Sunday, February 22, 2009

တစ်ချိန်က…

တစ်ချိန်က…

အင်းလျားကိုလွမ်းတယ်
ကန်ဘောင်ကိုလွမ်းတယ်
လေပြေလေးတွေကိုလွမ်းတယ်
ကုက္ကိုပင်တန်းက
သိမ်းငှက်အုပ်ကိုလဲလွမ်းတယ်
ကိုယ်တို့အတူတူလျောက်ခဲ့ကြတဲ့
လမ်းလေးကိုလွမ်းတယ်

အပြိုင်ပြေးတက်ခဲ့ကြတဲ့
အုတ်လှေကားထစ်လေးတွေကိုလဲလွမ်းတယ်
ကန်စပ်နားကကိုယ်ဆော့ခဲ့တဲ့
မြက်ပင်လေးတွေကိုလဲလွမ်းတယ်
ထိုင်ခဲ့ကြတဲ့အုတ်ခုံလေးကိုလွမ်းတယ်

တူတူရှုခဲ့ဖူးတဲ့ဆေးခြောက်တွေကိုလဲလွမ်းတယ်
(ရှုနည်းတော့မတူခဲ့ကြပါဘူး)

အတူကြည့်ခဲ့ဖူးတဲ့ကြယ်လေးကိုလွမ်းတယ်
(မင်းမှတ်မိလား…ကိုယ်အရင်သေသွားခဲ့ရင်
ဖြစ်ချင်တဲ့ကြယ်လေးလေ
ဟိုးကောင်းကင်ကြီးပေါ်ကနေ
မင်းကိုငုံ့ကြည့်စောင့်ရှောက်ဖို့ပေါ့
ကိုယ်တောင်သူ့ကိုနာမည်လေး
ပေးထားသေးတယ်လေ Elsa တဲ့)

တူတူထိုင်နေကြ Moon Bakery ဆိုတဲ့
ကော်ဖီဆိုင်ကလေးကိုလွမ်းတယ်
တုတ်ထိုးတဲကလေးကိုလွမ်းတယ်
ဘူးသီးကြော်ကိုလဲလွမ်းတယ်
မင်းစားချင်တယ်ဆိုလို့
ကိုယ်သွားဝယ်ပေးပြီးကန်ဘောင်မှာအတူတူ
ထိုင်စားကြတဲ့ Silom Village က
ကြက်ကင်နဲ့ ကောက်ညှင်းပေါင်းကိုလဲလွမ်းတယ်

မင်းရဲ့ဂစ်တာလေးကိုလွမ်းတယ်
မင်းတီးပြခဲ့တဲ့သီချင်းလေးတွေကိုလွမ်းတယ်
(မင်းအမြဲတီးပြလေ့ရှိတဲ့
ထူးအိမ်သင်ရဲ့ “ကြယ်တွေစုံတဲ့ည”ဆိုတဲ့သီချင်းလေ
ကိုယ်ခုထိမှတ်မိနေသေးတယ်
မကြာမကြာလဲနားထောင်မိပါရဲ့)

တူတူဆိုင်ကယ်စီးခဲ့ကြတာကိုလဲလွမ်းတယ်
ဖက်ထားခဲ့ရတဲ့မင်းရဲ့ခါးကိုလွမ်းတယ်
ဆိုင်ကယ်စီးရင်းကိုယ်ခိုးခိုးနမ်းခဲ့ရတဲ့
မင်းလည်ကုပ်ကမွှေးညှင်းနုလေးတွေကိုလဲလွမ်းတယ်
ခေါင်းလျှော်ရည်နံ့သင်းနေတတ်တဲ့
မင်းဆံပင်လေးတွေကိုလဲလွမ်းတယ်
(ယောက်ျားတစ်ယောက်အတွက်တော့
တော်တော်ပျော့တဲ့ဆံပင်တွေပေါ့)

တို့ထိဆော့ကစားဖူးခဲ့တဲ့
မင်းရဲ့ပါးပြင်လေးကိုလွမ်းတယ်
ကိုယ့်ရဲ့ပါးပြင်လေးကလဲ
မင်းရဲ့နှုတ်ခမ်းတွေကိုလွမ်းတယ်
(မင်းနမ်းခဲ့ဖူးတဲ့ ကိုယ်ရဲ့ညာဘက်ပါးကို
ဘယ်ဘက်ပါးပြင်ကမနာလိုလို့တဲ့လေ
နောက်တစ်ခါတွေ့ရင်
နှစ်ဖက်လုံးကိုနမ်းမှဖြစ်မယ်နော်)

ကိုယ့်ရဲ့နှုတ်ခမ်းတွေကလဲ
မင်းရဲ့နှဖူးပြင်လေးကိုလွမ်းတယ်
ပြီးတော့ ကိုယ်ရဲ့
နှုတ်ခမ်းတွေကလဲ
မင်းရဲ့နှုတ်ခမ်းတွေကိုလွမ်းတယ်

အခုတော့ကိုယ်တို့တွေမိုင်ပေါင်းများစွာ
ဝေးကွာနေကြပါပြီ
ကိုယ့်သတ်မှတ်ချက်နဲ့ဆို
ဘ၀တွေတောင်ခြားနေပါပြီလေ
ဟိုတလောကမင်းဆီကစာလာတော့
“အစ်ကို့ ကိုလွမ်းလို့
ကန်ဘောင်ကကြယ်လေးကိုသွားကြည့်တယ်”
တဲ့

တကယ်တန်းတော့
ကိုယ်ကလဲ
မင်းကိုလွမ်းနေတာပါ
ဒါပေမယ့်လဲလေ…
မဖြစ်နိုင်တော့တဲ့အခါ
မဖြစ်သင့်တော့တဲ့အခါ
နေသားကျနေတဲ့ဘ၀မှာပဲ
နေပျော်အောင်နေပါတော့မယ်
တစ်ချိန်က…..

A Chen
5:15 am
22nd Feb 2009
Home
Bkk

1 comment:

  1. လွမ်းတောင်လွမ်းသွားတယ်။ (ပီတိရဲ့ လွမ်းမိခြင်းများနဲ့တော့ လွမ်းချင်း မတူဘူးနော်)

    ReplyDelete