Tuesday, February 7, 2012

weekend and ဘာဘာညာညာ

ကဲ လာပါပြီ ဒီတခါတော့ ပုံတွေအများကြီး နဲ့ တဝကြီး ကြည့်ရအောင်တင်ပါ့မယ်။

အခုစာရေးနေတဲ့ အချိန်က အင်္ဂါနေ့ည ၁၁ နာရီ ခွဲပါ။ မနေ့ကကော ဒီနေ့ ကော တီချမ်းတယောက် (ထုံးစံအတိုင်း) ရုံးမတက်ပါဘူး........နေမကောင်းလို့ပါ။ နေမကောင်းတာက ဗိုက်မကောင်းတာပါ။ ဗိုက်မကောင်းတဲ့ အကြောင်း က တနင်္ဂနွေနေ့ ညနေကနေစပါတယ်။ အစကနေ စပြောပါမယ်။ ဖြည်းဖြည်းလာပါမယ် နားထောင်နော်။

စနေကတော့ ဘာလုပ်သလဲ သေချာ မမှတ်မိတော့ပါဘူး။ မှတ်မိတဲ့ တနင်္ဂနွေနေ့ က စပြောပါမယ်။
အော် မှတ်မိပြီ စနေနေ့က ညနေပိုင်းမှ ထတယ်။ ကလေးတွေနဲ့ ပါရာဂွမ်မှာ မုန့်စားတယ်။ မစ်ရှဲ ရီးယိုးရဲ့ ရုပ်ရှင် the lady သွားကြည့်တယ်။ ကောင်းပါတယ်။





ဘာမှ ပြောစရာ မရှိပါဘူး။ ရုပ်ရှင်လဲကောင်းတယ်။ သရုပ်ဆောင်တာလဲ ကောင်းတယ်၊ မြန်မာလိုပြောတာလဲကောင်းတယ်။ လူတွေငိုကြတယ်။ မြန်မာတွေ လဲအများကြီး လာကြည့်တယ်။ အကုန်ကောင်းတယ် ဆိုပါတော့။ တခုပဲ ပြောစရာရှိတယ်။ မြန်မာ အမျိုးသမီး တယောက် အတွက် ဂုဏ်ယူစရာ ကားကို မလေးရှား တရုတ်မတယောက် နဲ့ ရိုက်တာကိုတော့ ဘဝင်မကျဘူး။ တမျိုးမထင်ပါနဲ့ တီချမ်းလဲ တရုတ်ပါ သို့သော် မြန်မာပြည်ပေါက်တရုတ်ပါ အဲ့တော့ မြန်မာ လို့ ပဲ ကိုယ့်ကိုကိုယ် ခံယူပါတယ်။ ထားတော့ ပြောချင်တာ အဲ့တာနဲ့ မဆိုင်ပါ။ အရင်တခါ မီးမွားအော်ဖ့် ဂေရှားမှာလဲဂျပန်ပြည် ပြည့် တန်ဆာမလေးတွေ အကြောင်းကို တရုတ်မ ၃ ယောက်နဲ့ ရိုက်လို့ အဲ့ရုပ်ရှင်က အဝေဖန်ခံရတာ မှတ်မိပါတယ်။ ဂျပန်တွေထဲမှာ အဲ့လို သရုပ်ဆောင်နိုင်တဲ့ မိန်းကလေးတွေ မင်းသမီး တွေ မရှိလို့လား မေးစရာဖြစ်ပါတယ်။ အခုလဲ အတူတူပါပဲ။ တလက်စတည်း မဆီမဆိုင် တနေ့က ကြည့်ဖြစ်တဲ့ purple plain ထဲက ဝင်းမင်းသန်း ကိုသတိရပါတယ်။ ပြောသွားတဲ့ အင်းဂလိရှ် က သိပ်ကို ကောင်းပါတယ်။ ဘရစ်တစ်ရှ် အက်ဆန့် နဲ့ပါ။ ထားတော့။
တခုပဲ ပြောစရာရှိတယ် ဒီကားက အချစ်ကား သက်သက်တော့ မဟုတ်ဘူး။ သို့သော် နိုင်ငံရေးကားလားဆိုတော့လဲ မပေါ်ဘူး။ ပြောချင်တဲ့ မက်စေ့ခ်ျ မရဘူး။ သို့သော် သရုပ်ဆောင်ချက်တွေကတော့ တကယ့်ကို ကောင်းမွန်ပါတယ်။





