Sunday, February 26, 2012

မောင့်အတွက် .....

ဒီတခါတော့ တနေ့က မောင့်အတွက် စိတ်လိုလက်ရ ချက်ပေးတဲ့ ဟင်းလေးတွေ တင်ပေးချင်ပါတယ်။ အဲ့ဒီနေ့က ဘာစိတ်ကူးပေါက်လဲတော့ မသိဘူး .....အော် မှတ်မိပြီ မောင် သိပ်နေမကောင်းလို့ အဲ့တာနဲ့ မောင် ကြိုက်တဲ့ ဟင်းလေးတွေ ချက်ပေးမယ် လို့ စဉ်းစားမိတာ။ များသောအားဖြင့် အိမ်မှာက မောင်ပဲ ချက်တာ ဆေးတာ လျှော်
တာ ဖွတ်တာတွေ လုပ်ပါတယ်။ အဲ့နေ့ကတော့ မောင်လဲနေမကောင်းတာနဲ့ ကိုယ်လဲ စိတ်လိုလက်ရရှိတာနဲ့ လုပ် ပေးဖြစ်တာပေါ့။ မောင်ကလဲ ပြောလို့ ပြောတာ မဟုတ်ဘူး ကိုယ်ချက်ကို ပိုကြိုက်ပါသတဲ့။ ချစ်လိုက်ကြတာ
နော် သူများ လင်မယားတွေများ။

မောင်က ယူနန်စတိုင်လ် ဝက်သားမုန်ညှင်းချဉ်ကြော်ကို သိပ်ကြိုက်ပါတယ်။ ဒီက တရုတ်ဆိုင်တွေမှာ သွားစားကြ တိုင်းမောင်က အဲ့တာ နဲ့ မာလာငါး ကိုအမြဲ မှာပါတယ်။ အဲ့တာနဲ့ ဝက်သားမုန်ညှင်းချဉ်လေး ကြော်ပေးမယ် ဆိုပြီး
တော့ အိမ်မှာလဲ ဝယ်လာတဲ့ ဝက်သား တောက်တောက်စင်းတွေရှိနေတာနဲ့ မုန်ညှင်းချဉ် ရှာတော့ အိမ်မှာ အသင့် ရှိတာက မုန့်ညှင်းချဉ် အချိုချဉ်ဖြစ်နေတယ်။ ရှမ်းမုန်ညှင်းချဉ်က အချိုနဲ့အချဉ် နှစ်မျိုးရှိပါတယ်။ အမှန်က ဝက်သား နဲ့ ကြော်မယ်ဆိုရင်တော့ အချဉ်က ပိုကောင်းပါတယ်။ သို့သော် အိမ်မှာ ရှိတာပဲပေါ့နော်။ အရင်ကလဲအမေကြော် တာကို တခါတင်ဖူးပါတယ်။ ဒီမှာ ပါ။ ခုတော့ ဟင်းချက် ဘလောခ် အတွက် ပိုစ့်တွေ ပြန် အော်ဂနိုက်ဇ် လုပ်နေရ တာနဲ့ ပြန်တင်လိုက်တယ်နော်။ ကဲ ချက်မယ့် ဟာတွေကို ကြည့်ရအောင်....





ဝက်သား တောက်တောက်စင်းကို ဆား အချိုမှုန့် ပဲငံပြာရည်အကြည် ကော်မှုန့်စတာတွေနဲ့ နယ်ပြီး နှပ်ထားပါနော်
ပြီးတော့ ထည့်ကြော်မယ့် မုန်ညှင်းချဉ်ကိုလဲတောက်တောက်စင်းထားပေးပါ။





ငရုတ်သီးခြောက်ကို ရေဆေးပြီး အညှာ ခြွေထားပါ။ခရမ်းချဉ်သီး နှစ်လုံးလောက်ကို လေးစိတ်လှီးထားပါ။
နောက်ထပ်လိုမှာကတော့ ကြက်သွန်ဖြူ နည်းနည်းပါ ဓါးပြားရိုက်ရင် ရိုက်ထား မဟုတ်ရင်လဲ စိတ်စိတ်လေး လှီး ထားပါ။ ကဲပြင်စရာရှိတာတွေပြင်ထားပြီးရင်တော့ ကြော်ပါမယ်။ စလိုက်ကြရအောင်နော်....





အိုးထဲကို ဆီထည့်ပြီးတာနဲ့ တပြိုင်နက်တည်း ကြက်သွန်ဖြူ နဲ့ ငရုတ်သီးခြောက်ကို အရင်ကြော်ပါနော်။ ငရုတ်သီးက ဆီပူလာတာနဲ့ တူတူ မွှေးလာပါမယ်။ ငရုတ်သီးခြောက်ကို ဆီပူလာမှ ထည့်ရင် တူးသွားတတ်လို့ သတိထားပါနော်။ ကြက်သွန်ဖြူနဲ့ ငရုတ်သီး ရပြီ မွှေးလာပြီဆိုရင် ခရမ်းချဉ်သီး ထည့်ပါ။ ခရမ်းချဉ်သီးတွေကို နည်းနည်းနွမ်းတဲ့ အထိ ကြော်ပေးပါနော်။





