh! lovely...so good.. wanna eat.....Oishi....
    hehhehe
    Thanks....
    Ment lite pee naw......
    LOVE
    Diamond

    ReplyDelete
  2. Nice cooking,nice writing,nice photo n deliciooooso.......:P
    Gyidaw

    ReplyDelete
  3. ၀က်အချင်းဝယ်ပြီး ချက်ကြည့်ဦးမှ ...
    ပုံ
    ရုံးအလုပ် မလုပ်ပဲ ဘလော့ဂ်လည်နေသူ တဦး

    ReplyDelete
  4. တီချမ်းဟင်းချက်တာကို တောင်းဆိုကြတာက အဲလို စတက်လေးတွေ အသေးစိတ်ကို စိတ်ဝင်စားဖွယ် ရေးသားတင်ပြတတ်လို့ ပါပဲ ။
    ဥပမာ ရေခဲသေတ္တာ ( အသစ် ) အဲလို အဲလိုပေါ့နော် .. ဟက်ဟက်။

    ReplyDelete
  5. ဆက်ချက်ပါ တီချမ်းရယ်.. အခုဟာလဲကြိုက်တယ်

    ReplyDelete
  6. တွေ့တယ်မှလား
    ဒေါ်ဗစ်
    သေချာရေးတော့ သေချာဘတ်တဲ့သူတွေမြင်တာပေါ့
    နောက်မှ အိမ်သစ်ရဲ့ပစ္စည်းအသစ်တွေကို ပိုစ့်ရေးပြီးတင်အုံးမယ်
    လောလောဆယ်တော့ မအားသေးလို့

    ReplyDelete