Friday, April 10, 2009

စပ်ဆော့ မိတဲ့ ကစားပွဲ

စပ်ဆော့ မိတဲ့ ကစားပွဲ (မှတ်ချက် - အနိုင် အရှူံး မရှိပါ။)

ခုတလော မကောင်းဘူး
ခဏခဏ စိတ်ညစ်နေရတယ်
အားရပါးရငိုချလိုက်ချင်တယ်

နှစ်ယောက် အတူတူ ဆော့ခဲ့ကြတဲ့ ကစားပွဲပါ
နှလုံးသားနဲ့ ရင်းပြီးဆော့ရတဲ့အတွက် ကြေးကကြီးတယ်
မသိခဲ့ ပါဘူး
အပျော်ထင်လို့ ဆော့မိခဲ့တယ်
အချစ်ဆိုတဲ့ ကစားပွဲမှာ အစကတည်းက
မကစားခဲ့ ရင်အကောင်းသား
ဒါမှမဟုတ်လဲ ထမင်းဂျိုး ဟင်းဂျိုး၊
ဘူးသီး ခရမ်းသီးပဲ ကစားခဲ့ဖို့ကောင်းတာ
ကလေး ဘ၀တုံးကလိုလေ
အဲတာဆို မနာကျင်ရတော့ ဘူး
ပွဲထဲကနေလဲ ထွက်စရာမလိုတော့ဘူးလေ

အချစ်ဆိုတာ ဘာလဲကောင်းကောင်းမသိခဲ့ပါဘူး
ဒါပေမယ် နာကျင်မှု ဆိုတာ ဘာလဲတော့
ကောင်းကောင်း သိခဲ့ရပါတယ်
အနည်းဆုံးတော့ ခံစားသိနဲ့သိတာရတာပဲ
ရင်ထဲမှာ မွန်းကျပ်လာတာ၊ အသက်ရှုမ၀တာ၊
ရှိုက်ရှိုက် ပြီးငိုချင်လာတာ၊ မောနေတာ
ဒါတွေဟာနာကျင်မှုတွေပေါ့
အချစ်ကြောင့်လား?
မဟုတ်ပါဘူး ကိုယ့်ကြောင့်ပါ
ကိုယ်စပ်ဆော့လို့ဖြစ်တဲ့ကိစ္စတွေပဲ

အိပ်လိုက်ရင်ကောင်းမလား
သူငယ်ချင်းတယောက် က ပြောဖူးတယ်
စိတ်ညစ်ရင် အိပ်တဲ့

လောလောဆယ် ဒီနေရာက နေ……….
အဝေးဆုံးကိုပြေးလိုက်ချင်တယ်
ဒါမှမဟုတ် ဂျူး ၀တ္ထုထဲကလို ပြေးရမလား
ကမ်းခြေမှာလေ ပြေးရင်းနဲ့ ငိုလို့ရတာပေါ့
ဒါမှမဟုတ် ရေသွားကူးရမလား
ရေကူးရင်းနဲ့လဲ ငိုလို့ရတာပဲ

အင်း…………………….ရေချိုးမယ်………………..
ရေပန်းအောက်မှာလဲ ထိုင်ငိုလို့ရတယ်
ရေချိုးကန် ထဲလဲခေါင်းနှစ်ပြီး ငိုလို့ရတာပဲ
ဘာလို့ ငိုစရာတွေချည်းစဉ်းစားနေတာလဲ လို့မမေးပါနဲ့
ငိုချင်နေလို့ပါ
အသည်းကွဲရင် ငိုရမယ်မဟုတ်လား

နာကျင်နေပါတယ်
စိတ်ရော ကိုယ်ရော နှစ်ခုစလုံး
ဒါပေမယ့် တပြိုင်ထဲမှာပဲ
အထိတ်တလန့် သိလိုက်ရတာ တခုက
မင်းကြောင့်နာကျင်နေပေမယ့်
တချိန်ထဲ မှာပဲ မင်းကြောင့်ရတဲ့ အဲဒီ နာကျင်မှုကို
ကိုယ် ခံစားရတာ ကြိုက်နေတယ် ဆိုတာပဲ
မင်းနဲ့ ပတ်သက်လာရင် နာကျင်မှု ကတောင်
ကိုယ့်အတွက် နှစ်လိုဖွယ် ဖြစ်နေတယ်ပေါ့
ဒီလိုလား…………………………..