ခရမ်းချဉ်သီးတွေနွမ်းပြီဆိုရင်တော့ ဝက်သား ခုနက နယ်ပြီး နှပ်ထားတာကိုထည့်ပါ။ ပြီးတော့ ဒယ်ပြား နဲ့ ချေပေး ပါနော်။ တီကတော့ မကပ်တဲ့ အိုးသုံးလို့ သစ်သား ယောင်းမဲ့ မွှေပါတယ်။ ဝက်သား ရပြီဆိုရင်မုန်ညှင်းချဉ်
တောက်တောက်စင်းထားတာကို ထည့်ပါနော်။ ပြီးရင်တော့ ဆား အချို မှုန့် နည်းနည်းထည့်ပါ ပြီးရင် အိုးမချခင်
နောက်ပြီးတော့ သကြားလေးကို လက်ဖဝါးထဲ စဉ်းငယ်ခန့်ထည့်ပြီးတော့ ဖြူး ချလိုက်ပါနော်။ အသားမကျက်မှာ စိုးရင် ရေနည်းနည်းလေး ထည့်ပေးပါ။ ရေခမ်းသွားရင်တော့ အရသာမြည်းကြည့်ပြီး အိုကေရင် ချလို့ရပါပြီနော်။





ကဲ မောင့်အကြိုက် အရသာရှိတဲ့ အိုအီရှိ ဝက်သားမုန်ညှင်းချဉ်ကြော်တပွဲရပြီပေါ့။
ကဲ အသားဟင်းတပွဲတော့ ရပြီဆိုတော့ အရွက်ကြော်လေးတခုလဲ လုပ်ပေးအုံးမှပါပဲနော်။ ရေခဲသေတ္တာထဲကြည့်
လိုက်တော့ ဂေါ်ဖီထုပ်သေးသေးလေးတွေ တွေ့ပါတယ်။ အဲ့တော့ အမြန်ပဲ ထက်ခြမ်းလှီးပြီးတော့ ခရုဆီလေးနဲ့ အမြန်ကြော်ပေးလိုက်ပါတယ်။ ထက်ခြမ်းခြမ်း ရေဆေးပြီး စစ်ထားပါ။ ကြက်သွန်ဖြူလေးတွေကိုလဲ ဓါးပြားရိုက် ထားမယ်နော်။ နောက် တရုတ်နည်းနဲ့ ကြော်မှာဆိုတော့ ငရုတ်သီးကိုလဲ နည်းနည်းထည့်ပါမယ်။ ခုနလိုပဲ ငရုတ် သီးခြောက်နဲ့ ကြက်သွန်ဖြူ ကို အရင်ကြော်ပါ မွှေးလာရင် တခါတည်း ဘေဘီ ဂေါ်ဖီလေးတွေ ထည့်လိုက်ပါ။ ဆား အချိုမှုန့် ထည့် ပြီးတော့ ကျက်ခါနီးရင် ခရုဆီနည်းနည် ထည့်လိုက်ရင် ရပြီပေါ့နော်။





တခုသတိထားရမှာက အစိမ်းကြော်ကို မီးပြင်းပြင်းနဲ့ ခဏလေးပဲ ကြော်ပါ ကြာကြာကြော်ရင် အရွက်နွမ်းပြီး စားမ
ကောင်းပါဘူးနော်။ မြင်ဘူးတယ်မှလား ဟောင်ကောင်စားဖိုမှုးတွေ ကြော်တာလေ ရွှီးရွှီးရွှမ်းရွှမ်း ဆိုပြီးတော့ မီး
ပြင်းပြင်းနဲ့ ခပ်မြန်မြန်ကြော်ချလိုက်ဖို့ပါပဲ။ ဒီမှာလဲ အရင်က တခါ ဘေဘီ ဂေါ်ဖီကို မှိုနဲ့ ကြော်ဖူးပါသေးတယ်နော်။





ကဲ အရွက်ကြော် ပူပူလေးလဲရပါပြီနော်။ အရွက်ကြော် နဲ့ ဝက်သားနဲ့ ဆိုတော့ အအီပြေအောင် မောင့်အတွက် ဘိတ်ချဉ်လေးလဲ လုပ်ပေးပါအုံးမယ်။ မောင်က အချဉ်တွေအစပ်တွေ ကြိုက်တယ်လေနော်။ ပြီးတော့ ဘေဘီ
ဂေါ်ဖီ က ဘိတ်ချဉ်နဲ့ သိပ်လိုက်တယ်။ မစားဘူးရင် လုပ်စားကြည့်ကြ။





