Saturday, April 11, 2009

ချစ်ရတဲ့ အလွမ်းမင်းသမီးရေ…

ချစ်ရတဲ့ အလွမ်းမင်းသမီးရေ… (ကောင်းကင်ပြာ အတွက်ပေးစာ)

ရွာငံမှာ ဒီနှစ်ရဲ့ ချယ်ရီ ပန်းတွေ ကြွေ ကုန်ပြီ မဟုတ်လား?
ခုမှတော့ ငါဘယ်လိုယာဉ်ပဲစီးပြီး ဘယ်လောက်မြန်မြန်ပြေးလာပစေအုံးတော့
မှီတော့မှာမဟုတ်ပါဘူးလေ….အဆိုးဆုံးအနေနဲ့
မြေပေါ်မှာကြွေကျနေတဲ့ ပန်းပွင့်လွှာတွေတောင်မှ လေတိုက်လို့လွင့်ကုန်ရောပေါ့
တကယ့်ကို ၀မ်းပန်းတနည်း ခံစားရပါတယ်ဟာ

နွေဦးဟာ ခဏတထောက်နားတဲ့ ငှက်ငယ်လိုပဲ ရုတ်တရက် ပျံထွက်သွားလိုက်တာ
ဘာမှတောင်ချန်မထားခဲ့ဘူးနော်

ဒါပေမယ့် နင်ကတော့ နင့်ရဲ့ ထုံးစံ အတိုင်း အပြုံးချိုချိုလေးနဲ့…..ငါ့ကို
‘‘နောက်နှစ်ကျရင်လဲ ချယ်ရီတွေက ပွင့်အုံးမှာပါဟာ’’ လို့နှစ်သိမ့်အုံးမှာ မဟုတ်လား?
အဲဒါတော့ ငါလဲသိတာပေါ့ဟာ
ဒါပေမယ့် ငါ့ရဲ့လက်ရှိခံစားချက်က ဒီနှစ်ရဲ့ ချယ်ရီတွေ ကိုပဲတွေ့ချင်တာလေဟာ

ဒီနှစ်ရဲ့ ခံစားချက်နဲ့ နောက်နှစ်ရဲ့ခံစားချက် ဘယ်တူပါ့မလဲဟ
နောက်ပြီး ဒီနှစ်ရဲ့ ချယ်ရီနဲ့ နောက်နှစ်ရဲ့ချယ်ရီကလဲ တူမှာမဟုတ်ဘူးလေ

အားလုံးနောက်ကျနေပြီ မဟုတ်လား
ငါ့ဆီကိုစာရေးပြီ ချယ်ရီတွေအကြောင်းပြောပြပါအုံးဟာ
ဘယ်လောက်လှ ပြီး ဘယ်လောက်မွှေးတဲ့ အကြောင်းပေါ့။

နင့် ကို သတိရတာ ချယ်ရီတွေပွင့် တာကို သတိရတဲ့ အတိုင်းပဲ

အစစ အရာရာ ကောင်းမွန် အဆင်ပြေ ပါစေဟာ

အတူတူငိုရတဲ့
တီချမ်း
၁း၀၇ နာရီ
၁၁ရက် ဧပရယ်လ ၂၀၀၉ ခုနှစ်
နေအိမ်
ဘန်ကောက်။ ။

7 comments:

  1. ဟော် တီချမ်းလဲ ကောင်းကင်နဲ့ အတူ ရွာငံ က ချယ်ရီကို လွမ်းနေလား၊ အဖေါ်ရပီတော့

    ReplyDelete
  2. ကို့ အတွက်စာမှန်း မသိဘဲ ကွန့်် မန့်ပေးပြီးပြန်ရောက်မှသိလို့ ၁ ခေါက်ပြန်လာရတယ် တီရေ၊ ကျေးဇူးပါ၊ ၁နေ့ လုံး စိတ်ညစ်နေတာ ခုတီချမ်းစာလေး ဖတ်ပီးမှ ပြုံးနိုင်တော့တယ်

    ReplyDelete
  3. ချစ်နိုင်လွမ်းနိုင်တဲ့ ချမ်းချမ်းပါလား...
    အော်...
    နေကျ ရေကျ..အလွမ်းသမားဘဝ
    ခင်တဲ့
    ဖိုးစိန်

    ReplyDelete
  4. အင်း ...... ချယ်ရီချင်းတော့တူတာပေါ့နော် .. ခံစားချက်ကတော့ .................

    ReplyDelete
  5. တီ
    ခုတလော စိတ်မကြည်ဘူးထင်တယ်နော်
    စာတွေက အဲလိုဖြစ်နေတယ်...။
    ပျော်အောင်နေလေ တီရယ်..
    အင်း
    ပြောမယ့်သာ ပြောရတာ...

    ReplyDelete
  6. ပိတောက်တွေလဲ အတုံးအရုံးကို ကြွေနေပါတယ်။ ရုံးအ၀င်မှာ ပိတောက်ပန်းတွေ နင်းပြီး ဖြတ်ဖြတ်သွားရတော့ လွမ်းတယ်။ လောလောဆက်တော့ အဲဒီက သင်္ကြန်မှာ ပျော်လိုက်ပါအုံး။ ချယ်ရီတွေကိုလဲလွမ်း၊ ရှိနေတဲ့ ပိတောက်တွေကိုလဲ မမေ့နဲ့ပေါ့ဗျာ...

    ReplyDelete
  7. အဲဒါ ဘဒူလေးလဲ။ တီချမ်းကလွမ်းနေပြန်ပြီပေါ့။ ပျော်ပျော်နေပါတီရဲ့။

    ReplyDelete