Friday, February 24, 2012

ဘန်ကောက် ချမ်းချမ်း နန်းကြီးသုပ်

ကဲ နောက်ထပ် တခုခု လုပ်စားကြဖို့အချိန်ကျရောက်လို့ လာပြန်ပါပြီ။ ဒီတခါတော့ တနေ့က လုပ်စားမယ်လို့ ပြော ထားတဲ့ နန်းကြီးသုပ်ပါပဲ။ အရင်ကလဲ တခါ လုပ်စားဖူးပါတယ်။ မဘတ်ဖူးသေးသူများ ဒီမှာ ပြန်ဘတ်ပါနော်။

ဒီလိုပဲ တနေ့တနေ့ တခုပြီးတခု လုပ်စားရင်းနဲ့မှ မြန်မာ အစားအစာတွေက လုပ်ရတာ တော်တော်လွယ်တာပဲ လို့ သတိထားမိပါတယ်။ မြန်မာဟင်း မုန့် အသုပ် ဘာဘာညာညာ တော်တော်များများမှာ အဓိက မိန်းက ကြက်သွန်
ဖြူနီ ဆီချက်ပါပဲ။ ကိုယ်လဲ ဒီမှာ လာအလုပ်မလုပ်ခင်က ဘာမှ မတတ်ပါဘူး။ အိမ်မှာက အခန့်သားနေရတာပါ
ခြေမွှေးလက်မွှေးမပြောနဲ့ဘာမွှေးမှ မီးမလောင်ဖူးပါဘူး။ ရေတောင် အိမ်ဖော် ခပ်ပေးတာ သောက်တာပါ။ ခုတော့ လင်လဲ ရကော အကုန် လုပ်ရတော့တာပဲ။ အိမ်ထောင်မှု ဘုရားတည် မှလား အိမ်ထောင်ကျတယ် ဆိုတာ တကယ်တော့ အိမ်ဖော်ဖြစ်တာပါပဲ။ ဒါတောင် ကိုယ်က လင်ကို နိုင်ပေလို့မဟုတ်လို့ကတော့ .........ဟွင်းဟွင်း..
ခုတော့လဲလုပ်ရင်းလုပ်ရင်းနဲ့ တော်တော် တတ်ကျွမ်းလာလို့ စာဘတ်သူတွေ ကတောင် တီချမ်း ဟင်းချက်စာအုပ် ထုတ်ပါလားလို့တောင် ပြောလာကြတဲ့ အဆင့်ကိုရောက်နေပြီပေါ့နော်။ နောက် တီချမ်း ယုံလဲယုံကြည် ကျင့်လဲ ကျင့်သုံးတဲ့ မိုတို နောက်တခုက ဘာလဲဆိုတော့ “ဘယ်သူမှ မွေးကတည်းက မတတ်လာဘူး” ဘာမဆို လေ့လာ ချင်တဲ့စိတ် သင်ယူချင်တဲ့ စိတ်သာရှိပါစေ ဖြစ်ရမယ် လုပ်နိုင်ရမယ် ဟစ်တလာဆိုတဲ့ ငပုကလေး ပြောတဲ့ အတိုင်း ပဲ မဖြစ်နိုင်တာ ဘာမှ မရှိ မဖြစ်သေးတာပဲ ရှိမယ်။ အဲ့တော့ စာဘတ်သူ တွေလဲ လုပ်ချင်တာရှိရင် ဖြစ်အောင်လုပ်
........

ကဲ စကားတွေလဲများပြီးပြီ ဆိုတော့ စချက်လိုက်ကြရအောင်နော်......