တနင်္ဂနွေနေ့ကျတော့ နေ့လည် ၃ နာရီလောက် နိုးလာပါတယ်။ ဟုတ်ကဲ့ အဲ့တာ စောတာပါ။ နိုးလာတော့ လင်မယား နှစ်ယောက် နေ့လည်စာ ထွက်စားကြပါတယ်။ ဝေးဝေး လံလံ လဲ မသွားချင်တာနဲ့ အိမ်နားမှာပဲ အသစ်ဖွင့်တယ်ဆိုတဲ့ ဗီယက်နမ် ခေါက်ဆွဲ သွားစာပါတယ်။ ဖာ (အင်းဂလိရှ် လို fur နဲ့အသံထွက်ပါနော် မြန်မာ ပီပီ သသ မထွက်လိုက်ပါနဲ့) လို့ ခေါ်တဲ့ ကော်ရည်ခေါက်ဆွဲ သွားစားကြတာပါ။ တယောက်တပွဲ နောက် ကိုယ်က ကော်ဖီအေး နဲ့မောင်က ကိုကိုးအေး သောက်တယ်။ ပုံကို ကြည့်ပါ မမွှေခင်ပုံနဲ့ မွှေပြီး ပုံတွေဖြစ်ပါတယ်။ တပွဲ ၃၅ ဘတ် ကော်ဖီ ကလဲ ၃၅ တယောက် ၇၀ နှစ်ယောက် ၁၄၀ ဘတ် ကိစ္စ ပြတ်ပြီ။ မြန်မာပြည်ထက် သက်သာပါတယ်။ ပြီးတော့ အိမ်နားက စင်ကျူရီ ဆိုတဲ့ ရှော့ပင်းမော မှာ ဆံပင်ညှပ်ပါတယ်။ နောက် တော့ ဘေးနားက စင်တာ ဝမ်း ဆိုတာ ကို ထပ်သွားပြီး သကာလ အခွေ ဝယ်ပါတယ်။
ထွေထွေထူးထူးရေးစရာမရှိပါ။ ဆံပင် ပုံကတော့ နောက်မှ ကြည့်တော့ အောက်မှာပါတယ်။





ပြီးတော့ အမ်ဘီကေ မှာ သွားပြီးတော့ မောင့်အမ အတွက် အိတ်ဝယ်ပါတယ်။ ဘလက်ကင်နျွန် မှာ ငါးနဲ့ အားလူကြော် စားပါတယ်။ အမှန်ကတော့ အားလူးချောင်းကြော်စားချင်လို့ မှာလိုက်တာ မကောင်းပါဘူး။ ငါးက စားလို့ ဖြစ်ပြီးတော့ အာလူးချောင်းကြော်က တော်တော့် ကိုညံ့ပါတယ်။ မောင် က သူ့ကို မွေးနေ့ က ဝယ်ပေးထားတဲ့ ဖုန်းအသစ် ကို ကလိနေပါတယ်။ ဘေးကတော့ အမောပြေ ကိုယ်သောက်တဲ့ သံပရာ လက်ဘက်ရည်အေးပါ။ မောင်ကတော့ ရေပဲသောက်ပါတယ်။





ဘုရားစူး ဘန်ကောက်မှာ နေတာပဲ ၄ နှစ်ပြည့်တော့မယ် တခါမှ အမ်ဘီကေ တိုကယူ မှာ ဓါတ်ပုံ မရိုက်ဘူးပါဘူး။ ဒီနေ့တော့ ကင်မရာ နှစ်ကျပ်ခွဲ ကလဲ ပါလာတာနဲ့ မောင့်ကို ပုံလေးတွေ ရိုက်ပေးပါတယ်။ လှတာလေးတွေ ရွေးတင်လိုက်တယ်။ သိပ်တော့လဲ မရွေးရပါဘူး ဘယ်လိုရိုက်ရိုက် ကြည့်ကောင်းနေတာကိုး ဘယ်သူ့ လင်လဲ မသိဘူးနော်။ လက်ရာကတော့ ကိုယ့်လက်ရာတွေဖြစ်ပါတယ်။