ဘိတ်ချဉ်ကတော့ လွယ်လွန်းပါတယ် သို့သော် လွယ်တိုင်းလဲ အစပ်အဟပ်ကောင်းမှ အရသာရှိတာနော်။ လွယ်တိုင်း ကောင်းတာမဟုတ်ဘူး။ လုပ်ရတာကတော့ မခက်ပါဘူး ကြက်သွန်ဖြူ ကို အကွင်းလေးတွေပါးပါးရ
အောင်လှီး ငရုတ်သီးစိမ်း ကို ညက်ညက်လေးရအောင် ဓါးနဲ့ တောက်တောက်စင်း ပြီးတော့ ပန်းကန်လုံးထဲ ရော ထည့် ပဲငံပြာရည်အကြည်လေး စမ်း သံပရာသီးလေး ညှစ် ဆား အချိုမှုန့် နည်းနည်းထည့်လိုက်ရင် အရသာ ရှိတဲ့ ဘိတ်ချဉ် ရတာပေါ့။ ပြီးတော့ ဘေဘီ ဂေါ်ဖီလေးကို ဘိတ်ချဉ်လေးနဲ့ တို့တို့ ပြီးစားရင် စူပါရှယ်ပါပဲနော်။

အော် မေ့တော့မလို့ မောင်က အဲ့နေ့က အရမ်းစားကောင်းတယ်ဆိုပြီး စားတာ ထမင်း ၃ ပန်းကန်တောင်ကုန် တယ်။ ကျေနပ်တယ်အေ။





ဒါလေးကတော့ တနေ့က ဖေဖော်ဝါရီ ၁၄ တုံးက အမှတ်တရ ချစ်သက်လက်ဆောင်အဖြစ် မောင်ပေးတဲ့ စတားဘတ်ခ် က ကော်ဖီနှပ်တဲ့ အိုးနဲ့ ရေနွေးကြမ်း နှပ်သောက်ပါတယ်။ ရေနွေးကို ပီပီသသ သောက်ချင်တဲ့ အတွက် ခဏခဏသွားစားလို့ လက်ဆောင်ရတဲ့ ဖူဂျီ ဂျပန်ဆိုင်က ကြွေခွက်လေးနဲ့ သောက်ပါမယ်။ ရေနွေးက
တော့ လစ်ပ်တန်ပါပဲ။ အထုပ်က ဂျပန် ဂရင်းတီးပါ မသောက်ဖြစ်ဘူးနောက် တခေါက်မှ သောက်မယ်။





ခွက်တံဆိပ် ကိုကြည့်ပါ။ သူက ပိုမိုက်တယ် ကြွေ စစ်စစ် ဖြစ်တဲ့ အတွက် အပူထိန်းပေးတာကော အအေးမမြန် တာကော မဲတာကတော့ ရေနွေးက ပြင်းသွားလို့ပါ လစ်ပ်တန် တထုပ်ကို ရေ တလီတာတောင် မဲပါသေးတယ်။ ပြောရအုံးမယ် မောင်ကရေနွေးမသောက်ဘူး သောက်ခဲတယ်။ ကိုယ်တယောက်ပဲ သောက်ရတာ
အဲ့တာနဲ့ နောက်နေ့ကျတော့ ချုပ်ပါလေရော်။ ကဲ ဒီနေ့တော့ ဒီလောက်ပဲနော် တော်ပြီ။ ဘေဘီ ဂေါ်ဖီလေးကို ဘိတ်ချဉ်လေးနဲ့ စားကြည့်ဖို့ မမေ့နဲ့နော်။

A Chen
3:07PM
Sunday
26th Feb 2012
Phavina Service Apartment
Rayong
THAILAND

Saturday, February 25, 2012

တက်ပမ်းနေပြီ

မောလှပါပြီလေ။ ဘဝကို ဒီလောက် ပင်ပင်ပန်းပန်း ရုန်းကန်ရတာ၊ တနေ့တနေ့ ဘာအတွက်လဲလို့ ကိုယ့်ကိုကိုယ် ခုတလော မကြာခဏ မေးမိနေတဲ့ မေးခွန်းတခုပေါ့။

ကိုယ်တို့တွေ နေ့တဓူဝ စားဖို့အတွက်၊ အမိုးအကာ (နေဖို့အတွက်)၊ ဝတ်ဖို့ အတွက် စတဲ့ အခြေခံ စားဝတ်နေရေး အပြင် တခြား အပို လိုချင်တာတွေအတွက် တနေ့တနေ့ ငွေနောက်ကို လိုက်နေရပါတယ်။ ကိုယ့်ကိုပဲ ကြည့်၊ နိုင်ငံရပ်ခြားမှာ မိကွဲ သူငယ်ချင်းကွဲ လာနေရတယ်။ ပြန်မေးကြည့်တော့ အလုပ်ထက် ငွေကပဲ အဓိက ဖြစ်နေတယ်။ အမှန်အတိုင်းပြောရရင် လုပ်ငန်းက လက်ရှိရုံးမှာတော့ ဒီ့ထက် ပိုတိုးတက်ဖို့ မရှိတော့ဘူး။ အဲ့တာအပြင် လက်ရှိ လုပ်နေရတဲ့ အလုပ်တွေက တနှစ်နဲ့ တနှစ် ပုံစံ တူချည်းပဲ၊ လုပ်ငန်း သဘာဝ အရ စိန်ခေါ်မှု မရှိတော့ဘူး။ ပုဂ္ဂလ အနေနဲ့လဲ တိုးတက်ဖို့ မရှိတော့ သလို အသစ် သင်ယူမှုလဲ မရှိတော့ဘူး။ ဒါပေမယ့် ကိုယ့် မပြစ်ခွာနိုင်သေးဘူး။ ကိုယ့် ဝင်ငွေ ကို မီခိုနေတဲ့ မိသားစုတွေအတွက်၊ ကိုယ့် လိုအင်တွေအတွက် ကိုယ် ဖက်တွယ်ထားရတယ်။ အဲ့တော့ ဘာဖြစ်လာသလဲ ဘဝ က ပိုပို မောလျလာတယ်။ ခုတော့ တနေ့ တနေ့ အလုပ် ကနေ အိမ်ပြန်တဲ့ အခါနွမ်းလျအိမ်ပြန် ဆိုတဲ့ စကားအသုံးအနှုန်းရဲ့ အဓိပ္ဗါယ် ကို ပိုမို နားလည် ခံစားနိုင်လာခဲ့ပြီ။

