ချစ်ရတဲ့ သူငယ်ချင်း ဖိုးထူး ရေ…..
အခုဒီမှာ နေရောင်ခြည်တွေ ဖျဖျလင်းလို့၊
အုန်းပင်ရိပ်တွေကလဲ ငါ့ရှေ့မှာ ကနေကြလေရဲ့
ကောင်းကင်ပြာပြာကြီးမှာ တိမ်တွေနဲ့လေပြေတွေ အပြေးပြိုင်လို့
လေထုကလဲ သစ်သီးနံ့တွေ ထုံးမွှန်းလို့၊
ကလေးလေးတွေ ဘေးမှာဆော့နေတဲ့အသံတွေက
နီးလာလိုက် ဝေးသွားလိုက်နဲ့ ……နီးလိုက်…………ဝေးလိုက်……
နီး………..ဝေး…………
မင်းကတော့ အခုဆို အချိန်ပိုဆင်းနေရတုံးလား၊ မင်းတို့ဆီမှာ အခုအချိန်နေထွက်ပြီလား
‘‘ရှောင်ဟောင်း’’ တစ်ယောက်ဆေးရုံတက်ရပြန်ပြီဆို၊ မလွယ်တော့ဘူးထင်ပါတယ်ကွာ
ထထခုံ ကပြန်ရောက်နေပြီကြားတယ်၊ မင်းရဲ့….လေးနဲ့ရောတွေ့သေးလား၊
ဝေလွင်မမ က သွားကျောင်းတက်နေတယ်ကြားတယ်၊
အောင်ကို တစ်ယောက်လဲ သင်္ဘောလိုက်သွားပြီဆို၊
မဇာကြီးနဲ့တော့ ခဏခဏတွေ့တယ် လေဆိပ်မှာ၊
ငါကနိုင်ငံခြား ခဏခဏသွားရတော့လေ
(ဟားဟား ငါသိပါတယ် မင်းဒီစာကိုဖတ်ရင်းနဲ့ ငါ့ကိုခေါ်နေကြအတိုင်း
လဒ လို့ခေါ်နေအုံးမယ်ဆိုတာ)
အ၀င်းကတော့ အချစ်ထဲမှာ အခုထိမြုပ်နေတုံးပဲ၊ ဒီလိုပါပဲကွာ အသည်းဆိုကွဲလိုက်
ပြန်ကောင်းလိုက်……………ဆက်လိုက်ပေါ့………
တခါတခါ ငါတွေးမိတယ် ငါတို့သူငယ်ချင်းတစ်သိုက်အကြောင်းကိုလေ
လူတိုင်း သူ့ဟာနဲ့သူတော့ ရုန်းကန်နေကြရတာပဲနော်
လူ့ဘ၀ ကအမြဲဖြစ်ပျက်ပြောင်းလဲနေတာပဲဟာ ဘာလို့ငါတို့ကြိုးစားရုန်းကန်နေကြတာလဲ
ဘယ်အရာမှမမြဲဘူးဆို နောက်ဆုံးတော့လဲအားလုံးကပြီးဆုံးသွားမှာပဲဟာ
တိမ်တွေ တစ်သုတ်ပြီးတစ်သုတ် ငါ့မျက်စိရှေ့ကဖြတ်ပြေးသွားကြတယ်
တခါတခါ စုစုသွားလိုက် တခါတခါ ပြန့်ကျဲသွားလိုက်နဲ့၊ မင်းသိပါတယ် လူတွေကိုအားပေးရတာငါဘယ်လောက်မုန်းတယ်ဆိုတာကို၊ ကဲကဲ အားတင်းထား သူငယ်ချင်းရေ
မင်းရဲ့ အချိန်ပို (overtime) မှာ ပျော်ရွှင်ပါစေ။
မင်းရဲ့ သူငယ်ချင်း
အောင်မျိုး
၁ လပိုင်း ၊ ၈ ရက်နေ့။
စာကြွင်း။ ။
မင်းသနားစရာကောင်းလောက်အောင်ပင်ပန်းတယ်လို့တော့မညည်းနဲ့နော်
မင်းက အလုပ်နဲ့ပတ်သက်ရင်လောဘကြီးတာကိုးကွ။
Monday, February 2, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment