Friday, April 15, 2011

ကြီးဒေါ် တောင်းဆိုတဲ့ သင်္ကြန် မုန့်လုံးရေပေါ်

မနေ့က အမဲသားဆီပျံ နဲ့ အာလူးစွန်တန်ဟင်းအောက်မှာ အမည်မသိတယောက်က တောင်းဆိုလာပါတယ်။ သင်္ကြန်မှာ မုန့်လုံးရေပေါ် စားရမလားဆိုပြီးစောင့်နေတာတဲ့။ မုန့်လုံးရေပေါ် လုပ်နည်းလေး တင်ပေးပါလို့ ဆိုလာပါတယ်။ တီ က အစကတော့ အစီအစဉ် မရှိပါဘူး။ ဘာလို့လဲဆိုတော့ တီသိပ်ကြိုက်တဲ့ အထဲမှာ မပါတာက တချက်။ နောက် တခြားဟင်းတွေ အများကြီး တင်ဖို့ တန်းစီနေတာက တချက်။ နောက် တီ ခုတလောကမှ စတဲ့ HIV/AIDS အမေးအဖြေ ကဏ္ဍအတွ က် စာဘတ်နေရတာနဲ့ ပိုစ့်တင်နေရတာနဲ့ စတဲ့ အကြောင်းတွေ ကြောင့် လုပ်ဖို့ မစီစဉ်ထားတာပါ။ သို့သော် တောင်းဆိုလာတော့လဲ ချက်ပေးရတာပေါ့။





ပထမဆုံး ပုံ-၁-အတိုင်း ကောက်ညှင်းမှုန့်လေးတွေကို ကိုယ်လိုသလောက် နယ်မယ့် ဇလုံထဲထည့်ပါမယ်။ ကောင်ညှင်းမှုန့်တွေအမျိုးမျိုး ရှိပါတယ်။ တီကတော့ ဒီမှာ ရှိတာ ရှာဝယ်ထားတာပါ။ တီက တရုတ်လိုဘတ်လိုက်တော့ လွယ်တယ်။ ရေနဲ့ကြိတ်တဲ့ဟာမျိုး ကိုရှာဝယ်ရပါတယ် (ပုံ-၂-)။ သူက ပိုညက်တယ်။ (ဒီလိုလေဘာကွာသလဲ ဆိုတော့ ကောက်ညှင်းမှုန့် လုပ်တဲ့ ပရောစက် ကွာတာပေါ့။ ရိုးရိုး ကောက်ညှင်းမှုန့် က ကောက်ညှင်းဆန်ကို ထောင်းပြီးမှုန့်တဲ့ ပရောစက် နဲ့ သုံးတယ်။ ခုတီ ပြောတဲ့ဟာကတော့ ရေနဲ့ ကြိတ်စက်ထဲထည့်ကြိတ်တယ်။ နောက် အနှစ်ကို စစ်ယူ၊ အတုံးလိုက်ဖြစ်အောင်လုပ် နေလှမ်း ပြီးတော့မှ အမှုန့်ဖြစ်အောင်ပြန်ကြိတ်တဲ့ နည်းသုံးတယ်။ အဲ့တာကြောင့် သူက ပိုညက်ပါတယ်) တီက ပိုကောင်းတဲ့ ဒီ ရေကြိတ်မှုန့် ကိုသုံးပါတယ် အမှန်ကတော့ ဇကာ နဲ့ပြန်စစ်တာတွေ ဘာတွေမလုပ်ချင်လို့ပျင်းလို့ပါ)
ပြီးရင်တော့ ပုံ -၃- အတိုင်း ရေနွေးလေး နည်းနည်းတည်ပြီးတော့ ရေအေးနဲ့ရောပါ ကြက်သီးနွေးလေးဆိုရင် ရပါပြီ။ အဲ့ဒီရေနွေးလေးနဲ့ ခုနက ဇလုံထဲထည့်ထားတဲ့ ကောက်ညှင်းမှုန့်ထဲထည့်ပြီးတော့ နယ်ပါမယ်။ ရေကို တပြိုင်တည်း အများကြီး မထည့်ပါနဲ့ လိုသလောက်လေးကိုနယ်ရင်း ဖြေးဖြေးထည့်သွားပါ။





