Thursday, February 26, 2009

ပန်းချီဆရာများ


ပန်းချီဆရာများ

အသက် ၈၀ အရွယ်အမယ်အိုကြီးဟာ
အိမ်ရှေ့ကပြင်မှာထိုင်ရင်း
တိမ်တွေပျံပြေးသွားတာငေးကြည့်နေတယ်
တိမ်တွေက သူမချစ်သူကိုသတိရစေတယ်လေ
သူ သူမကိုဘယ်လိုခွဲခွာသွားတယ်ဆိုတာကအစပေါ့
ကြာတော့တော်တော်ကြာခဲ့ပါပြီလေ
သူမက သူ့ရဲ့ပုံတူကိုစိတ်အမှတ်မဲ့ရေးဆွဲနေမိတာ
အကြိမ်ထောင်သောင်းမကရှိပါပြီလေ
သူ့အပြုံးလေးကိုပဲဖြစ်ဖြစ်ပေါ့
ဘာလို့လဲဆိုတော့ သူမရော၊သူမရဲ့ ကင်းဘတ်စရောက
သူဘယ်သွားသွားသူ့နောက်ကိုတစ်ကောက်ကောက်လိုက်နေခဲ့ဖူးတာပေါ့
အကြောင်းကလဲ သူတို့တွေက ပန်းချီဆရာတွေဆိုတော့
လှပတဲ့၊ချစ်စရာကောင်းတဲ့ ကမ္ဘာလေးကိုမင်းအတွက်ဆွဲပေးချင်လို့ပါ

ဆီဆေးနဲ့ဆွဲထားတဲ့ ဒေဆီပန်းတွေကတော့
ဧည့်ခန်းနံရံတွေမှာ အပြည့်နေရာယူလို့ပေါ့
သူမရဲ့ဆံနွယ်တွေကြားမှာတော့ သူကရေဆေးနှင်းဆီတွေဖြည့်ထားပေးလေရဲ့
သူကပြောတယ်
“အချစ်ရယ်၊ မင်းကိုကိုယ်သိပ်ချစ်ပါတယ်၊
မင်းကိုကိုယ်က ဟောဟိုက တောင်တန်းတွေ၊ နေခြည်တွေ၊
နေ၀င်တဲ့အလှအပတွေအားလုံးကိုပေးချင်တာပေါ့
ကိုယ့်အတွက် အရမ်းကိုလှပတဲ့မင်းအတွက်
မင်းလောက်နီးနီးလှတဲ့အရာတွေအားလုံး
ကိုယ်မင်းကိုပေးချင်ပါတယ်”
အကြောင်းကလဲ သူတို့တွေက ပန်းချီဆရာတွေဆိုတော့
လှပတဲ့၊ချစ်စရာကောင်းတဲ့ ကမ္ဘာလေးကိုသူတို့ကိုယ်တိုင်အတွက်လဲဆွဲပေးချင်လို့ပါ

သူတို့တွေအတူတူထိုင်ပြီးတော့ သူတို့ရဲ့အချစ်တွေကို ပန်းချီတွေဆွဲကြတယ်
သူတို့ ပန်းချီကားတွေဆွဲပြီးတော့အသက်မွေးကြတယ်
သူတို့ရဲ့လိုအင်တွေရယ်၊ လှပနွေးထွေးတဲ့အိမ်လေးရယ်
ချစ်စရာကောင်းတဲ့ ကလေးတွေရယ် ဖန်တီးခဲ့ကြတယ်
သူတို့တွေဟာ ဆောင်းဆိုရင်
နွေးထွေးမှု ယက်လုပ်သူတွေဖြစ်နေကြပြီးတော့
နွေဆိုရင်တော့ အချစ်တွေထုဆစ်တဲ့
လက်သမားတွေ ဖြစ်နေကြပြန်ရော
အကြောင်းကလဲ သူတို့တွေက ပန်းချီဆရာတွေဆိုတော့
လှပတဲ့၊ချစ်စရာကောင်းတဲ့ ကမ္ဘာလေးကိုမင်းအတွက်ဆွဲပေးချင်လို့ပါ

နောက်ဆုံးတစ်ရက်မှာတော့
ကောင်းကင်ပေါ်ကနေ ဆီတွေလို ပျစ်တဲ့ မိုးမည်းမည်းတွေရွာချလာပါရောတဲ့
သူမရဲ့နှလုံးသားထဲကနေသိလိုက်တာကတော့
တစ်ခုခုတော့မှားနေပြီဆိုတာပါပဲ
သူမတောအုပ်ထဲကနေအော်ရင်းပြေးလာတယ်
“ဘုရားသခင်၊ သူ့ကိုကျွန်မဆီကနေ ခေါ်မသွားပါနဲ့အုံး”

