Tuesday, July 12, 2011

အတိုအထွာ စားစရာ စာဘတ်သူက တောင်းလို့ပါ

ကဲကဲကဲ လာပြီလာပြီ ဒေါ်ချမ်း လာပြီ.........တလောက အနောနိမတ်စ် တယောက်ထင်ပါတယ် လွယ်ကူ သက်သာ ဟင်းလေးတွေ ၃၊ ၄ မျိုးတင်ပေးပါအုံး တီရေ ပြောလာလို့ခု စိတ်ကူးရတာနဲ့ တင်ပေးလိုက်တယ်နော်
တီလဲဟင်းမချက်တာ ကြာ ပိုစ့် မတင်တာကြာ နေကလဲ မကောင်း ၂ ပတ်လောက် ရှိပါပြီ နေမကောင်းတာ ပျောက်ချင်သလိုလိုဖြစ်လိုက် ပြန်ဖြစ်လိုက် ..........အင်း........
ဒီတပတ်တော့ အရည်သောက် တမျိုး ရယ် အကြော် တမျိုး ရယ် အသုပ် တမျိုး ရယ် အသားတခွက် ရယ် လေးမျိုး လွယ်ကူမြန်ဆန် တင်ပေးလိုက်တယ်နော် ...........နိုင်ငံရပ်ခြားမှာ နေသူအများစု ဟာ အင်မတန်မှ ကို အချိန်ရှားပါးကြပါတယ် သို့သော်လည်း ကိုယ်တွေလဲ လူတွေပဲမို့ အချိန်သာမရှိရင်နေမယ် အရသာကတော့ ရှိတာပဲ စားချင်ကြတာမှလား.......အဲ့တော့ တီက ချက်ရတာ လွယ်လဲလွယ် အချိန်လဲသိပ်မပေးရ စားလို့လဲကောင်း စတဲ့ နာမဝိသေသနတွေနဲ့ ပြည့်စုံတဲ့ လွယ်ကူ သက်သာ စားကောင်း ဟင်းချက်နည်းလေးတွေရှယ် ရတာပေါ့နော်။.......

ပထမဆုံးတော့ ရှမ်းချက်နည်း တမျိုးဖြစ်တဲ့ ဝက်နံရိုး ပိန္နဲသီး ပဲပုပ် ဟင်းရည်ပါ အရင်တခါကလဲ ချက်နည်းမဟာ ကို ဒီမှာ တင်ဘူးပါတယ်နော် ခုတခါတော့ တီက အလွယ်ချက်နည်း ကို တင်ပေးမှာဖြစ်ပါတယ် အလွယ်ချက်နည်း ဖြစ်တဲ့ အတွက် တီက ဆီသတ်တာတွေဘာတွေစတဲ့ အသေးစိတ်ချက်နည်း ကိုကျော်ပလိုက်ပါတယ်နော်။





လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေပါ ပဲပုပ် ၃ ချပ်လောက် ပိန္နဲသီးစိမ်း ဆူးပုပ်ရွက်။ ဒီတခါတော့ ပိန္နဲသီး ကို လုပ်ပြီးသား (ပြုတ်ပြီးသား) တွေ့လို့အလွယ် ဝယ်လာလိုက်ပါတယ်။ ဒီကနေ စလွယ်တာနော်။ အရင်က အစိမ်းဆိုတော့ လှီးရ အစေးတွေဖယ်ရ ဆေးရ အခွံနွှာရ စတဲ့ အဆင့်တွေ အကုန် ကျော်ပလိုက်ပါတယ်။ မြန်မာပြည်မှာလဲ ရှိတယ်လေ ပြုတ်ပြီးသား ကိုတို့စရာအနေနဲ့ ရောင်းတာ တီလဲ ဒီမှာ တနေ့က ညဈေးသွား တာ တွေ့လို့ဝယ်လာ လိုက်ပါတယ်။ နောက်တခု ကျန်သေးတယ် ခရမ်းချဉ်သီး အရမ်း မမှည့်တဲ့ဟာတွေကို ၄၊ ၅ လုံးလောက် ၄စိပ်စီ လှီးထားပါနော်။