နန်းကြီးသုပ်မှာ အဓိကကတော့ တီထင်တာ ပဲမှုန့် နဲ့ အသားဟင်းပါ။ ဒီတခါတော့ မောင်လဲ စားလို့ ရအောင်လို့ နန်းကြီးသုပ်ကို ကြက်သားနဲ့ မချက်ဘဲ ဝက်သားနဲ့ ချက်ကြည့်ပါတယ်။ ထုံးစံအတိုင်း အရည်ကြည် ဟင်းချို တအိုး ကို ဝက်နံရိုးနဲ့ တည်ထားလိုက်ပါတယ်။ အရည်ပိုချိုအောင် အရိုးကြမ်း လဲ ထည့်လိုက်တယ်။ နောက်ပြီးတော့ နံရိုး ကို အသားလေးတွေနွှင်လိုက်တယ် ဟင်းအနှစ်ချက်ရအောင်လို့....ပြီးတော့ ဝက်သား ကီလိုစိတ်သားလောက်ကို အရည်ထဲမှာပဲ ထည့်ပြုတ်ထားတယ်။ ပြီးတော့ အသားတုံးကို အမျှင်လေးတွေ ဖြစ်အောင်နွှင်ထားလိုက်ပါတယ်။ အသားနွှင်ထားတဲ့ ပုံကို ရိုက်ဖို့ မေ့သွားတယ်။ အောက်က ချက်တဲ့ အိုးထဲမှာ ကြည့်လိုက်ပါ။ တချို့ကလဲ ဝက်သား ကိုတုံးပြီး ချက်လဲရတယ်။ တီကတော့ ပြုတ်ပြီးနွှင်တာကို ပိုကြိုက်လို့ အချောင်းချောင်းလေးတွေဖြစ်လို့လေ။





ကဲ ချက်ပါမယ်။ ကြက်သွန်ဖြူနီကို လိုသလောက် ကြိတ်ထားပါ။ ဆီပူလာရင် ကြက်သွန်ဖြူနီ ထည့်၊ အရောင်တင် မှုန့် နနွင်းမှုန့်ထည့် ကြက်သွန်ဖြူနီ ကျက်ရင် အသားလေးတွေထည့် ပြီးတော့ ဆား အချိုမှုန့်ထည့် ပြီးတော့ ခဏ
မွှေပေးပါ။ အသားတွေ ကျက်လောက်ပြီဆိုရင် ခုနက အရိုးပြုတ်ဟင်းရည် နည်းနည်းထည့်လိုက်ပါ။ ပြီးရင် ဆီပျံ လာတဲ့အထိတည်ပေးပါ။ ဆီလေး နည်းနည်းပိုထည့်ပါနော် အသုပ်နယ်တဲ့အခါ ပိုထည့်ရအောင်လို့။ ပုံကိုကြည့်။





တခြားပြင်ဆင်စရာရှိတာလေးတွေလဲ ပြင်ထားရအောင်ပါနော်။ တချို့က အချဉ်ကို မန်ကျည်းရည်လေးနဲ့ စားချင်
တယ်ဆိုလို့ မန်ကျည်းရည်လေးလဲ ပြင်ထားပေးပါတယ်။ တီကတော့ သံပရာသီးနဲ့ ပိုကြိုက်တယ် အချဉ်ချင်းတူတူ ပိုမွှေးလို့ တချို့အသုပ်တွေက မန်ကျည်းရည်နဲ့ လိုက်ပေမယ့် နန်းကြီးသုပ် တို့ ဝက်သားချဉ်သုပ်တို့ကတော့ သံပရာသီးနဲ့ မှလိုက်တယ်ထင်ပါတယ်။ သို့သော်လဲ လူတကိုယ် အကြိုက်တမျိုးဖြစ်တဲ့အတွက် နှစ်မျိုးလုံး ပြင်ပေး
ထားတာပေါ့နော်။ နောက် ကြိုက်တဲ့သူတွေ ထည့်စားလို့ ရအောင် ကြက်သွန်နီကိုလဲအကွင်းလေးတွေ လှီးပေး ထားပါတယ်။ မှတ်ချက် တီကတော့ နန်းကြီးသုပ်ထဲမှာ ကြက်သွန်ထည့်သုပ်တာ “လုံးဝ” မကြိုက်ပါ။