အိပ်မက်တွေလား ကိုယ့်မှာ ရှိတာပေါ့။ ရည်ရွယ်ချက် ဆိုတာ ထက် အိပ်မက် လို့ပဲ ကိုယ်က နာမည် တပ်ချင်ပါ တယ်။ ရည်ရွယ်ချက်ဆိုတာက ဖြစ်မြောက် အောင်မြင်ရမယ့် အချိန်ကာလ တခုရှိမယ်၊ အကောင်အထည် ဖော်နိုင် ဖို့ လုံလလဲ လိုတယ်။ ကိုယ်ကတော့ ဖြစ်ချင်စိတ်ပဲ ရှိတာ ဇွဲ မရှိခဲ့ဘူး။ ဖြစ်ချင်လဲဖြစ် မဖြစ်လာရင်လဲ ကျရာနေရာ မှာ အရုပ်ထင်အောင် နေခဲ့တယ်။

ငယ်ငယ်က အဆို ဝါသနာပါတဲ့ အတွက် ဝတ္ထုတွေ ဘတ်ပြီးတော့ အထဲက ဇာတ်ကောင်လို စားသောက်ဆိုင် တခု ခုမှာ သီချင်းဆိုတဲ့ လူတယောက် ဖြစ်ချင်ခဲ့ဘူးတယ်။ တနေ့လုံး အိပ်၊ စာအုပ်တွေဘတ်၊ စားချင်တာကို စားချင်တဲ့ အချိန်မှ စား၊ ထချင်တဲ့ အချိန်မှ ထ၊ အထိန်းအကွပ်မရှိတာ မျိုးမဟုတ်ဘဲနဲ့ လွတ်လပ်မှု ရှိတဲ့ ဘဝမျိုး လိုချင်ခဲ့ဖူး တယ်။ ညနေဘက်ကျတော့ ကော်ဖီဆိုင်လိုမျိုးမှာ ဂစ်တာလေးတီးပြီး သီချင်းဆို သုံးလောက်ယုံ လစာလောက်နဲ့ အသက်ရှုတာထက် အသက်ရှင်တာ ကို ပိုလိုချင်ခဲ့ဖူးတယ်။ ဆယ်ကျော်သက်အရွယ်လေ အိပ်မက် ရဲရဲမက်ခဲ့တာ
ပေါ့။ ဘဝ က ဘယ်လောက် ရုန်းကန်ရတယ် မွန်းကြပ်မှုတွေဘယ်လောက်များတယ် ဆိုတာ ဘာဆို ဘာမှ မသိခဲ့ အရာရာ ပေါ့ပေါ့တွေး ပေါ့ပေါ့နေ ခဲ့တာ။

ခုတော့လဲ ဘဝ က အရာရာ မောပန်းမွန်းကြပ်လှချည့်ရဲ့ လို့ မညည်းချင်ပေမယ့် ကိုယ်ထွက်ပြေးချင်တယ်။ လုံးလုံး
တော့ လွတ်နိုင်မှာ မဟုတ်ပေမယ့် ကိုယ်ဖြစ်အောင် လုပ်မယ်။ အနည်းဆုံး ကြိုးစားမယ်။ ကိုယ်မလုပ်ချင်တာတွေ
တော်တော်များများကို ငွေအတွက်တောင်ဖြစ်အောင် ကိုယ်ကြိုးစားခဲ့ ဖူးတာပဲ။ ကိုယ် လုပ်ချင်တာ ဖြစ်ချင်တာ အတွက် ဘာ့ကြောင့် မကြိုးစားနိုင်ရမှာလဲနော်။