ဝက်နံရိုး နုနုလေးတွေအရိုးနု ပါပါတဲ့ ဟာမျိုး ကီလိုဝက်လောက်ကို ရေ လိုသလောက်နဲ့ပြုတ်ပါတယ် (နံရိုး ကိုအရင်ဆေးအုံးနော်) တီထည့်မပြောတာနဲ့ တော်ကြာ ဒီနည်းက ပိုလွယ်တယ်ဆိုပြီး ရေပါမဆေးပဲ ချက်နေကြမစိုးလို့.....ဝက်နံရိုး ပြုတ်နေရင်း တခါတည်း ခုန က ပဲပုပ် ၃ ချပ်ကို ထည့်ပြုတ်လိုက်ပါ။ ပြီးတော့ တဖြည်းဖြည်း ဆူလာရင် အဆီအနှစ်တွေကို ဇွန်းလေးနဲ့ ခပ်ခပ်ထုတ်ပေးပါ။ ပြီးတော့ ခရမ်းချဉ်သီး နဲ့ပိန္နဲသီး တွေထည့်ပေါ့......ပြီးရင် ခဏပေးဆူလိုက်ပါ နောက် တခါ ထပ်ဆူပြီးရင်တော့ ငရုတ်သီး အစိမ်းမှုန့် ဟင်းချက်တဲ့ အမှုန့် ကို နည်းနည်း အရောင်လှအောင် ထည့်ပါ ဆီသတ်ပြီး ထည့်ရင်လဲ ရပါတယ် တီကတော့ အလုပ်ပိုရှုပ်မှာ စိုးတာရယ် နေလဲသိပ်မကောင်းတော့ ဆီရှောင်ချင်တာနဲ့ ဆီမသတ်တော့ပါဘူး ဒီအတိုင်းပဲ ထည့်လိုက်ပါတယ်။ ပြီးတော့ ဆူလာရင် အရသာ ချိုငံပေါ့ မြည်းပေးပြီးတော့ ဆူးပုပ်ရွက်ခပ် လိုက်ရင် .....





အရသာရှိတဲ့ ရှမ်းရိုးရာ ဝက်နံရိုး ပိန္နဲသီး တခွက်ရပြီပေါ့ ။ အဲ့တာက အရည်သောက်ပေါ့နော်။





ဒါကတော့ အများသိကြတဲ့ ကြက်သား ပြုတ်ကျော်ပါပဲ ဒါကတော့ မောင်ချက်တာပါ တီက အဲ့လို အရမ်းလွယ်တာလောက်ကို ဆိုရင်တော့ တီ့ လက်ထောက် မောင့် ကိုပဲ လွှဲထားလေ့ရှိပါတယ်။ ငှဲငှဲငှဲ..... ကြက်သားက ပြုတ်ပြီးသားပါ ဘယ်လိုပြောမလဲ ပြုတ်ထားတာ အသင့်စားဖို့မျိုးလေ အချဉ် နဲ့ တို့စားတာမျိုးပေါ့ တရုတ်တွေ လုပ်လေ့ရှိတဲ့ ဟာမျိုးလေ တီက အဲ့ဒီ ကြက်သား အမြဲဝယ်စားပါတယ် သူက စီပီ နဲ့မတူဘဲမြန်မာကြက်နဲ့ ပိုတူလို့ပါ။ ထားတော့ တဘူး ၉၅ ဘတ် နဲ့ နှစ်ဘူး ဝယ်လာလိုက်တယ် မောင်က ကြက်သွန်ဖြူနီ ဆီသတ်ပြီးတော့ ကြက်သားထည့် လုံးပြီးတော့ ဆားအချိုမှုန့် ထည့် ပြီးရင် ရေထည့်ပြီးတော့ ခရုဆီထည့် တည်လိုက်ဆူရင် ရပြီ။ အရသာလဲရှိ ကောင်းမှကောင်း ချက်ရတာလဲသိပ်လွယ် အိုအိရှိပါပဲ။ကဲ အသားဟင်းလဲပြီးပြီနော်။





ဒါကတော့ ဝက်အူမကြီးသုပ်ပါ ရခိုင်နည်းနဲ့သုပ်ပါတယ်။ ဘေးဆုံးက ပုံက ရန်ကုန်ကနေ သယ်လာတဲ့ ရခိုင်ငပိထောင်းပါ သူငယ်ချင်း ရခိုင်မ ဆိုင်ကနေ အော်ဒါစပယ်ရှယ် မှာပြီး ထောင်းခိုင်း ပြီးတော့ ဘူးလိုက် ထည့်လာတာပါ။ သူက ကြာကြာအထားခံအောင် ကြက်သွန်ဖြူနီ ထည့်မထောင်းထားဘဲ ငပိနဲ့ ငရုတ်သီးစိမ်းပဲ အဓိက ထောင်းထားပေးတယ် ခါတိုင်း စားချင်တဲ့ အချိန် သံပရာရည် နည်းနည်း ညစ်လိုက်ရင် တို့ စရာ သခွားသီးလေးနဲ့ စားလိုက်ရင် လျှာကျွမ်းပြန်ပဲ။