မထင်ခဲ့ပါဘူး
တကယ်ပါ
ဒီလောက်တိုတဲ့ အချိန်အတွင်းမှာ
ငြိတွယ်မိတဲ့ ကိုယ့် ရဲ့သံယောဇဉ်တွေ
ဒီလောက်များလိမ့်မယ်လို့
မထင်ခဲ့မိပါဘူး
ပြီးတော့ ဒါကို ကိုယ်က အရှူံးလို့လဲမခေါ်ချင်ပါဘူး
အချစ်ဆိုတာ အနိုင်အရှူံး သတ်မှတ်လို့ရတဲ့
ပြိုင်ပွဲတခု မှ မဟုတ်ပဲလေနော်

A Chen
12:14 am
8th April 2009
Home, bkk.

13 comments:

  1. အချစ်ဆိုတာ အင်မတန်မှ နူးညံ့ သိမ်မွေ့လွန်းတယ်လေ... ကိုယ်ကချစ်နေရရင် ဘာမဆို ပြီးပြည့်စုံနေတာ။ တစ်ကယ်တော့ ကိုယ်က တစ်ဖက်သတ် ဖြစ်နေမိတာကိုး။။။ တီတီရေ... စိတ်ညစ်ရင် အိပ်ပစ်လိုက်တာ ပိုကောင်းတယ်။ ဒီဒီဆို မုန့်ပဲ ထိုင်စားဖြစ်တယ်(အစားပုတ်တယ်လို့ ထင်လား။ စိတ်ညစ်ချိန် ဒီလိုပဲလုပ်တားP) TT စိတ်ညစ်လာရင် ဘာမှစဉ်းစားမနေနဲ့.... သင်္ကြန်တောင် ကျတော့မယ့်ဟာ... ပျော်ပျော်ကြီးနေလိုက်စမ်းပါ တီတီရာ...

    ReplyDelete
  2. ငိုမယ်ဆိုလည်း ငို မျက်ရည်ပဲထွက် နှပ်ချေးမထွက်စေနဲ့....။

    ReplyDelete
  3. တီရေ ဘာပြောရမလဲတောင် မသိတော့ပါဘူး
    စိတ်ကို ပေါ့ပေါ့ပါးပါး ထားပါ။
    ဒီလောက်ငိုချင်နေရင် အိပ်လို့ဘယ်ပျော်ပါ့မလဲ။ ကလေးလေးနဲ့ ဆော့လေ...

    ReplyDelete
  4. တီချမ်းရေ မညစ်နဲ့နော် .. ပျော်ပျော်ကြီးပေါ့ ..း)

    ReplyDelete
  5. တီရယ်.. ကဗျာလေးက ကောင်းလိုက်တာ… ကာရံမပါပေမယ့် တော်တော်ထိတယ်……. ခံစားသွားတယ် တီရေ

    ReplyDelete
  6. အနိုင် အရှုံးဆိုတာလဲ
    ခံယူချက်ပေါ်မှာပဲမူတည်တယ်လို့ထင်တာပဲ...
    ဒါပေမယ့်
    စကားလုံးတိုင်းကိုခံစားရပါတယ်..
    ကြိုက်တယ်
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  7. တီချမ်း၊ အနိုင်အရှုံးဆိုတာဘာကိုပြောတာလဲပာင်။
    ချစ်သူချင်းမှာရော အနိုင်အရှုံးရှိလားပာင်။
    သားသားက မသိလို့မေးတာနော်။
    ဆိတ်ချိုးရဝူး

    ReplyDelete
  8. (မှတ်ချက် - အနိုင် အရှူံး မရှိပါ။)

    ReplyDelete
  9. တီရေ ကောင်းကင်လဲ ငိုနေတယ်၊ အနိုင် အရှူံးမရှိပါ၊ မှန်လိုက်တာ တီချမ်းရယ်

    ReplyDelete
  10. တီ..
း(
    ထပ်တူခံစားရပါတယ်...

    ReplyDelete
  11. သူ့ကို အချစ်တို့ လူမှုရေးတို့ ဆက်ဆံရေးတို့နဲ့ ပက်သက်ပြီး
    သိလှပြီ အောက်မေ့တာ ခုကျတော့လည်း စာမျက်နှာတွေမှာ
    ငိုချင်းချပြီး လွမ်းနေပါပေါ့လား...
    လဲကျပြန်ထကို ကျင့်သုံးပေါ့ ကိုChen ရယ်။

    ReplyDelete
  12. ဒီလိုနဲ့ပဲ
    ချစ်ခြင်းတွေထဲ
    အခါခါ ပြိုလဲကျ...
    ဖတ်ဖူးတဲ့ စာလားတော့သိဘူး။ အဲတာနဲ့ မန့်လိုက်ပီ။

    ReplyDelete
  13. ရေးထားလိုက်တာများ တီတီချမ်းရယ်။
    သမီးတောင်ရောရောင်ပြီး ငိုမိတော့မယ်။
    ချစ်တက်လိုက်တာများနော်။ :)

    ReplyDelete