ခုတော့ ကိုယ်ဆုံးဖြတ်လိုက်ပြီ။ အလုပ်ထွက်မယ်။ အိပ်မက်နောက်ကို လိုက်မယ်။ တနှစ်လောက်တော့ အနည်း
ဆုံးပေါ့။ ဖြစ်မလာတော့ကော ဘာအရေးလဲ တနှစ်လို့ ကိုယ်သတ်မှတ်ထားတဲ့ အချိန်ကုန်သွားရင် အလုပ်ပြန်ရှာ မှာပေါ့။ ကိုယ် ရည်မှန်းထားတာတွေဖြစ်မလာတော့လဲ တနှစ် ကိုယ်နားရမယ်၊ စာအုပ်တွေ ကို တဝကြီး ဘတ်ဖို့
အချိန်ရမယ်။ အေးအေး လူလူ နားရမယ် စားချင်တာတွေ ချက်စားမယ်။

ကိုယ်နားမယ်။ တကယ်ပြောတာ။ မောင်ကပြောတယ် နားတဲ့ မောင်ရှာ (လျှာ) ကျွေးမယ်တဲ့။

A Chen
4:39PM
Saturday
25th Feb 2012
Phavina Hotel,
Rayong, THAILAND

Friday, February 24, 2012

ဘန်ကောက် ချမ်းချမ်း နန်းကြီးသုပ်

ကဲ နောက်ထပ် တခုခု လုပ်စားကြဖို့အချိန်ကျရောက်လို့ လာပြန်ပါပြီ။ ဒီတခါတော့ တနေ့က လုပ်စားမယ်လို့ ပြော ထားတဲ့ နန်းကြီးသုပ်ပါပဲ။ အရင်ကလဲ တခါ လုပ်စားဖူးပါတယ်။ မဘတ်ဖူးသေးသူများ ဒီမှာ ပြန်ဘတ်ပါနော်။

ဒီလိုပဲ တနေ့တနေ့ တခုပြီးတခု လုပ်စားရင်းနဲ့မှ မြန်မာ အစားအစာတွေက လုပ်ရတာ တော်တော်လွယ်တာပဲ လို့ သတိထားမိပါတယ်။ မြန်မာဟင်း မုန့် အသုပ် ဘာဘာညာညာ တော်တော်များများမှာ အဓိက မိန်းက ကြက်သွန်
ဖြူနီ ဆီချက်ပါပဲ။ ကိုယ်လဲ ဒီမှာ လာအလုပ်မလုပ်ခင်က ဘာမှ မတတ်ပါဘူး။ အိမ်မှာက အခန့်သားနေရတာပါ
ခြေမွှေးလက်မွှေးမပြောနဲ့ဘာမွှေးမှ မီးမလောင်ဖူးပါဘူး။ ရေတောင် အိမ်ဖော် ခပ်ပေးတာ သောက်တာပါ။ ခုတော့ လင်လဲ ရကော အကုန် လုပ်ရတော့တာပဲ။ အိမ်ထောင်မှု ဘုရားတည် မှလား အိမ်ထောင်ကျတယ် ဆိုတာ တကယ်တော့ အိမ်ဖော်ဖြစ်တာပါပဲ။ ဒါတောင် ကိုယ်က လင်ကို နိုင်ပေလို့မဟုတ်လို့ကတော့ .........ဟွင်းဟွင်း..
ခုတော့လဲလုပ်ရင်းလုပ်ရင်းနဲ့ တော်တော် တတ်ကျွမ်းလာလို့ စာဘတ်သူတွေ ကတောင် တီချမ်း ဟင်းချက်စာအုပ် ထုတ်ပါလားလို့တောင် ပြောလာကြတဲ့ အဆင့်ကိုရောက်နေပြီပေါ့နော်။ နောက် တီချမ်း ယုံလဲယုံကြည် ကျင့်လဲ ကျင့်သုံးတဲ့ မိုတို နောက်တခုက ဘာလဲဆိုတော့ “ဘယ်သူမှ မွေးကတည်းက မတတ်လာဘူး” ဘာမဆို လေ့လာ ချင်တဲ့စိတ် သင်ယူချင်တဲ့ စိတ်သာရှိပါစေ ဖြစ်ရမယ် လုပ်နိုင်ရမယ် ဟစ်တလာဆိုတဲ့ ငပုကလေး ပြောတဲ့ အတိုင်း ပဲ မဖြစ်နိုင်တာ ဘာမှ မရှိ မဖြစ်သေးတာပဲ ရှိမယ်။ အဲ့တော့ စာဘတ်သူ တွေလဲ လုပ်ချင်တာရှိရင် ဖြစ်အောင်လုပ်
........

ကဲ စကားတွေလဲများပြီးပြီ ဆိုတော့ စချက်လိုက်ကြရအောင်နော်......