ပုံ-၄- မှာ ပြထားတဲ့အတိုင်း အတုံးလေးရပြီဆိုရင် ကိုယ်လိုသလောက် ဖဲ့ပြီး ရှည်ရှည်လေး လုပ်ပါ။ အီကြာကွေးတွေလုပ်သလိုလေ မြင်ဖူးတယ်မှလား...ပြီးတော့မှ သေးသေးလေးတွေ ပြန်ဖဲ့ နောက် အဲ့ဒီသေးသေးလေးတွေကို နောက်ထပ်ပြန်ပြီး သေးသေးလေးတွေကို လုံးပေး။ ပုံ -၅-၆-
တရုတ်အယူအရဆိုရင် ဒီလိုမုန့်လုံးရေပေါ် ကို မိသားစု စုံစုံညီညီရှိတဲ့အချိန်မှာ လုပ်စားလေ့ရှိပါတယ်။ ဥပမာ မင်္ဂလာဆောင်တွေမှာပေါ့ တရုတ်တွေ က မိသားစု အစုံဆုံးအချိန်တခု ကိုပြပါဆိုရင် အမျိုးထဲမှာ မင်္ဂလာဆောင်ရှိတဲ့ အချိန်ပါပဲ။ အဲ့လိုအချိန်တွေမှာ အဓိက ကျွေးလေ့ရှိပါတယ်။ ပြီးတော့ ကြက်ဥပြုတ် ငုံးဥပြုတ် တွေလဲထည့်ကျွေးလေ့ရှိပါတယ်။ အနီရောင်ဆိုးပေးရပါတယ်။ အစားအသောက်မှာ သုံးတဲ့ အရောင်မှုန့်လေးတွေကို ခုနက ရေစပ်တဲ့အချိန်မှာ ထည့်စပ်ပါတယ်။ အနီ ကို ကြက်ဥ ငုံးဥ အတွက် အဓိက သုံးပါတယ်။ မုန့်လုံးတဲ့အခါမှာတော့ အစိမ်းလေးတွေဘာတွေလဲထည့်သုံးလေ့ရှိပါတယ်။ ပုံ-၆- ကိုသေသေချာချာကြည့်ပါ မုန့်လုံးတာ ကိုက နှစ်မျိုးရှိပါတယ် (ရှုပ်လဲရှုပ်တဲ့ တရုတ်တွေနော်) လုံးလုံးလေးဖြစ်အောင် လုံးထားရင် သမီးမွေးအောင်တဲ့ ရှည်ရှည်လေးတွေဆိုရင် သားမွေးအောင်လို့ ဆိုပါတယ်။ အမေပြောပြတာပါ။





ဒီနေရာမှာ ကြုံလို့ တီတို့ ဆွေစဉ်မျိုးဆက် နန်းတွင် ရတနာ အဲလေ....နန်းတွင်းချက်နည်းပြုတ်နည်း ၁၅၀၀ ထဲက နည်းတခုပေးပါမယ် အရောင်တွေမသုံးချင်ဘူးဆိုရင် သဘာဝအတိုင်းလဲဖြစ်တဲ့ အရသာလဲပိုရှိတဲ့ နည်းပါ။ နည်းနည်းတော့ အလုပ်ပိုရှုပ်ပါတယ်။ လက်ဘက်ကောက်စားချင်ရင် ပလောင်တောင်တက် ဝေါနဲ့တက်ရတယ် မှလား....ပုံထဲမှာ မပါဘူးလေ လိုက်ရှာမနေနဲ့......ငှဲငှဲ နန်းတွင်း လျှို့ဝှက်နည်းပါဆိုနေမှ......