တွေ့ပြီလား ဆံပင် ကို။ အရင်က မြန်မာပြည် ကို နှစ်လ တခါပြန်တိုင်း ညှပ်နေကျပါ။ အခုတော့ အရင်တခေါက် နိုဝင်ဘာပြန်တုံးက သိပ်မရှည်တော့ မညှပ်ရတာရယ် ဒီဇင်ဘာ ပြန်တော့ ဆံပင်ညှပ်ဆိုင်က ပိတ်ရက်ရှည်နဲ့ ကြုံနေတာရယ်တွေ ကြောင့် မညှပ်ခဲ့ရတာ ခုတော့ ယပလက်မ လက်ချက်မိ သွားပြီး ဒီလိုပုံ ထွက်လာပါတယ်။ ကိုယ်ကလဲ တိုတိုပဲ ကြိုက်လို့ သူတို့ဆီက စစ်သား ကေ လို့ ပြောလိုက်တာ သူ ညှပ်လိုက်တော့ ဒီလိုထွက်လာတယ်။ ကိုယ်ကတော့ ကြိုက်တယ် မောင်ကတော့ ဆရာလေး နဲ့တူတယ်ပြောတာပဲ မယ်သီလ ပြောတာပါ။ ကျောင်းဆရာ မဟုတ်။ ကိုယ့်လက်ရာထဲက နောက်ဆုံး ပုံကို အထူးသဖြင့် ကြိုက်ပါတယ်။ နောက်က မီးတွေ ရောပေါ့။





အမ်ဘီကေ ကပြန်တော့ ဘန်ကောက်ရောက်နေတဲ့ အမ နဲ့ ထမင်း ထွက်စားပါတယ်။ လမ်းဘေး အစားအစာ စားချင်တယ် ဆိုလို့ အကင်ခေါ်သွားစားတာပါ။ အပေါ်က နှစ်ခွက်က မှို စုံ ငပိ ဟင်းရည်း နဲ့ ကြက်သား မန်ကျည်းရွက် ချဉ်စပ် ဟင်းရည်ပါ။ ရောင်းတဲ့ လူ ချက်နေတာ ကိုကြည့်လိုက်တာနဲ့ ကို ချက်တတ်သွားပြီ။ တော်လိုက်တဲ့ တီချမ်းနော်။ နောက်နေ့ကျ ဝက်နံရိုးနု နဲ့ တင်ပေးမယ်နော်။ ချက်နည်း ပုံစံအတိုင်း။ ကြက်တော့ မသုံးတော့ဘူး။ မောင်မစားလို့။ မှို ဟင်းရည်ကတော့ ငပိရည် ရည် ဆန်လှော်ရည် ရယ် နောက် သူတို့ ရိုးရာ အရည်တမျိုးထည့်တော့ အဲ့တာတွေ မပါဘဲ ချက်မရနိုင်ပါဘူး။ နောက်တော့ နည်းရရင် ချက်ပြီး တင်ပေးပါအုံးမယ်နော်။





အောက်ကတော့ အမ အမျိုးသား နဲ့ မောင် စားတဲ့ ဂုံးအစိမ်း နဲ့ အစာမပလာတွေပါ။ သူက ကြက်သွန် ဖြူနီကြော်တွေ ငရုတ်သီးဆီချက်တွေ အရွက်တွေနဲ့ စားရတာ ကောင်းပါတယ်။ ကိုယ်လဲ စားတယ်။ နောက်ဆုံးပုံက ကင်းမွန်ကင်ပါ။ အထဲမှာ ဥတွေနဲ့ တွေ့လား မိုက်မှမိုက်ပဲ။





အောက်က ခရု ချို ရယ် မာစဲယ် ရယ် ဂဏန်းရယ်ပါ။





ထုံးစံအတိုင်း တိုတိုထွာထွာတွေ လျောက်စား ညဘက် အိမ်ပြန်ရောက်ရင် ဗိုက်ထပ်ဆာ တာ တီချမ်း အကျင့်ပါ။ ခုတော့ မောင့်ကိုလဲ တော်တော်ကူးနေပါပြီ။ ဒီလိုပေါ့နော် တီချမ်းနေဏ တီချမ်းနော ပေါ့။ မောင်က ထမင်းပူပူလေးချက်မယ်ဆိုတာနဲ့ ကိုယ်က ကြက်ဥ ကြော်ပါတယ်။ ထုံးစံအတိုင်း လောဘ နဲ့ပါ။ ဘေးကတော့ သံပရာသီး ၃ လုံးကို ဆားနည်းနည်း သကြားရည် ပျားရည်များများနဲ့ ဖျော်ထားတဲ့ ရှယ်တကာ့ရှယ် စူပါရှယ် သံပရာ ရည်ပါ။