ဒါကတော့ တနေ့က စာဘတ်သူတယောက်က အရင် မန္တလေးသွားတုံးက စားတဲ့ နန်းကြီးသုပ် ပိုစ့်မှာ ကွန်မန့် လာရေးတာနဲ့ ပြန်ကြည့်တာ သူတို့က ငါးဖယ်လုံးလေးတွေ ထည့်တာတွေ့ပါတယ် (မှတ်ချက် တီက ငါးဖယ် ကိုအဲ့လို လုံးတာလဲ မကြိုက်ပါဘူး) အဲ့တော့ ဝက်သားလုံးထည့်ပါတယ်။ ဘာထည့်ရမယ် ဘာမထည့်ရဘူး စည်းမျဉ်း စည်းကမ်း မရှိဘူးလေနော် ကြိုက်တာသာထည့်။ လိုလျှင်ကြံဆ.......ဘာဖြစ်လဲပရိတ်သတ်ကြီး......... (မိုက်ကို ပရိတ်သတ် ဘက်လှည့်လိုက်တယ် ပြီးတော့ ရေတခွက်ပြေးသောက်တယ်)





အခု ဒီမှာ (ထိုင်း) က နန်းကြီးဖတ် ကိုဖရက်ရှ် မရလို့ ကျိုင်းတုံဘက်က ရှမ်းခေါက် မြီးရှည်ခြောက်ကို ရေစိမ်ထား၊
ပြီးတော့ ပြုတ် တော်တော်ကြာကြာ ပြုတ်ရပါတယ်။ သူကတော်တော်မာတာကိုး။ အရင်တခါ လုပ်စားတုံးကလဲ နန်းကြီးဖတ်မရလို့ ဗီယက်နမ် ခေါက်ဆွဲ “ဖာ” (English လို ဘိုသံနဲ့ FUR လို့ ထွက်ပါ မြန်မာသံပီပီသသ မထွက် ပါနဲ့) နဲ့လုပ်စားရပါတယ်။ ပြုတ်ပြီးလို့ နန်းဖတ်တွေ ရပြီဆိုရင် ရေအေးလေးနဲ့ ဆေးပြီး စစ်ထားပါ။





ဘဲဥအစားကြက်ဥပဲ ပြုတ်လိုက်တယ်နော် နောက်ပြီးတော့ ခွာပြီး သေးသေးလေးတွေလှီးထားပါ။ ထည့်နယ်လဲ ရတယ် ဖြူးပြီးစားလဲရတယ် တီကတော့ ထည့်လဲနယ်မယ် ဖြူးပြီးလဲ စားမယ်။





ဒါကတော့ ပွဲပြင်ခါနီးပါ။ ခုနက ကြိုပြင်ထားတဲ့ ကြက်သွန်နီ အကွင်းကြီးလှီး၊ မန်ကျည်းရည် ဝက်သားလုံးပြုတ်တို့ အပြင် ပဲမှုန့်အကျက်မှုန့်၊ ငံပြာရည်၊ နောက် မနက်က နံရိုးကနေ ခွာထားတဲ့ ဝက်သား (ဖြူးစားဖို့ပါ) ဆီချက်၊ ဆား အချိုမှုန့် ငရုတ်သီး အကျက်မှုန့်၊ နံနံပင်စတာတွေ လိုပါမယ်။ မုန့်ကျွတ်ကြော်ကိုတော့ မောင်လဲမကြိုက် ကိုယ်လဲ မကြိုက်သလို အလွယ်လဲ မရှိတာနဲ့ မထည့်တော့ပါဘူး။ သူက တကယ်တော့လဲလှပဲလှတာ အရသာလဲမရှိဘူး။ တကယ်လို့ အဲ့လို ထည့်စားမယ် ဆိုရင် ကိုယ်ကတော့ မုန့်ကျွတ်အစား တိုဟူးခြောက်ပြား ကြော်လိုပဲ ထည့်ချင် တယ်။