ဒီလိုပါ ပိန်းဥ သိတယ်မှလား အဲ့တာ ကို အခွံသင်ပြီးတော့ ရေစပ်စပ်နဲ့ပြဲနေအောင်ပြုတ်ပါ။ မဟုတ်ရင် ပေါင်းအိုးလေးနဲ့ပေါင်းရင်လဲ ရပါတယ် ပြုတ်ပြုတ်ပေါင်းပေါင်း အဆင်ပြေရာ ကြိုက်ရာ လက်တည့်ရာ အိမ်ရှင်မတို့သဘော....လုပ်ပါ။ ပြီးရင်တော့ ခုနက ရေကြက်သီးနွေးလေးထည့်တဲ့နေရာမှာ အဲ့ဒီ ပေါင်းထား ပြုတ်ထားတဲ့ ပိန်းဥ ကို ထည့်နယ်ပါမယ် ပြီးတော့မှ လုံးပါမယ် အဲ့တာဆိုရင် သူက ပြုတ်လို့ကျက်သွားတဲ့အခါ အနံ့လေးလဲမွှေးမွှေးလေး နဲ့ စားရတာလဲ အရသာရှိတဲ့ ပိန်းဥ လုံးလေး ရပါမယ်။ အော်ပြီးတော့ သူကကျက်သွားရင် ပိန်းဥကြောင့် ခရမ်းရောင်လေးဖြစ်သွားတဲ့ အတွက် အရောင်ထွက်လဲလှပါတယ်။ FDA နဲ့လဲမငြိတော့ဘူးပေါ့။ တော်ကြာ တီချမ်းပေးတဲ့ နည်းက သတင်းစာထဲမှာ လက်ဘက်တွေ နဲ့တန်းစီ ပါလာနေအုံးမယ်နော်။ နောက်တမျိုးက ဆူးမွှေးရွက်အရည်တို့ ရွှေဖရုံသီး တို့ သုံးရင်လဲ အစိမ်းရောင် (ဒါက ဆူးမွှေးရွက်ကနေရတာ) အဝါရောင် (တန်ဖိုး ပိုတက်အောင် ရွှေရောင်လို့ သုံးပါမယ်) စတာလေးတွေ ရပါမယ်။ အဲ့တာဆို ခုနက ခရမ်းရောင် ပိန်းဥ လုံးလေးတွေနဲ့ တွဲလိုက်တော့ အစိမ်း ခရမ်း ရွှေရောင်စတာလေးတွေနဲ့ အရသာ ထူးတဲ့ မုန့်လုံးလေးတွေရတာပေါ့နော်။

ဆူးမွှေးရွက်ကို မြန်မာအိမ်ရှင်မ အများစုကတော့ သိပါလိမ့်မယ် မသိရင်လဲ တီတော့ မပြောပြတတ်ဘူး ဖက်ရွက်တမျိုးပါပဲ ပန်းအရွက်နဲ့တူတာပေါ့ ယိုးဒယားမှာတော့ ကြက်သားကို အစာနဲ့ နယ်ပြီး ဆူးမွှေးရွက် နဲ့ ထုပ် ဆီပူအိုးထဲထည့်ကြော်တဲ့ ကြက်သား တမျိုးရောင်းပါတယ် အမြို့ မြို့ အနယ်နယ် ဆိုင်တိုင်းမှာရနိုင်ပါတယ်။ ကြော်ငြာ....ကြော်ငြာ....

ကြက်သားထုပ်ထားတဲ့ ဆူးမွှေးရွက်.....ပုံ.....English လိုတော့ Pandan leaf လို့ခေါ်တွင်ပါတယ်တဲ့





ပြီးရင်တော့ အပေါ်က ပုံ -၉ -မှာ ပြထားတဲ့ အတိုင်း ရေနွေး ကိုဆူအောင်တည်ပြီးတော့ ခုနက လုံးထားတဲ့ မုန့်လုံးလေးတွေကို အကုန်တခါတည်း ထည့်လိုက်ပါမယ်။