နောက်ထပ် ဘာရှိသေးလဲ ကြည့်တော့ သခွားသီး တလုံးတွေ့တာနဲ့ ဟင်းရည်ချက်မယ်ပေါ့။ ရေခဲသေတ္တာထဲ ထပ်မွှေတော့ တနေ့က ဖက်ထုပ်ရဲ့ အသားနယ် တွေ ကျန်နေတာ တွေ့ပါတယ်။ အဲ့တာနဲ့ ရေကို လိုသလောက်တည်။ ခနော် ဝက်သား ၂ တုံးထဲ့။





သခွားသီးလေးတွေပို ပုံမှာ ပြထားတဲ့ အတိုင်းလှီး၊ ရေဆူလာရင် ပစ်ထည့်။ ဝက်သားလေးတွေကို လက်နဲ့ လုံးပြီး ထည့်။ ရေဆူရင် ချိုပေါ့ ငံမြည်း အရသာရှိတဲ့ ချက်ရလွယ်ကူတဲ့ သခွားသီး ဟင်းရည် တခွက်ရပါပြီ။





မောင့်အတွက်ကတော့ ဘရိုကိုလီ ကြော်ပေးလိုက်ပါတယ်။ ဆီနည်းနည်း ခရုဆီ လေးဆမ်းပြီး ကြော်လိုက်တာပါ။
တွေ့လား စားချင်စရာ အငွေ့တောင် ထွက်နေသေးတယ်။





မောင်က သူ့ထုံးစံအတိုင်း ဟင်းမရှိရင် သုပ်စားနေကြ ခရမ်းချဉ်သီး သုပ်ပါတယ်။ အံမလေးနော် သူဌေးမနဲ့ ညားနေပေလို့ပဲ။ ဟင်း ၂ မျိုး ၃ မျိုး နဲ့ ကို ဒင်းက မစားနိုင်ဘူး။ ဘေးကတော့ ကိုယ့် သခွားသီး အသားလုံး ရှယ် ဟင်းရည်ပါ။





ဇာတ်လမ်းက ခုမှ စတာ။ နေ့လည် အပြင်ထွက်ခါနီးကျတော့ အိမ်က maid မိတ်က သူတို့ နေ့လည်ဘက် ထောင်း စားဖို့ သင်္ဘောသီး ခြစ်နေပါတယ်။ သူတို့တွေက အဲ့လိုပဲ နေ့လည် ဘက်ကို တခုခု လုပ်စားနေကြ။ အဲ့တာနဲ့ တီလဲ သင်္ဘောသီး ခြစ်ပြီး ရင် တပန်းကန်လောက်ပေးပါလို့ တောင်းလိုက်တယ်။ တလောကတည်းက သင်္ဘောသီးခြစ်ကို ရှမ်းလို ပဲပုပ်မှုန့်လေးနဲ့ သုပ်စားချင်နေတာပါ။ ချင်ချင်း တပ်နေတယ်ဆိုပါတော့။ အသုပ်စုံ လုပ်စားတဲ့ နေ့ကတောင် သုပ်စားမလို့ သင်္ဘောသီး မလောက်လို့။ ထားတော့ ခုတော့ ရပြီ။ အဲ့တာနဲ့ ပြန်လာတော့ သင်္ဘောသီးကို ရှမ်း လိုသုပ်စားပါတယ်။ လွယ်လွယ်လေးပါပဲ။ ပဲပုပ်ဖုတ်ထောင်းထားတဲ့ အမှုန့် ထည့်၊ ဆီချက်၊ ဆား အချိုမှုန့် မန်ကျည်းရည် ပဲမှုန့် စတာတွေ ထည့်ပြီးတော့ နယ်လိုက်ရင် ရပြီပေါ့။ ငယ်ငယ်က ကလေးဘဝမှာ ကျိုင်းတုံ ကို ပြန်တိုင်း အဖိုးဆုံးတဲ့နေ့လား တစ္ဆေကြီး ကန်တော့ပွဲနေ့လားမသိ သင်္ချုံင်းကုန်မှာ သွားကန်တော့ ရတဲ့ နေ့ဆို အဲ့မှာ ရောင်းတဲ့ သင်္ဘောသီး သုပ်ကို ဝယ်ဝယ်စားရပါတယ်။ ကလေးဘဝကတော့ ငတ်တော့ ဘာစားစား ကောင်းတာချည်းပဲ။ ခုလဲအဲ့အရသာလေးကို သတိတရ နဲ့ ကို သုပ်စားတာပါ။ နည်းမသိလို့ ကျိုင်းတုံ့ကိုတောင် တကူးတက အိုဗာစီး ခေါ်ပြီး နည်းမေးထားတာနော်။ သုပ်စားကြည့် သိပ်ကောင်းတယ်။ ထူးထူးခြားခြား လိုတာ ပဲပုပ်မှုန့် တခုပဲ။