နန်းကြီးသုပ်မှာ အဓိကကတော့ တီထင်တာ ပဲမှုန့် နဲ့ အသားဟင်းပါ။ ဒီတခါတော့ မောင်လဲ စားလို့ ရအောင်လို့ နန်းကြီးသုပ်ကို ကြက်သားနဲ့ မချက်ဘဲ ဝက်သားနဲ့ ချက်ကြည့်ပါတယ်။ ထုံးစံအတိုင်း အရည်ကြည် ဟင်းချို တအိုး ကို ဝက်နံရိုးနဲ့ တည်ထားလိုက်ပါတယ်။ အရည်ပိုချိုအောင် အရိုးကြမ်း လဲ ထည့်လိုက်တယ်။ နောက်ပြီးတော့ နံရိုး ကို အသားလေးတွေနွှင်လိုက်တယ် ဟင်းအနှစ်ချက်ရအောင်လို့....ပြီးတော့ ဝက်သား ကီလိုစိတ်သားလောက်ကို အရည်ထဲမှာပဲ ထည့်ပြုတ်ထားတယ်။ ပြီးတော့ အသားတုံးကို အမျှင်လေးတွေ ဖြစ်အောင်နွှင်ထားလိုက်ပါတယ်။ အသားနွှင်ထားတဲ့ ပုံကို ရိုက်ဖို့ မေ့သွားတယ်။ အောက်က ချက်တဲ့ အိုးထဲမှာ ကြည့်လိုက်ပါ။ တချို့ကလဲ ဝက်သား ကိုတုံးပြီး ချက်လဲရတယ်။ တီကတော့ ပြုတ်ပြီးနွှင်တာကို ပိုကြိုက်လို့ အချောင်းချောင်းလေးတွေဖြစ်လို့လေ။





ကဲ ချက်ပါမယ်။ ကြက်သွန်ဖြူနီကို လိုသလောက် ကြိတ်ထားပါ။ ဆီပူလာရင် ကြက်သွန်ဖြူနီ ထည့်၊ အရောင်တင် မှုန့် နနွင်းမှုန့်ထည့် ကြက်သွန်ဖြူနီ ကျက်ရင် အသားလေးတွေထည့် ပြီးတော့ ဆား အချိုမှုန့်ထည့် ပြီးတော့ ခဏ
မွှေပေးပါ။ အသားတွေ ကျက်လောက်ပြီဆိုရင် ခုနက အရိုးပြုတ်ဟင်းရည် နည်းနည်းထည့်လိုက်ပါ။ ပြီးရင် ဆီပျံ လာတဲ့အထိတည်ပေးပါ။ ဆီလေး နည်းနည်းပိုထည့်ပါနော် အသုပ်နယ်တဲ့အခါ ပိုထည့်ရအောင်လို့။ ပုံကိုကြည့်။





တခြားပြင်ဆင်စရာရှိတာလေးတွေလဲ ပြင်ထားရအောင်ပါနော်။ တချို့က အချဉ်ကို မန်ကျည်းရည်လေးနဲ့ စားချင်
တယ်ဆိုလို့ မန်ကျည်းရည်လေးလဲ ပြင်ထားပေးပါတယ်။ တီကတော့ သံပရာသီးနဲ့ ပိုကြိုက်တယ် အချဉ်ချင်းတူတူ ပိုမွှေးလို့ တချို့အသုပ်တွေက မန်ကျည်းရည်နဲ့ လိုက်ပေမယ့် နန်းကြီးသုပ် တို့ ဝက်သားချဉ်သုပ်တို့ကတော့ သံပရာသီးနဲ့ မှလိုက်တယ်ထင်ပါတယ်။ သို့သော်လဲ လူတကိုယ် အကြိုက်တမျိုးဖြစ်တဲ့အတွက် နှစ်မျိုးလုံး ပြင်ပေး
ထားတာပေါ့နော်။ နောက် ကြိုက်တဲ့သူတွေ ထည့်စားလို့ ရအောင် ကြက်သွန်နီကိုလဲအကွင်းလေးတွေ လှီးပေး ထားပါတယ်။ မှတ်ချက် တီကတော့ နန်းကြီးသုပ်ထဲမှာ ကြက်သွန်ထည့်သုပ်တာ “လုံးဝ” မကြိုက်ပါ။





ဒါကတော့ တနေ့က စာဘတ်သူတယောက်က အရင် မန္တလေးသွားတုံးက စားတဲ့ နန်းကြီးသုပ် ပိုစ့်မှာ ကွန်မန့် လာရေးတာနဲ့ ပြန်ကြည့်တာ သူတို့က ငါးဖယ်လုံးလေးတွေ ထည့်တာတွေ့ပါတယ် (မှတ်ချက် တီက ငါးဖယ် ကိုအဲ့လို လုံးတာလဲ မကြိုက်ပါဘူး) အဲ့တော့ ဝက်သားလုံးထည့်ပါတယ်။ ဘာထည့်ရမယ် ဘာမထည့်ရဘူး စည်းမျဉ်း စည်းကမ်း မရှိဘူးလေနော် ကြိုက်တာသာထည့်။ လိုလျှင်ကြံဆ.......ဘာဖြစ်လဲပရိတ်သတ်ကြီး......... (မိုက်ကို ပရိတ်သတ် ဘက်လှည့်လိုက်တယ် ပြီးတော့ ရေတခွက်ပြေးသောက်တယ်)