ဒါပေမယ့် သူမဟိုကိုမရောက်ခင်မှာပဲ သူသွားနှင့်မှာကိုလဲ
သူမရဲ့ စိတ်ထဲက စိုးရိမ်နေမိပါရဲ့
သူလဲလျောင်းနေတဲ့နေရာကိုရောက်သွားတော့
သူ့လက်ထဲမှာသူမအတွက် ရေဆေးနဲ့ရေးထားတဲ့နှင်းဆီတွေပေါ့
သူမကအားလုံးကိုလွှတ်ချလိုက်ပြီးဟစ်အော်ကာ
“လူဆိုးကြီးရေ
ရှင်ကျွန်မကိုထားမသွားပါနဲ့အုံး၊
ဘာမှမရှိတော့တဲ့ဒီကမ္ဘာကြီးမှာ အေးစက်စက်ပန်းချီကားတွေ၊
ဒီပုံတူတွေနဲ့ ရှင့်ကို သတိရနေအောင်
ကျွန်မကို နှိပ်စက်ပြီးမထားခဲ့ပါနဲ့”

သူက
“အချစ်ရယ်
ကိုယ်မင်းအတွက်နည်းနည်းလေးပဲထားခဲ့နိုင်တာ
ကျေးဇူးပြုပြီးတော့နားလည်ပေးပါနော်
တို့ရဲ့လက်လေးဘက်နဲ့ဆောက်တည်ထားခဲ့တဲ့
ဒီဘ၀ထဲမှာ ငါ့ဝိညဉ်ကိုမြုပ်နှံထားတာပါ
အချစ်ရယ်
ကိုယ်ထားခဲ့ပါတယ်
နည်းနည်းလေးပါ ဒါပေမယ့်
ဒီကမ္ဘာကြီးကကိုယ့်ကိုလက်ခံထားဆဲပါ
အခုအခါမှာကိုယ့် ခန္ဓာကတော့သေချင်သေသွားခဲ့မယ်
ဒါပေမယ့် ဒီပန်းချီကားတွေကတော့ အစစ်တွေပါ”

ဒီလိုနဲ့
ဥတုရာသီတွေကရောက်လာလိုက် ပြောင်းသွားလိုက်နဲ့
ပန်းပင်လေးတွေကိုရေလောင်းနေချိန်မှာ၊
သစ်ပင်တွေနဲ့စကားပြောနေချိန်တွေမှာ၊
သူ့ကလေးတွေကိုသီချင်းဆိုပြနေချိန်တွေမှာ
သူမကလဲသူ့မျက်နှာကိုအကြိမ်ကြိမ်မြင်ယောင်ရင်းပေါ့
ပြီးတော့ လေတွေတိုက်သွားတဲ့အခါတိုင်းလဲသူနားထောင်နေမယ်ဆိုတာ
သူမသေချာသိနေတယ်လေ
ပြီးတော့သူ ရယ်ပြုံးနေခဲ့တာတွေ
သူမ ငိုကြွေးချိန်တွေမှာ သူပွေ့ဖက်နှစ်သိမ့်ပေးခဲ့တာတွေ
အကြောင်းကလဲ သူတို့တွေက ပန်းချီဆရာတွေဆိုတော့
လှပတဲ့၊ချစ်စရာကောင်းတဲ့ ကမ္ဘာလေးကိုသူတို့ကိုယ်တိုင်အတွက်လဲဆွဲပေးချင်လို့ပါ

အသက် ၈၀ အရွယ်အမယ်အိုကြီးဟာ
အိမ်ရှေ့ကပြင်မှာထိုင်ရင်း
တိမ်တွေပျံပြေးသွားတာငေးကြည့်နေတယ်
တိမ်တွေက သူမချစ်သူကိုသတိရစေတယ်လေ
သူ သူမကိုဘယ်လိုခွဲခွာသွားတယ်ဆိုတာကအစပေါ့
ကြာတော့တော်တော်ကြာခဲ့ပါပြီလေ
သူမက သူ့ရဲ့ပုံတူကိုစိတ်အမှတ်မဲ့ရေးဆွဲနေမိတာ
အကြိမ်ထောင်သောင်းမကရှိပါပြီလေ
သူ့အပြုံးကိုပဲဖြစ်ဖြစ်ပေါ့
ဘာလို့လဲဆိုတော့ သူမရော၊သူမရဲ့ ကင်းဘတ်စရောက
သူဘယ်သွားသွားသူ့နောက်ကိုတစ်ကောက်ကောက်လိုက်နေခဲ့ဖူးတာပေါ့
အကြောင်းကလဲ သူတို့တွေက ပန်းချီဆရာတွေဆိုတော့
လှပတဲ့၊ချစ်စရာကောင်းတဲ့ ကမ္ဘာလေးကိုသူတို့ကိုယ်တိုင်အတွက်လဲဆွဲပေးချင်လို့ပါ

A Chen
4:46 pm
26th Feb 2009
Office
Bkk

2 comments:

  1. ဘယ်သီချင်းကို ခံစားထားတာလဲဟင်။
    ငါ မသိဘူး။

    ReplyDelete