အဲ့တာ ညနေက သုပ်စားတာပါ။ မိတ်လာပေးတာ သိပ်နည်းတော့ သုပ်လိုက်တာ ကြောင်စာ လောက်ပဲ ရတယ်။ မလောက်ဘူး။ အဲ့တာနဲ့ ညဘက်ကျတော့ မောင်နဲ့ ကိုယ်ထပ်စားချင်လာတာနဲ့ အိမ်နားက ညဈေး ကို တက္ကစီ နဲ့ သွားပြီး သင်္ဘောသီး အစိမ်းဝယ် ခြစ် သုပ်စားကြပါသေးတယ်။ တဇလုံကြီးကို သုပ်စားတာ။ အဲ့တော့ ဗိုက်နာတာပေါ့။ ဗိုက်နာတော့ ဘာဖြစ်သလဲ ဘာမှ မဖြစ်ပါဘူး။ တနင်္လာ အင်္ဂါ ရုံးပျက်တာပေါ့ ကဲ ဇာတ်လမ်းကတော့ မသန်းပဲနော်။ အော် ပြောရအုံးမယ် အစားတလုတ်အတွက် လေ သင်္ဘောသီးစိမ်းက တလုံးကိုမှ ဘတ် ၂၀ တက္ကစီ ခက ဘတ် ၈၀ အဲ့တာလဲ ဝဋ်ပဲထင်တယ်။ တီချမ်း တို့များ မသေခင်ကတည်းကို က ပြိတ္တာဖြစ်နေတာ ပြောပါတယ်။




ဒါကတော့ ဒီနေ့ မနက် မောင် ခေါက်ဆွဲပြုတ်နဲ့ တွဲဘက်စားတဲ့ ရှမ်း မုန်ညှင်းချဉ်ပါ ဟုတ်ကဲ့ တလောက အသုပ်စုံ လုပ်စားတဲ့နေ့က ချဉ်ထားတာ ခုတော့ စားတဲ့ အနေကိုရောက်ပါပြီ။





ဗူးထဲကနေ ကိုယ်စားချင်သလောက်ကို ဇွန်းသန့်သန့်နဲ့ ခပ်ထုတ် နယ်မယ့် ဇလုံထဲ ထည့် ငရုတ်သီး ပါးပါးလှီး ထည့်။ ဆား အချိုမှုန့် ထည့် အမှန်က နံနံပင်လေးပါရင် ပိုကောင်းမှာ။ ပြီးရင်တော့ သေချာနယ် ပြီးရင် စားလို့ ရပါပြီ။ ခုတခေါက်က မုန်ညှင်း ကို အရိုးချည်းပဲ လုပ်ထားလို့ ထုတ်ထုတ် ထုတ်ထုတ် နဲ့စားကောင်းပါတယ်။ အရွက်ပါရင်လဲ ကြိုက်တာပါပဲ။ တီက အရွက်ကို ပိုကြိုက်တယ်။





စားပြီး ပိုတာကို ဗူးလေးနဲ့ သီးသန့် ပြန်ဖယ်ထားပါ။





ဒါတွေကတော့ ယောက္ခမ လုပ်ပေးလိုက်တဲ့ ငါးရံ့ ခြောက်ဖုတ် ဆီဆမ်း နဲ့ပလာချောင်ကြော် အစပ်။