ဒါလေးကတော့ ပွဲလှလှလေးပြင်ထားတာပါ။ တီက သံပရာသီးနဲ့ ပြင်ပါတယ် ကြက်သွန်နီကွင်းတွေက ပုံရိုက်ရင် လှအောင်ထည့်ထားတာပါ နယ်တော့ ပြန်ဖယ်လိုက်ပါတယ်။ ဘေးကတော့ မနက်က နံရိုးပြုတ်ထားတဲ့ ဟင်းရည် ကို နံနံပင် ခပ်ထားတာပါ။ ကဲ တွေ့လား ဝက်သားလုံးလေးတွေကိုလဲ တဝက်အရွယ်တုံးလေးတွေ ညှပ်လိုက်၊ ကြက်ဥပြုတ်လေးတွေထည့်၊ အသားများများထည့် ဆိုင်ရောင်းတမ်း မဟုတ်ဘဲ အိမ်လုပ်စား ဖြစ်တဲ့ အတွက် စိတ် ကြိုက်သာ ထည့်ပါနော်။ အားမနာပါနဲ့။ အသားများလေး စားကောင်းလေ။ ဆီလေးလဲ ရွှဲပါစေနော်။





ဒါကတော့ နယ်ပြီးဖတ်ပြီးသား ပုံပေါ့။ အရမ်းအရမ်းကို စားကောင်းပါတယ်။ အိုအီရှိ၊ ကောင်းမှကောင်းပဲ။ မစားရတာကြာလို့ ထင်တယ် တော်တော့် ကိုကောင်းတယ်။ တီလဲ စားလိုက်တာ အားရပါးရ နှစ်ပွဲ ကုန်တယ်။ အသားကို အနှစ်ထဲက အသားမျှင်တွေအပြင် နံရိုးက အသားတွေလဲ ထပ်ဖြည့်စားပါသေးတယ်။ မောင်ကတောင်
ပြောနေသေးတယ် ဝက်သားနဲ့လဲ ကောင်းတာပဲနော်တဲ့။





ဒါကတော့ လမ်းထိပ်ကနေ ဝယ်လာတဲ့ ကျွဲကော်သီး အချိုပွဲပါ။





ထုံးစံအတိုင်း နန်းကြီးသုပ်စားပြီးတော့ သူငယ်ချင်းတွေ နဲ့ လေပစ်ဖို့ လုပ်ပါတယ်။ မုန့်ဖုတ်တဲ့ မမယာ နဲ့ တုတ်ထိုး ကြည်လဲ့ တို့လဲ ရောက်နေတာနဲ့ အရက်သောက်ကြမယ် ဆိုပြီး လုပ်ပါတယ်။ တီနဲ့ မယာက ဝိုင်ပဲ သောက်တယ် ကြည်လဲ့ တယောက်ထဲ အရက်ပြင်းသောက်တာ။ ကြက်ကြော် ရယ်၊ သံပရာသီး ကို အခွံနဲ့ သေးသေးလေးတွေ
လှီးထားတာရယ်၊ နောက် ၇-၁၁ ကနေ ဝယ်လာတဲ့ ရေညှိ ရယ် ပုစွန်မုန့်ရယ် အမြည်းတွေပါ။ နည သောက်ချင်နေ
ပြီမှလား။ အရင်တုံးက စီဘောက်စ်တွေမှာ ချိန်းချိန်းသောက်ကြတဲ့ ခွက်ပုန်းဘလောခ်ဂါတွေကို သတိရပါတယ်။





ပြီးတော့ ကြည်လဲ့က ဒေါ်ရီတာ ယူလာတဲ့ စလုံးရောက် မြန်မာပြည်ပေါက်လက်ဖက်ကို ပုစွန်ခြောက် နိုင်းချင်းနဲ့ ကြက်သွန်ဖြူ ပါးပါး ငရုတ်သီးစိမ်း ရိတ်ရိတ်တွေနဲ့ ဆီရွှဲရွှဲဆမ်းပြီးသကာလ နှပ်ပေးပါတယ် ရှယ်ပဲ။