အခု ဒီမှာ (ထိုင်း) က နန်းကြီးဖတ် ကိုဖရက်ရှ် မရလို့ ကျိုင်းတုံဘက်က ရှမ်းခေါက် မြီးရှည်ခြောက်ကို ရေစိမ်ထား၊
ပြီးတော့ ပြုတ် တော်တော်ကြာကြာ ပြုတ်ရပါတယ်။ သူကတော်တော်မာတာကိုး။ အရင်တခါ လုပ်စားတုံးကလဲ နန်းကြီးဖတ်မရလို့ ဗီယက်နမ် ခေါက်ဆွဲ “ဖာ” (English လို ဘိုသံနဲ့ FUR လို့ ထွက်ပါ မြန်မာသံပီပီသသ မထွက် ပါနဲ့) နဲ့လုပ်စားရပါတယ်။ ပြုတ်ပြီးလို့ နန်းဖတ်တွေ ရပြီဆိုရင် ရေအေးလေးနဲ့ ဆေးပြီး စစ်ထားပါ။





ဘဲဥအစားကြက်ဥပဲ ပြုတ်လိုက်တယ်နော် နောက်ပြီးတော့ ခွာပြီး သေးသေးလေးတွေလှီးထားပါ။ ထည့်နယ်လဲ ရတယ် ဖြူးပြီးစားလဲရတယ် တီကတော့ ထည့်လဲနယ်မယ် ဖြူးပြီးလဲ စားမယ်။





ဒါကတော့ ပွဲပြင်ခါနီးပါ။ ခုနက ကြိုပြင်ထားတဲ့ ကြက်သွန်နီ အကွင်းကြီးလှီး၊ မန်ကျည်းရည် ဝက်သားလုံးပြုတ်တို့ အပြင် ပဲမှုန့်အကျက်မှုန့်၊ ငံပြာရည်၊ နောက် မနက်က နံရိုးကနေ ခွာထားတဲ့ ဝက်သား (ဖြူးစားဖို့ပါ) ဆီချက်၊ ဆား အချိုမှုန့် ငရုတ်သီး အကျက်မှုန့်၊ နံနံပင်စတာတွေ လိုပါမယ်။ မုန့်ကျွတ်ကြော်ကိုတော့ မောင်လဲမကြိုက် ကိုယ်လဲ မကြိုက်သလို အလွယ်လဲ မရှိတာနဲ့ မထည့်တော့ပါဘူး။ သူက တကယ်တော့လဲလှပဲလှတာ အရသာလဲမရှိဘူး။ တကယ်လို့ အဲ့လို ထည့်စားမယ် ဆိုရင် ကိုယ်ကတော့ မုန့်ကျွတ်အစား တိုဟူးခြောက်ပြား ကြော်လိုပဲ ထည့်ချင် တယ်။





ဒါလေးကတော့ ပွဲလှလှလေးပြင်ထားတာပါ။ တီက သံပရာသီးနဲ့ ပြင်ပါတယ် ကြက်သွန်နီကွင်းတွေက ပုံရိုက်ရင် လှအောင်ထည့်ထားတာပါ နယ်တော့ ပြန်ဖယ်လိုက်ပါတယ်။ ဘေးကတော့ မနက်က နံရိုးပြုတ်ထားတဲ့ ဟင်းရည် ကို နံနံပင် ခပ်ထားတာပါ။ ကဲ တွေ့လား ဝက်သားလုံးလေးတွေကိုလဲ တဝက်အရွယ်တုံးလေးတွေ ညှပ်လိုက်၊ ကြက်ဥပြုတ်လေးတွေထည့်၊ အသားများများထည့် ဆိုင်ရောင်းတမ်း မဟုတ်ဘဲ အိမ်လုပ်စား ဖြစ်တဲ့ အတွက် စိတ် ကြိုက်သာ ထည့်ပါနော်။ အားမနာပါနဲ့။ အသားများလေး စားကောင်းလေ။ ဆီလေးလဲ ရွှဲပါစေနော်။





ဒါကတော့ နယ်ပြီးဖတ်ပြီးသား ပုံပေါ့။ အရမ်းအရမ်းကို စားကောင်းပါတယ်။ အိုအီရှိ၊ ကောင်းမှကောင်းပဲ။ မစားရတာကြာလို့ ထင်တယ် တော်တော့် ကိုကောင်းတယ်။ တီလဲ စားလိုက်တာ အားရပါးရ နှစ်ပွဲ ကုန်တယ်။ အသားကို အနှစ်ထဲက အသားမျှင်တွေအပြင် နံရိုးက အသားတွေလဲ ထပ်ဖြည့်စားပါသေးတယ်။ မောင်ကတောင်
ပြောနေသေးတယ် ဝက်သားနဲ့လဲ ကောင်းတာပဲနော်တဲ့။