သူငယ်ချင်း ခိုင်မာ အမေ လုပ်ပေးတဲ့ ဆတ်သားခြောက်ကြော် အစပ် နဲ့ ဘေးကဟာက ဆတ်သားကြော်ပဲ အချို အမွ ဘယ်သူလုပ်ပေးတာလဲ ဘယ်က ဝယ်လာတာလဲ ဆိုတာတော့ မမှတ်မိတော့။ ဝယ်လာတာဆိုရင်တော့ စီးတီးမတ်ပဲ ဖြစ်ဖို့ များပါတယ်။





ဒီပုံက ဝက် ဂုတ်သားကင်ရယ်၊ နားရွက်ကင်ရယ်၊ အူချိုကင်ရယ် ဘေးက အချဉ်ရည်ရယ် ကောက်ညှင်းရယ် တီ့ ဒီနေ့ ညနေစာ ပါ။ မောင်က တော့ သူ့ဘာသာ သူ ဝယ်လာတဲ့ ငပိနဲ့ ဝက်သားတွေရယ် နဲ့ ထမင်းစားတယ်။





ဒီပုံလေးကတော့ ဘာမှ မဟုတ်ပါဘူး။ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းနေတဲ့ မောင့်ပုံလေးကို ကြိုက်လို့ တင်ထားတာ။ မောင်က ညဘက် အိပ်ရင် သနပ်ခါးလိမ်း အိပ်တတ်တယ် ကိုယ်က မောင့်ပါး မွှေးမွှေးလေး ကို မွှေးမွှေးပေးရတာကြိုက်တယ်။ အင်း ပြောရင်းနဲ့တောင် ကျောင်းက သူငယ်ချင်းတယောက် အမေ ကို သတိရသွားပြီ။ သူ့နာမည်က ဒေါ်မွှေးမွှေးလေး တဲ့လေ။ တကယ်ပါ။ မှတ်ပုံတင်ထဲက နာမည် အဟုတ်။

ခုတော့ ၁၂ နာရီကျော်လို့ နောက်နေ့ ကူးပြီ။ ပိုစ့်စရေးတော့ အင်္ဂါ ၇ ရက်နေ့ ခု က ဗုဒ္ဓဟူး ၈ ရက်နေ့။ အိပ်တော့မယ်။ မနက်ဖြန်တော့ ရုံးတက်မှ ဖြစ်မယ်။ တာ့တာ။

P.S
ဒီနေ့က နှစ်ပိုစ့် တင်ထားတာနော် အရှေ့ တပိုစ့် အော်ရိုရာ ကိုလဲ ဘတ်လိုက်ကြအုံး။

A Chen
12:21 AM
Wednesday
8th Feb 2012
Home
Bangkok

9 comments:

  1. အံမယ်မင်းရယ်တဲ.မှ အံမယ်မင်း
    စားချက် ရက်စက်တယ်။
    စားလဲစားနိုင်ပါပေရဲ.။

    ဒါနဲ.စကားမစပ် မှောင်..မှောင်..မှောင်...
    စားစရာပို.စ်တပုဒ်ထဲတင် မှောင် အခါတဒါဇင်မကပါတယ်နော်၊ မှောင်..း-)

    ReplyDelete
  2. တီချမ်းတို့သဲချက်တော့ပာင်းချက်ရင်းမောင့်အကြောင်းလဲကြော်ငြာဝင်ရသေးကဲပါ့တော်။ပွာန်း... မြကျေး။

    ReplyDelete
  3. အို တို့က လှတယ်လေ မမြကျေးရယ် ငှဲငှဲ

    ReplyDelete
  4. T chan is in loveee....

    ReplyDelete
  5. What a cute couple, makes me smile every time!!!!

    ReplyDelete
  6. အမလေး ပါးစပ်မပိတ်ဘဲ စားနေသလား ထင်ရတယ်

    ReplyDelete
  7. lite pa taw d lin net d ma yar:D

    ReplyDelete
  8. T Chan's face looks like full moon.You look weight gain.

    ReplyDelete
  9. ​ကြော်ငြာဝင်ရလောက်အောင် ချစ်ဖို့ကောင်းတာကိုး။ မျက်စိနဲ့ ပစ်မှားသွားတယ်။

    ReplyDelete