Wednesday, January 11, 2012

ညှပ်ခေါက်ဆွဲ အရည်ကြည်

ညှပ်ခေါက်ဆွဲ အရည်ကြည်


နှစ်သစ်လဲကူးပြီ.......တီချမ်းကြီးလဲ အသက် ၃၀ ကျော်ပြီ လခစားလုပ်နေတာလဲ ၁၀ နှစ်ကျော်ပြီ။ တကယ်ပြောတာပါ တခါတခါ အရင်က ဖရီးလန့်စ် တိုးဂိုက်တ် လုပ်ခဲ့တဲ့ ဘဝ ကိုတကယ်လွမ်းတယ်။ ကိုယ့်ကိုကိုယ်လဲ သိပါတယ် ကိုယ်ဟာ office material မဟုတ်ဘူး။ ဘယ်တုံးကမှ မဟုတ်ခဲ့ဘူး ဆိုတာ။ ထားပါတော့။

အခုတော့ အသက်လဲ ၃၀ ကျော်ပြီ။ ၂၀၁၂ လဲ ရောက်ပြီဆိုတော့ ပြောင်းလဲပြုပြင်ရေးတွေ လုပ်ရတော့မယ်။
ပထမဆုံး အလုပ်ရမှာကတော့ လခစားဘဝက လွတ်အောင် အလုပ်ကထွက်ရမှာပဲ.......ပြီးရင် ဈေးရောင်းမယ်။ တကယ်ပြောတာ မယုံမရှိနဲ့။

အဲ့တော့ အခုကတည်းက ဟင်းချက်နည်း အသစ်တွေ တမျိုးပြီး တမျိုး တီထွင်ဆန်းသစ်ရတော့မယ်။ ကဲ လာပြီ....

ပထမဆုံးအနေနဲ့တော့ နှစ်သစ်မှာ လွယ်လွယ်လေးပဲ အရင်စချက်မယ်။

အိမ်မှာ တီ့အမေ အမြဲလိုလိုချက်ကျွေးတဲ့ တီတို့တွေလဲ ကြိုက်၊ ချက်ရတာလဲ လွယ်ကူတဲ့ အရည်ကြည်ခေါက်ဆွဲပါ။ ပထမဆုံးလုပ်ထားရမှာကတော့ တီချမ်းတို့ မိဘ ဘိုးဘွားစဉ်ဆက်က လက်ဆင့်ကမ်းလာတဲ့ မဟာဟင်းရည် ကို ကြည်အောင်တည်ထားရမှာပါပဲ။ မဟုတ်ရင် အရည်ကြည်ခေါက်ဆွဲလို့ဘယ်ခေါ်မလဲနော်.....နည်းကတော့ ဒီမှာ ကြည့်ပါ။ အသား .၂၅ ကီလို လောက်၊ အစိတ်သားလောက် ဒါမှ မဟုတ်လဲ မှန်းပြီးတော့ပေါ့ လိုချင်တဲ့ ရေလောက်နဲ့ အိုးထဲမှာ ထည့်ပြီးတည်ပါ။ တီကတော့ ကြည့်ထည့်လိုက်တာပဲ။ နောက်ပြီးတော့ နံရိုး အရိုးကြမ်းတွေနဲ့လဲ ဟင်းရည် ကို ပိုချိုအောင် လုပ်လို့ရပါတယ်။ တည်တာကတော့ အဖုံးလေး ဖွင့်ပြီး မီးအေးလေးနဲ့ တည်ပါ။ တည်နေတုံးမှာ ဆား အချိုမှုန့် မထည့်ပါနဲ့။ ထည့်ချင်ရင် ဆားနည်းနည်းထည့်ပါ။ အချိုမှုန့်တော့ မထည့်ပါနဲ့။ အချိုမှုန့် က ကြာကြာတည်ရင် ဓါတ်ပျက်တတ်လို့ပါ။ ဆားကတော့ အိုးထဲ ထည့်တည်ရင် အိုးပေါက်တတ်ပါတယ်။ အဲ့တာကြောင့် တီကတော့ ဆားရော အချိုမှုန့် ရော မထည့်ပြီး တည်ပါတယ်။ စားခါနီးတော့မှ ပန်းကန်ထဲ စိတ်ကြိုက် အရသာရအောင် ထည့်ပြီးစားပါတယ်။ ဟင်းရည်တည် ပြီးရင်တော့ အိုးထဲက အသားကို ဆယ် အအေးခံ ပြီးတော့ ပါးပါးလေးတွေသို့ အချောင်းချောင်းလေးတွေ ကိုယ့် စိတ်ကြိုက်လှီးထားပါ။ ပုံကိုကြည့်ပါ။ ပြီးတော့ သံပရာသီး နဲ့ နံနံပင်လဲ လှီးထားပါ။