ဒါကတော့ လမ်းထိပ်ကနေ ဝယ်လာတဲ့ ကျွဲကော်သီး အချိုပွဲပါ။





ထုံးစံအတိုင်း နန်းကြီးသုပ်စားပြီးတော့ သူငယ်ချင်းတွေ နဲ့ လေပစ်ဖို့ လုပ်ပါတယ်။ မုန့်ဖုတ်တဲ့ မမယာ နဲ့ တုတ်ထိုး ကြည်လဲ့ တို့လဲ ရောက်နေတာနဲ့ အရက်သောက်ကြမယ် ဆိုပြီး လုပ်ပါတယ်။ တီနဲ့ မယာက ဝိုင်ပဲ သောက်တယ် ကြည်လဲ့ တယောက်ထဲ အရက်ပြင်းသောက်တာ။ ကြက်ကြော် ရယ်၊ သံပရာသီး ကို အခွံနဲ့ သေးသေးလေးတွေ
လှီးထားတာရယ်၊ နောက် ၇-၁၁ ကနေ ဝယ်လာတဲ့ ရေညှိ ရယ် ပုစွန်မုန့်ရယ် အမြည်းတွေပါ။ နည သောက်ချင်နေ
ပြီမှလား။ အရင်တုံးက စီဘောက်စ်တွေမှာ ချိန်းချိန်းသောက်ကြတဲ့ ခွက်ပုန်းဘလောခ်ဂါတွေကို သတိရပါတယ်။





ပြီးတော့ ကြည်လဲ့က ဒေါ်ရီတာ ယူလာတဲ့ စလုံးရောက် မြန်မာပြည်ပေါက်လက်ဖက်ကို ပုစွန်ခြောက် နိုင်းချင်းနဲ့ ကြက်သွန်ဖြူ ပါးပါး ငရုတ်သီးစိမ်း ရိတ်ရိတ်တွေနဲ့ ဆီရွှဲရွှဲဆမ်းပြီးသကာလ နှပ်ပေးပါတယ် ရှယ်ပဲ။





အရက်သောက်တာ တစခန်းရပ်သွားတော့ ရုပ်ရှင်ကြည့်ကြတယ်။ ပြီးတော့ တခုပြီးတခု လုပ်စားတတ်ကြတဲ့ တီတို့ ဝါသနာ အရ မမယာ INDEX ကနေ ဝယ်လာတဲ့ ဆင်းဒွတ်ရှ် လုပ်စက်ကို စမ်းကြမယ် ဆိုပြီးတော့ ချိစ် နဲ့ ဘေကွမ် ညှပ် ပေါင်မုန့် လုပ်စားကြပါသေးတယ်။





လုံးဝ မခက်ပါဘူး။ ကိုယ့်ဘာသာ လုပ်စားရင် များများစားရပါတယ် ၇-၁၁ မှာ ဝယ်စားရင် ဈေးကြီးတယ် နှစ်ခုပဲ ရတယ်။ လိုတာက ပေါင်မုန့် နဲ့ ချိစ်ပြားနဲ့ ဝက်ပေါင်ပဲ။ ပုံကိုကြည့်ပါ။





ပြီးရင် စက်ကို အပူပေး၊ ပေါင်မုန့် ပေါ်ကို ဘေကွမ်တင် ချိစ်ပြားထပ် ပေါင်မုန့် နောက်တချပ် ထပ်ညှပ် ပြီးတော့ စက်ထဲထည့်။ ခဏ အပူပေးလိုက်ရင် ရပါပြီ။ စက်က အော်တိုဆိုတော့ မီးငြိမ်းသွားရင် ရပြီပေါ့။ ချိစ်တွေက အပူနဲ့
ပျော်ပြီး ဘေကွမ် နဲ့ ပေါင်မုန့် ကြား ဝင်သွားပါတယ်။





ထုံးစံအတိုင်း အစာပိတ် အနေနဲ့ ကတော့ ကော်ဖီပေါ့နော်။





ဒါကတော့ တနေ့လုံး ရှော့ပင်း ပတ်လာတဲ့ တီချမ်း ခြေထောက်ကို ရေနွေးစိမ်ဖို့ မောင်လုပ်ပေးတာပါ။ ပြီးတော့ လိုရှင်းလေးနဲ့ နှိပ်ပေးသေးတယ်။ မောင် တီချမ်း ကို ရတာ သိပ်ကံကောင်းတယ်နော်။ တီ့ ခြေထောက်ကို ကိုင်ခွင့် ရလို့..........ဟိဟိ။





အမှန်က ပိုစ့်က တနေ့ကတည်းက ပုံတွေ တင်ထားတာ ခုတလော အလုပ် နည်းနည်းများနေလို့ နောက်ကျပြီး တင်ဖြစ်တယ်။ ဟင်းတွေ ချက်ထားတာ ရှိသေးတယ်။ နောက်နေ့မှ နော်........
ခုတောင် အလုပ်နဲ့ သင်တန်းပေးဖို့ Rayong ရောက်နေလို့ .........ဒီတပတ်လုံး စနေရော တနင်္ဂနွေရော အပါအဝင်
နောက်အပတ် စနေ အထိ သင်တန်း နှစ်ခု Back to Back လုပ်နေပါတယ်။ မအားတော့ သိပ်တင်ဖြစ်မယ် မထင်ဘူး။ တလောက ဟင်းချက်ထားတဲ့ ပုံတင်ပြီးသားတွေ တော့ အားရင် အားသလိုတင်ပါမယ်နော်။


A Chen
12:58 PM
Friday
24th Feb 2012
Phavina Hotel/Service Apartment
Rayong,
THAILAND