အရက်သောက်တာ တစခန်းရပ်သွားတော့ ရုပ်ရှင်ကြည့်ကြတယ်။ ပြီးတော့ တခုပြီးတခု လုပ်စားတတ်ကြတဲ့ တီတို့ ဝါသနာ အရ မမယာ INDEX ကနေ ဝယ်လာတဲ့ ဆင်းဒွတ်ရှ် လုပ်စက်ကို စမ်းကြမယ် ဆိုပြီးတော့ ချိစ် နဲ့ ဘေကွမ် ညှပ် ပေါင်မုန့် လုပ်စားကြပါသေးတယ်။





လုံးဝ မခက်ပါဘူး။ ကိုယ့်ဘာသာ လုပ်စားရင် များများစားရပါတယ် ၇-၁၁ မှာ ဝယ်စားရင် ဈေးကြီးတယ် နှစ်ခုပဲ ရတယ်။ လိုတာက ပေါင်မုန့် နဲ့ ချိစ်ပြားနဲ့ ဝက်ပေါင်ပဲ။ ပုံကိုကြည့်ပါ။





ပြီးရင် စက်ကို အပူပေး၊ ပေါင်မုန့် ပေါ်ကို ဘေကွမ်တင် ချိစ်ပြားထပ် ပေါင်မုန့် နောက်တချပ် ထပ်ညှပ် ပြီးတော့ စက်ထဲထည့်။ ခဏ အပူပေးလိုက်ရင် ရပါပြီ။ စက်က အော်တိုဆိုတော့ မီးငြိမ်းသွားရင် ရပြီပေါ့။ ချိစ်တွေက အပူနဲ့
ပျော်ပြီး ဘေကွမ် နဲ့ ပေါင်မုန့် ကြား ဝင်သွားပါတယ်။





ထုံးစံအတိုင်း အစာပိတ် အနေနဲ့ ကတော့ ကော်ဖီပေါ့နော်။





ဒါကတော့ တနေ့လုံး ရှော့ပင်း ပတ်လာတဲ့ တီချမ်း ခြေထောက်ကို ရေနွေးစိမ်ဖို့ မောင်လုပ်ပေးတာပါ။ ပြီးတော့ လိုရှင်းလေးနဲ့ နှိပ်ပေးသေးတယ်။ မောင် တီချမ်း ကို ရတာ သိပ်ကံကောင်းတယ်နော်။ တီ့ ခြေထောက်ကို ကိုင်ခွင့် ရလို့..........ဟိဟိ။





အမှန်က ပိုစ့်က တနေ့ကတည်းက ပုံတွေ တင်ထားတာ ခုတလော အလုပ် နည်းနည်းများနေလို့ နောက်ကျပြီး တင်ဖြစ်တယ်။ ဟင်းတွေ ချက်ထားတာ ရှိသေးတယ်။ နောက်နေ့မှ နော်........
ခုတောင် အလုပ်နဲ့ သင်တန်းပေးဖို့ Rayong ရောက်နေလို့ .........ဒီတပတ်လုံး စနေရော တနင်္ဂနွေရော အပါအဝင်
နောက်အပတ် စနေ အထိ သင်တန်း နှစ်ခု Back to Back လုပ်နေပါတယ်။ မအားတော့ သိပ်တင်ဖြစ်မယ် မထင်ဘူး။ တလောက ဟင်းချက်ထားတဲ့ ပုံတင်ပြီးသားတွေ တော့ အားရင် အားသလိုတင်ပါမယ်နော်။


A Chen
12:58 PM
Friday
24th Feb 2012
Phavina Hotel/Service Apartment
Rayong,
THAILAND

14 comments:

  1. Replies
    1. OMG do we do that in my blog????

      i think it is only for famous blogger like KOM LOL

      next time when you come to my blog BYOD so that we can have a fun fun fun

      TGIF huuuuuuuuu

      i am so tired

      Delete
  2. Pork Nangyi ............
    I think you are the fist pioneer.