ရေဆူဆူထဲကို မုန့်လုံးတွေ ထည့်လိုက်တဲ့ အခါရေတွေက အေးကုန်ပါမယ် ယောက်ယက်မခတ်ပါနဲ့ ခဏနေရင် ပြန်ဆူလာပါလိမ့်မယ် မုန့်လုံးလေးတွေ ကျက်တဲ့ အခါ သူ့အလိုလို ရေပေါ်ပေါ်လာပါလိမ့်မယ် တီချမ်းနည်းအတိုင်းသုံးရင် တီချမ်းတန်းခိုးတွေက ဘလောခ် ကနေ တဆင့် ကူးပြောင်းပေးထားတာပါ စိတ်မပူပါနဲ့...ငှဲငှဲငှဲ....အဲ့လို ရေပေါ်ကို ကျက်တဲ့ အခါ အလိုလို ပေါ်လာလို့လဲ မုန့်လုံးရေပေါ်လို့ ဟိုးအရင် ရွှေလူမျိုး ပညာရှိတွေက မှတ်သားထားကြတာဖြစ်ပါတယ်။ ပေါ်မလာရင် မုန့်လုံးရေငုတ် သို့ မုန့်လုံးရေနစ် လို့များခေါ်မလားမသိဘူးနော်...မုန့်လုံးလေးတွေ စပေါ်လာပြီဆိုတာနဲ့ အလောတကြီး မဆယ်ပါနဲ့အုံးနော် အကုန်ကျက်ပြီး ရေပေါ်ပေါ်တာသေချာအောင် တူလေးနဲ့ ဖြေးဖြေးလေးမွှေပေးပါ အကုန်ကျက်တာသေချာပြီဆိုမှ ခုနက မုန့်လုံးတွေအကုန်ကို ဇကာထဲလောင်းထည့်ပြီး ရေစစ်လိုက်ပါ ပြီးတာနဲ့ ချက်ချင်း ရေကျက်အေးထည့်ထားတဲ့ ပန်းကန် (ပုံ-၁၂-) ထဲကို ဇကာထဲက မုန့်လုံးတွေ ထည့်လိုက်ပါမယ် ကောက်ညှင်းဖြစ်တဲ့အတွက် အဲ့လိုရေအေးမစိမ်ထားရင် မြန်မာ မုန့်လုံးတွေလို လုံးပြီးတဲ့ အခါ တလုံးနဲ့ တလုံးကပ်ကုန်တာတွေ့ရပါမယ်





ပြီးရင် ခုနက အိုးနဲ့ပဲ ရေကျက်အေးနည်းနည်း ကိုထပ်တည်ပါမယ် ရေဆူရင် သကြားနည်းနည်းထည့်ပြီးတည်ပါ ပုံ -၁၃-၁၄- တလက်စတည်း မွှေပေးနေပါ သကြားတွေ အကုန်ပျော်ကုန်ပြီဆိုရင်တော့ အုန်းနို့ထည့်ပါမယ် တီကတော့ ဒီမှာ အလွယ် ဘူးနဲ့ အုန်းနို့်ကိုပဲသုံးလိုက်ပါတယ် မြန်မာပြည်မှာဆိုရင်တော့ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ အုန်းနို့မွှေးမွှေးလေး သုံးရတာပေါ့ တခါတခါ မတိုးတက်တဲ့ နည်းပညာက ပိုကောင်းတာတွေ့ရပါတယ်။ အုန်းနို့ကို အီမှာ စိုးတဲ့ အတွက် အလောတော်ပဲထည့်ပါ ပြီးတော့ ဒီမှာ လျှို့ဝှက် နည်းနောက်တခုကလဲ အုန်းနို့ ဟာဆီပဲ သတ်သတ် ရေနဲ့ပဲ တည်တည် အီ လာတတ်တဲ့အတွက် “ဆား” နည်းနည်းလေးထည့်ပေးရပါမယ်။ ပြီးရင် အုန်းနို့ ကို မြည်းကြည့်ပါ အချို အငံ အတော်ပဲဆိုရင်တော့ ရပါပြီ။ အချို လိုရင် သကြားနည်းနည်း ထပ်ထည့်နိုင်ပါတယ်။