ဟင်းရည်ကို ကြည်အောင်တည်ထားပေးပြီးပြီဆိုရင် နောက်ထပ်ပြင်ဆင်ရမယ့် ဟာလေးတွေ လုပ်ထားဖို့ ပါပဲ။ အဲ့တာကတော့ ကြက်သွန်ဖြူ ဆီချက်ပါ။ ကြက်သွန်ဖြူလေးတွေ ကို ပါးပါးမလှီးဘဲနဲ့ကြိတ်စက်နဲ့ ကြိတ်ထားပါ။ ပါးပါးလှီးပြီးချက်တဲ့ ဆီချက်က မြန်မာ အသုပ်အတွက်ပါ။ ဟုတ်ကဲ့ တီချမ်း က အဲ့လိုအသေးစိတ်ပြီး ဇီဇာ ကြောင်ပါတယ်။ ကြက်သွန်ဖြူ ကို ကြိတ်ပြီးရင် အိုးထဲ ဆီထည့် မီးအေးလေးနဲ့ ချက်ပါ။ တူးမသွားအောင် ဂရုစိုက်ပေးနော်။ နောက် နနွင်းမှုန့် နည်းနည်းထည့်ဖို့လဲ မမေ့နဲ့အုံး။ ပြီးတော့ ကြက်သွန်ဖြူတွေ ဝါလာလို့ ဆီချက် က ရပြီဆိုရင် အိုးထဲကနေ ပန်းကန်ထဲ ကို တန်းလောင်းထည့်ပြီး အအေးခံဖို့ မမေ့ပါနဲ့။ အိုးထဲမှာ ဆက်ထားရင် အိုးအပူရှိန်နဲ့ မီးကျွမ်းတတ်ပါတယ်။ ကြက်သွန်ဖြူ ကျွမ်းကျွမ်းကြီးတွေဆိုရင် စားမကောင်းဘူးလေနော်။





ကြက်သွန်ဖြူဆီချက်ရပြီဆိုရင်တော့ နောက်တခု လုပ်ရမှာက ငရုတ်သီးဆီချက်ပါ။ ငရုတ်သီး အကြမ်းမှုန့် တီကတော့ အမေ ကိုယ်တိုင်ကြိတ်တာကို သုံးပါတယ်။ အပြင်မှာ ဝယ်ရင်တော့ ဆားတွေ ရောတာ ဘာသာတွေရောတာ မကြိုက်လို့ပါ။ နောက်တခု အလေးချိန်ပိုအောင် ငရုတ်သီး ကို အညှာတွေပါ ထည့်ကြိတ်တာကိုလဲ သိပ်မုန်းပါတယ်။ ငရုတ်သီးဆီချက် ကိုချက်တာကလဲ ပညာသိပ်ပါတယ်နော်။ ပထမဆုံး ဆီအရင်ထည့်ပါ။ ပြီးတာနဲ့ ငရုတ်သီး တန်းထည့်ပါ။ အိုးကို နောက်မှ တဖြည်းဖြည်းပူလာပါစေ။ တချိန်ထဲမှာ အဆက်မပြတ်မွှေပေးနေပါ။ နောက် ငရုတ်သီးဆီချက်ချက်တဲ့ တီတို့ လျှို့ဝှက်ချက်တခု ပြောပြအုံးမယ်။ ကြက်သွန်ဖြူ ကြိတ်ထားတာကို နည်းနည်းထည့်လိုက်ပါ။ မွှေးအောင်ပေါ့။ နောက်တော့ ဝှားကျောင်း လို့ ခေါ်တဲ့ တရုတ်ဟင်းခတ်အမွှေးအကြိုင် (တီမြန်မာလိုမခေါ်တတ်) တခုကိုထည့်ပါသေးတယ်။ အဲ့တာက စားလိုက်ရင် ပါးစပ်ထဲမှာ “ထုံတုံတုံ” ဖြစ်လာစေတဲ့ အရာပါ။ မာလာဟင်းထဲမှာ ထည့်တဲ့ဟာပေါ့။ တလက်စတည်း “မာလာ” ဆိုတဲ့ အခေါ်အဝေါ်ကိုလဲ ရှင်းပြချင်ပါသေးတယ်။ “မာလာဟင်း” ဆိုတာယူနန်အစားအစာ အရွက်သုပ်တမျိုးပါ။ အဲ့လိုပဲ “မာလာငါး” “မာလာကြက်ချဉ်စပ်” စတာတွေရှိပါသေးတယ်။ “မာ” တယ်ဆိုတာ တရုတ်လို ခေါ်တာပါ။ ခုနက တီရှင်းပြတဲ့ ပါးစပ်ထဲမှာ ထုံတုံတုံ ဖြစ်တာကိုခေါ်တာပါ။ “လာ” ဆိုတာကတော့ “လာ့” ဆိုတဲ့ ယူနန်အခေါ် “စပ်” တာကို ပြောတာပါ။ အဲ့တော့ ပါးစပ်ထဲမှာ စပ်ပြီးတော့ ထုံတုံတုံ ဖြစ်စေတဲ့ဟင်းဟာ မာလာ ဟင်းပေါ့နော်။
အိုကေ ပြောရင်းနဲ့ တီချမ်း ပုံစံအတိုင်းဘေးရောက်ပြန်ပြီ။ ငရုတ်သီး ဆီချက်ကို ချက်ထားပြီးရင်လဲ ခုန အတိုင်း အိုးပူထဲမှာ ထားရင် ကျွမ်းတတ်တဲ့အတွက် ကျက်ပြီဆိုတာနဲ့ ပန်းကန်ထဲ ထည့်ပါ။ အအေးခံပါ။ နောက်ထပ်တွဲစားရမယ့် အရာကတော့ အချဉ်ပါ။ ချဉ်ဖတ်တည်နည်းကို ဒီမှာ ရေးဖူးပါတယ်နော်။