    ReplyDelete
  3. အံမယ်မင်း အောက်ဆုံးပုံက ကဗျာအဆန်ဆုံးပါလားဟရို.။

    ReplyDelete
    Replies
    1. ဟုတ်ပါ့ အနောရေ တီတောင် တင်ပြီးတော့ ရုတ်တရက်ကြည့်တော့ တမျိုးကြီး

      Delete
  4. နန်းကြီးသုတ်ကဝက်သားနဲ့သုတ်တာပိုကြိုက်တယ်။လက်ဘက်သုတ်လေးစားချင်တယ်အကြော်မပါဘဲပုစွန်ခြောက်နိုင်းချင်းနဲ့ဆိုကြိုက်မှကြိုက်။ပိာုနေ့ထဲကနန်းကြီးသုတ်မယ်ဆိုလို့လာချောင်းနေတာခုမှဘဲတင်တယ်။တီလူဆိုး။မြကျေး

    ReplyDelete
    Replies
    1. ဟုတ်ပ့ါ မြကျေးရေ
      နန်းကြီးသုပ်က ဝက်သားနဲ့လဲ ကောင်းပါတယ်
      လက်ဘက်လေးလဲ ကောင်းမှကောင်း

      မအားသေးလို့ပါတော်

      Delete
  5. ကျုပ်တို့ မန်းလေးနန်းကြီးသုတ်နဲ့တော့ စတိုင်မတူဘူးတော်ရေ့....
    မန်းလေးစတိုင်က ဆီဝါနဲ့ ငဖယ်အပြားလိုက်ညှပ်ထည့်ပြီး သုတ်တာအေ့။
    ကြက်သွန်ကို အကွင်းလိုက်မလှီးဘဲ ပုံမှန် စက်ဝိုင်းခြမ်းပုံပဲ လှီးတာမျိုး။
    အောက်ဆုံးပုံကြည့်ပြီး မောင့်ကို သနားသွားတယ်း)) ခွိ....

    ReplyDelete
    Replies
    1. ဒါကတော့ ရှင်က သက်သက်ကပ်တာပါ ဒေါ်ချစ်ရယ်

      ဆီက နနွင်း အသုံးများရင် ဝါတာပေါ့ ကျုပ်က အရောင်တင်ဆီ ပိုသုံးတာ

      ငါးဖယ် မကြိုက်လို့ ဝက်သားလုံးထည့်တာ ရှင်းထားတယ်လေ ဟွင့်

      ကြက်သွန်ကလဲအလှပါဆို ဘာပဲ ပြောပြော ရန်ကုန်ကမှ မြို့တော် နော် ခွိ အလကားပြောတာ မန်းလေး က မုန့်တွေကို ပိုကြိုက်တယ် ဖက်ထုပ်တို့ မြီးရှည်တို့ ကီးမားတို့ ဦးနှောက်ခေါက်ဆွဲတို့အကင်တို့မာလာဟင်းတို့ရှလွတ်

      Delete
  6. စာရေးတဲ့ပုံ သဘောကျတယ်။
    တပြုံးပြုံးနဲ့ ဖတ်မိတယ်။
    အနောတွေကို မဖြုတ်ပါနဲ့အေ။
    နာမည်ရင်းနဲ့ သုံးတဲ့ ဂျီမေးကလည်း ၀င်မထားတော့ အလုပ်ရှုပ်လို့ပါ

    ReplyDelete
  7. စာရေးတဲ့ပုံ သဘောကျတယ်။
    တပြုံးပြုံးနဲ့ ဖတ်မိတယ်။
    အနောတွေကို မဖြုတ်ပါနဲ့အေ။
    နာမည်ရင်းနဲ့ သုံးတဲ့ ဂျီမေးကလည်း ၀င်မထားတော့ အလုပ်ရှုပ်လို့ပါ

    ReplyDelete
  8. Learn to lose weight

    http://d7fdex1ztjc0mldaz8qileqqpo.hop.clickbank.net/?tid=FAT

    ReplyDelete
  9. တီတီချမ်း.ဝက်သားလုံးလုပ်နည်းလေးလဲပြောပြပါအုံးနော်.

    ReplyDelete