ပြီးရင်တော့ ပုံ -၁၆-၁၇- မှာပြထားတဲ့အတိုင်း ခုနက ရေစိမ်ထားတဲ့ မုန့်လုံးလေးတွေကို ရေပြန်စစ်လိုက်ပါ နောက် ခုနက ဆူနေတဲ့ အုန်းနို့ အိုးထဲ ကိုထည့်လိုက်ပါ ခဏ ပေးဆူလိုက်ရင် ပုံ -၁၈-မှာ ပြထားတဲ့ အတိုင်း အရသာရှိလှတဲ့ အုန်းနို့ မုန့်လုံးရေပေါ် တအိုးရပါပြီ။




ဒါကတော့ ပန်းကန်ထဲထည့်ထားတဲ့ ချက်ပြုတ်ရတာ လွယ်ကူ မြန်ဆန် သက်သာ အင်မတန်ကောင်းအရသာရှိတဲ့ အန်တီချမ်း တို့ နန်းတွင်းနည်းမဟာ အုန်းနို့်မုန့်လုံးရေပေါ်ပဲဖြစ်ပါတော့တယ် ခင်ဗျား....အဲလေ ရှန်.....

ဘေးကပုံကတော့ မုန့်လုံးရေပေါ်မဟာ ကို တုတ်နေတဲ့ မာတာ မဟာ မိခင် မားမားကြီးပဲဖြစ်ပါတော့တယ်။

အခြားနည်း။
တီက တရုတ်နည်း လုပ်ပြထားလို့ မြန်မာနည်းလေး စားချင်ကြတယ်ဆိုရင်လဲ ရပါတယ် အစပိုင်း မုန့်လုံးနယ် နေတဲ့နေရာမှာ သေးသေးလေးတွေမလုံးပဲနဲ့ နည်းနည်းအနေတော်လုံးပြီးတော့ အထဲမှာ ထန်းလျက် တို့ ငရုပ်သီးစိမ်းတို့ ထည့်ပြီး ဌာပနာ ပါ ပြီးတော့ ရေဆူဆူမှာ ပြုတ်ပြီး ဆယ်လိုက်ပါ နောက်ပြီးရင် အုန်းသီး ခြစ်လေးတွေ နဲ့ ပွဲပြင်လိုက်ရင်လဲ ကြီးတော်တောင်းဆိုသလို ဘုန်းကြီးလဲကပ်လို့ရတဲ့ အရပ်ထဲလဲဝေ လို့ ရတဲ့ မြန်မာ ထန်းလျက် မုန့်လုံးရေပေါ်ရတာပေါ့နော်။ ဘုန်းကြီးပွဲထဲတော့ ငရုတ်သီး မပါစေနဲ့ပေါ့နော် တော်ကြာ တီချမ်း သတိမပေးဘူးမပြောနဲ့နော်....

နောက်တနည်း။
အဲ့လိုမှ မကြိုက်သေးဘူးဆိုရင်လဲရပါတယ် တီချမ်းနည်းက ဘိုးဘိုးအောင် နည်းလိုပဲ ရေလဲသုံးလို့ ရပါတယ် တီ့နည်းအတိုင်း မုန့်လုံးပါ ချက်ပါ ပြီးတော့ အုန်းနို့ ရည် အစား ထန်းလျက်ရည်လေး နည်းနည်းပြစ်ပြစ်တည်ပြီး ပွဲပြင်မယ်ဆိုရင် ဟောဒီက စားကြအုံးမလား မုန့်ကြာစိ ဆိုတာလဲ......ရပါတယ်လို့နော်..........

ကဲကဲ တရုတ်ရိုးရာ မြန်မာ့ရိုးရာ မုန့်လုံးရေပေါ်လေးတွေ အရပ်ထဲမှာ ဝေလို့ ပျော်ရွှင်တဲ့ မြန်မာသင်္ကြန်လေးဖြစ်ကြပါစေနော်

ပဟေဠိ။

ပုံ-၆- ကိုသေချာကြည့်ပါ ဘာတွေ့သလဲ ဖြေပါ


အားလုံးကိုချစ်တဲ့
တီချမ်း

13 comments:

  1. ပုံ ၆မှာ တွေ့တာ ၂ ၃ ၄ တဲ့ .. :D

    မိုးခါး

    ReplyDelete
  2. 最後一張照片我給老媽看了,哈哈,世界真小啊..

    保重 兄弟!

    ReplyDelete
  3. တော်တယ် မိုးခါး ယောက်ျား ရရင် သားလေးမွေးလိမ့်မယ် အဟစ်ဟစ်ဟစ်

    အော် ဟုတ်တယ် လို့ ပြောသားပဲ ကိုတေဇာအောင် တင်ဇာအောင် သိန်းဇော်အောင် တင်ဇာအေး တေဇော်အော် ကမှ မယုံတာ

    ReplyDelete
  4. တီချမ်းကျေးဇူးအများကြီး အထူးအထူးတင်ပါတယ်။ အခုလို မအားတဲ့ကြားက တောင်းဆိုလာတာ ကို အရေးတယူလုပ်ပြီး တင်ပေးတဲ့ တီချမ်းကို အရမ်းကို လေးစားမိပါတယ်.။ တောင်းဆိုတဲ့ anonymous ပါ။ တီချမ်းပြထားတဲ့ တံဆိပ်နဲ့ ပုံကို ဓါတ်ပုံရိုက်ပြီး ရှာဝယ်လိုက်ပါ့မယ်။ တီချမ်းနှစ်သစ်မှစပြီး ပြီးပြည့်စုံပြီး ကျန်းမာပျော်ရွှင် ပြီး အောင်မြင်တိုးတက်ပါစေလို့ ..

    ဖြိုး

    ReplyDelete
  5. စားသွားတယ်။း)

    ReplyDelete
  6. ရပါတယ် ကြီးတော်ဖြိုးရယ်
    နာမည်တွေ့မှပဲ ငယ်ချစ်ကို သတိရမိတော့တယ် (မောင်မသိစေနဲ့နော်....ရှုး...)

    ကြီးတော်ဖြိုးကတော့ မိန်းကလေးမှတ်တယ်
    တီ့ ငယ်ချစ်ကတော့ ကောင်လေးပါ အဟစ်ဟစ်

    အဲ့အထုပ် က ပါရာဂွမ်က ဂေါမန့်မှာ ရတယ်
    တော့ပ်တို့ တက်စ်ကိုတို့မှာလဲ ရပါလိမ့်မယ်
    နီးစပ်ရာမှာ ဝယ်လိုက်ပါ

    ReplyDelete
  7. ကျေးဇူးတင်ပါတယ် စောင်.နေတဲ.ထဲမှာပါသူတစ်ယောက်ပါ

    ReplyDelete
  8. တီချမ်းရေ

    ပုံ ၆ က ခစ် ခစ်

    အလုပ်မအားတဲ့ ကြားက ပြန်ဖြေပေးတဲ့ တီချမ်းက သိပ် သိပ် ချစ်ဘို့ကောင်းတာဘဲ

    ReplyDelete
  9. ကလေး မလိုချင်တဲ့သူဆို လေးထောင့်ပုံလုပ်စားရမလား =D

    ReplyDelete
  10. တီချမ်း..
    သဘောကျလိုက်တာ အဆင့်တိုင်းစိတ်ရှည်လက်ရှည်ရှင်းပြထားလို့ ..
    အိုင်အိုရာ

    ReplyDelete
  11. ဟုတ်တယ် အိုင်အိုရာ (အမလေး ဟဲ့ ခေါ်ရတာ ထောက်တာ အအရရယ် )

    တီတောင် ကျောက်ကျောထိုးမလို့ဘမ်း မရှိလို့ တခါဘဲ လုပ်စားမှာ သိနေတော့ မဝယ်ချင်ဘူး ပေါင်းအိုးတော့ သွားဝယ်ရမယ် နောက်နေ့ သာကူ ဝက်သား အစာသွတ် လုပ်စားမလို့လာအားပေးအုံးနော်

    ReplyDelete
  12. တီရေ ရန်ကုန်ပြန်တော့ အဲဒီအထုပ်နဲ့ အမေရယ် မုန့်လုံးရေပေါ်လုပ်တာ မာသွားလို့။ အစပ် လိုတာထင်တယ်။

    ReplyDelete
  13. Thanks for your patience and sharing.
    With love,
    Gyidaw

    ReplyDelete