ခုနက ပြောတဲ့ ပြင်ဆင်ရမယ့်ဟာတွေအကုန်ပြင်ဆင်ပြီးပြီဆိုရင်တော့ ပွဲပြင်လို့ရပါပြီနော်။ တီကတော့ တီ့အကြိုက် ဆန်ပြားလို့ အလယ်ပိုင်းမှာခေါ်တဲ့ ညှပ်ခေါက်ဆွဲနဲ့ပြင်ပါမယ်။ ဆန်ဖွယ် (ပါးပါးစီး) နဲ့ ပြင်လို့လဲရသလို ဂျုံ ခေါက်ဆွဲ နဲ့ လဲ ပြင်လို့ရပါတယ်။ ကိုယ်ကြိုက်သလိုပေါ့နော်။ ညှပ်ခေါက်ဆွဲကို ရေနွေးထဲမှာ ခဏဖျော်ပေးပါ။ သူ့မှာ ကပ်ပါလာမယ့် ဆီတွေရယ်၊ ကိုင်ပြီး ချိန်ပေးလိုက်တဲ့ ဈေးသည်လက်က အညစ်အကြေးတွေရယ် ဘက်တီရီးယားတွေရယ် ကို ပျောက်စေချင်လို့ပါ။ ရေနွေးဖျော်လိုက်ရင် ညှပ်ခေါက်ဆွဲမှာ ပါလာတတ်တဲ့ အနံ့လဲ မရှိတော့ ပိုစားကောင်းပါတယ်။ မုန့်ဟင်းခါးကို ညှပ်နဲ့စားဖူးရင် သိပါလိမ့်မယ်။ မုန့်ဟင်းခါးဆိုင်တွေမှာက ဒီအတိုင်းထည့်တော့ အနံ့တမျိုးရှိတယ်လေ။ ထားပါ။ ညှပ်ခေါက်ဆွဲကို ရေနွေးဖျော်ပြီးတော့ ပန်းကန်ထဲထည့်။ ဆား အချိုမှုန့် နည်းနည်းစီထည့်။ ပဲ ငံပြာရည် အကြည်ကို အရောင်လှအောင်ထည့်။ ကြက်သွန်ဖြူ ဆီချက် ကော ငရုတ်သီးဆီချက် ကော နည်းနည်းစီထည့်။ အစပ်ကြောက်ရင် လျော့ထည့်။ လှီးထားတဲ့ အသားဖတ်လေးတွေ ထည့်။ နံနံပင် နည်းနည်းထည့်။ အဲ့တာဆိုရင် ဘေးပုံက အတိုင်းရပါပြီ။