ပထမဆုံး အူမကြီး ကိုအရင်ဆုံး ပဲငံပြာရည်နည်းနည်း နဲ့ပြုတ်လိုက်ပါတယ် အနံ့ရှိရင် ကုန်အောင်ပါ။ ပြီးတော့ ပါးပါးလှီး ကြက်သွန်နီ ငရုတ်သီးစိမ်း ပါးပါးလှီး ဆားအချိုမှုန့် နည်းနည်းထည့် ပြီးတော့ ရခိုင် ငပိထောင်း နည်းနည်းထည့် ပြီး နယ်လိုက်ရင်.....




လျှာကျွမ်းပြန် အောင် ရှယ်စပ် ရှယ်ကောင်းတဲ့ ရခိုင် အူမကြီး သုပ်ရတာပေါ့ အူမကြီး အစား အချင်းတွေ ဘာတွေနဲ့သုပ်လဲကောင်းမယ် ထင်ပါတယ်။ ဒါလေးကတော့ အသုပ်ပါ။





နောက်ဆုံးကတော့ တရုတ်နည်းနဲ့ ကြော်တဲ့ ဘိုစားပဲသီးပါ။ တီက စားချင်နေတာ ကြာပြီ အဲ့လိုမျိုးလေး ငရုတ်သီးနဲ့ ကြော်တာကို။ အဲ့တာနဲ့ တနေ့ကတော့ ပါရာဂွမ် ကို သွားပြီးတော့ ဘိုစားပဲ နှစ်ထုပ်ဝယ်လာပါတယ် ဘတ် ၃၀ နှစ်ထုပ်ဆိုတော့ ဘတ် ၆၀ပါ မြန်မာပြည်မှာဆိုရင်တော့ အများကြီး ရမှာပဲ ဆိုပြီးတွေးမိတာကိုတော့ တားမရပါဘူး။ ဘိုစားပဲ တောင့်လေးတွေကို နှစ် လက်မ စီလောက် ချိုး ထိပ်နှစ်ဘက် အမျှင်ဖယ် ပြီးတော့ ရေဆေး စစ်ထားပါ။ မကပ်တဲ့ အိုးနဲ့ ဆီထည့် ငရုတ်သီးခြောက် နည်းနည်း ကိုမွှေးအောင် အရင်ကြော် ဘိုစားပဲ ထည့် ငရုတ်သီး အစိမ်းမှုန့် ထမင်းစားဇွန်း တဇွန်းလောက်ထည့်လိုက် ဆား အချိုမှုန့် ထည့် ခဏကြော် လိုက်ရင် .............





အရာသာရှိတဲ့ ဘိုစားပဲသီး တရုတ်စတိုင်လ် ရပါပြီ။ အသီးကြော်ပေါ့နော်........





ဒါလေးကတော့ ရာသီစာ အချိုပွဲပါ ထိုင်းမှာ မိုးတွင်းဆိုရင် ချင်းမိုင်ဘက်က လာတဲ့ လိုင်ချီစ့် တွေသိပ်ကောင်းပါတ် အရည်ရွမ်းပြီးတော့ အလုံးကြီး ပြီး သိပ်ချိုတာပါပဲ စားကြပါအုံးနော်.....

A Chen
10:50PM
12th July 2011
Tuesday
Home
Bangkok

6 comments:

  1. တီချမ်း ရေ ကြိုက်မှ ကြိုက်....
    အားရပါးရ ကြည့်သွားတယ်...

    ReplyDelete
  2. မြင်ရတာနဲ့တင် ကောင်းမှန်းသိသာတယ်။ တီက တကယ်ဟင်းချက်တော်တာပဲ

    ReplyDelete
  3. ရှလွတ်..........................................
    ဂလု...........................................

    ReplyDelete
  4. I love you TChan, I love your cooking styles with lovely writings. :x

    ReplyDelete