ပြီးရင်တော့ ဟင်းရည်ကြည်ကြည်လေးတွေကို ပန်းကန်ထဲခပ်ထည့်လိုက်ပြီးတော့ အချဉ် ညစ်လိုက်ရင် စားကောင်းတဲ့ လုပ်ရလွယ်တဲ့ အဆင်ပြေတဲ့ အချိန်ကုန်သက်သာတဲ့ ညှပ်ခေါက်ဆွဲအရည်ကြည်တပွဲရပါပြီ။ ပုံတွင်ရှု။





ဒီခေါက်ဆွဲ ရဲ့အားသာချက်တခုက ဘာလဲဆိုတော့ တခါပြင်ထားပြီးရင် အလွယ်တကူ နောက်နေ့တွေလဲ ထပ်လုပ်စားနိုင်တာပါပဲ။ မနက်စာအဖြစ်အဆင်ပြေတယ်။ လုပ်ရတာလဲမြန်တယ်။ အရသာလဲကောင်းတယ် ဆိုတော့ ကိုယ်တို့လို ဟင်းတွေကို တခုတ်တရ ချက်ဖို့ အချိန်ရှားပါးတဲ့ ဘီးဇီးနက်စ် ဝိုးမန်းတွေအတွက်တော့ ပါဖက်ပေါ့နော်။ ကဲ......

တလက်စတည်း ချက်ထားခဲ့ဖူးတဲ့ ခေါက်ဆွဲတွေအကုန်ပြန်တင်ပေးလိုက်မယ်နော်။

ကော်ရည်ခေါက်ဆွဲ
ရှမ်းခေါက်ဆွဲ
ကျိုင်းတုံခေါက်ဆွဲ


A Chen
8:01 PM
Wednesday
11th Jan 2012
Home
Bangkok



9 comments:

  1. စားချင်စရာတော့..။
    အဖေလည်း အဲ့လိုမျိုး အိမ်မှာ မကြာမကြာလုပ်ကျွေးတတ်တယ်.. သတိတောင်ရသွားပြီ.. လုပ်စားဦးမှ..။

    ReplyDelete
  2. စောမိုလက်ဖက်တို့ဘာတို့ စားပစ်လိုက်ဦး။ မကောင်းတော့ဘဲနေမှာစိုးလို့။

    ReplyDelete
  3. ခုမှပဲ ဟင်းချက်တော.တယ် တီရယ်

    ReplyDelete
  4. တီချမ်း အခန်းမှာ အဖီလေး ထိုးပြီး လာနေမှပဲ :P

    ReplyDelete
  5. ဟုတ်တယ် စနိုး လွယ်မှလွယ်

    ဒေါ်ရီတာ ၁ နှစ်ခံတယ်ဆို

    ဟုတ်တယ် အနော ရေ မရေးတာလဲကြာ မချက်တာလဲ ကြာ ဒီနှစ် ခရီးထွက်တာများနေတယ်

    လာလေ မသလင်း

    ကျေးဇူးပါ အနော ၂

    ReplyDelete
  6. တီ.. အသားက အစိတ်သားက ၂.၅ ကီလို တော့ ကဘူးထင်ပါတယ်။ အစိတ်သားဘယ်လောက်များလည်းတော့ အမေ့အိမ်မှာ ဈေးမ၀ယ်ဘူးလို. သေသေချာချာ မသိပေမယ့် ဒီမှာဝယ်ရင် ၂.၅ ကီလိုဆိုရင်တော့ အတော်ကြီးကို များသား။

    ReplyDelete
  7. ဆော်ရီးပါ အနော်ရေ

    တီပြောချင်တာ က .၂၅ ကီလို ဖြစ်ပါတယ်

    ReplyDelete
  8. ကျေးဇူး တီ... ကြည့်ရင်း ကြည့်ရင်း မနေ.တည်းက မနေနိုင် မထိုင်နိုင် စားချင်လာလို. ဒီညနေ အိမ်ပြန်ရင်ချက်စား ပါမယ်ကွယ်...။ အိမ်က ချစ်ချစ်ကိုတောင် ကြိုပြထားသေးတယ် တီ့ ပိုစ့်ကို။ အဲဒီလို ချက်ကျွေးမယ်ဆိုပြီး...။ တီ့ ပုံထဲကနဲ. မတူရင်တော့ ဟားခံရမယ်...။ :D

    ReplyDelete